အာဆီယံမော်တော်ယာဉ်စက်မှုကဏ္ဍ ကားအသစ်ရောင်းအား ၃ နှစ်အတွင်း ပထမဆုံးအကြိမ် မြင့်တက်


11 February, 2022

အာဆီယံ ကားသစ်ရောင်းအား ၃ နှစ်အတွင်း ပထမဆုံးအကြိမ် မြင့်တက်

အာဆီယံမှ အဓိက ကားဈေးကွက် ၆ ခု စုစုပေါင်း ရောင်းအားစီးရေ သည် ၂၀၂၁ တွင် ၃ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် မြင့်တက်ခဲ့ပါတယ်။
အင်ဒိုနီးရှားမှာ ရောင်းအားတက်ခဲ့တာရယ်၊ Covid-19 အသွားအလာ ကန့်သတ်တာတွေ ဒုတိယနှစ်ဝက်မှာ လျှော့ချခဲ့တာရယ်ကြောင့် ဖြစ်ပါတယ်။

အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် စင်ကာပူတို့တွင် ကားသစ်ရောင်းချမှုစီးရေ  ၂၀၂၁ နှစ်တွင် ကားအစီးရေ ၂.၇၉ သန်းရှိပြီး ၂၀၂၀ ထက် ၁၄% တိုးခဲ့ပါတယ်။

 အင်ဒိုနီးရှားတွင် ၆၇% ခုန်တက်သွားခဲ့ပါတယ်။
 
စုစုပေါင်းစီးရေကတော့ ၂၀၁၉ ထက် ၂၀% ခန့် လျော့နည်းပါတယ်။ ရောင်းအား ပြန်ကောင်းလာခဲ့ပေမဲ့ အရှိန်အဟုန် မရှိခဲ့တဲ့အပြင် ကားထုတ်လုပ်မှုမှာလည်း ချစ်ပ်တွေ အလုံအလောက် မရခဲ့လို့ ထုတ်လုပ်မှု လျှော့ချခဲ့ကြရပါတယ်။

ယခုနှစ်မှာ Omicron မျိုးကွဲ ကူးစက်မှု များလာတာကြောင့် ရောင်းအား အရှိန်အဟုန်ဖြင့် တက်လာဖို့ မဖြစ်နိုင်လောက်ဘူးလို့ ဈေးကွက်စောင့်ကြည့်သူများက သုံးသပ်ကြပါတယ်။


အင်ဒိုနီးရှား

အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် စင်ကာပူ နိုင်ငံ ၆ ခုအနက် ထိုင်းကို အင်ဒိုနီးရှားက ကျော်တက်ခဲ့ပြီး အကြီးမားဆုံး ဈေးကွက်အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ ပထမဆုံးအကြိမ် ကျော်တက်ခဲ့တာ ဖြစ်ပါတယ်။
အခွန်လျော့ပေါ့ပေးခဲ့လို့ ရောင်းအားတက်ခဲ့ပြီး စီးရေ ၈၈၇,၂၀၂ စီး ရောင်းချခဲ့ရပါတယ်။
အင်ဒိုနီးရှား ကားအသစ်ဈေးကွက်ရဲ့ ၃၀% ကို Toyota Motor ရရှိထားပါတယ်။ ဝေစု ဆက်ထိန်းထားနိုင်ဖို့ ၂၀၂၁ နိုဝင်ဘာလမှာ Avanza ဘက်စုံသုံးမော်တော်ယာဉ် ဗာရှင်းအသစ် စတင်ရောင်းချခဲ့ပါတယ်။
Daihatsu Motor က ဒုတိယနေရာမှာ ရှိနေပြီး Mitsubishi Motors က တတိယနေရာမှာ ရှိနေပါတယ်။
အခွန်လျော့ပေါ့ကာလက ၂၀၂၁ နှစ်ကုန်အထိသာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားအစိုးရက မော်ဒယ်အချို့ကို ၂၀၂၂ မတ်လအထိ တိုးမြှင့်သတ်မှတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက် မချခင်တုန်းက Association of Indonesian Automotive Industries က ၂၀၂၂ ကားအသစ် အရောင်း ၉၀၀,၀၀၀ စီး ဝန်းကျင်ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ကိုဗစ်ကပ်‌ေဘး မဖြစ်ခင် ၂၀၁၉ မှာ စီးရေ ၁.၃ သန်း ရောင်းချခဲ့တဲ့ ရေချိန်ကို ပြန်ရောက်ဖို့ဆိုတာ အစိုးရက အခွန်လျော့ပေါ့တဲ့ မက်လုံး ဖန်တီးပေးဖို့ လိုအပ်တယ်လို့ သုံးသပ်ကြပါတယ်။

 

ထိုင်း

ထိုင်းမှာ ကားအသစ် ရောင်းအားကျဆင်းနေတာ ၃ နှစ်ဆက်တိုက် ရှိပါပြီ။ ၂၀၂၁ မှာ ကားအသစ် ၇၅၉,၁၁၉ စီး ရောင်းချခဲ့ပြီး ၂၀၂၀ ထက် ၄% လျော့နည်းခဲ့ပါတယ်။
၂၀၂၁ ပထမနှစ်ဝက်မှာ အခြေအနေ အားရစရာ။ဖြစ်နေခဲ့ပြီး ဘန်ကောက်အပါအဝင် မြို့ကြီးတွေဇူလိုင်လမှာ လော့ဒေါင်းချလိုက်လို့ ကားအသစ်ရောင်းအား ကျဆင်းသွားခဲ့ပါတယ်။ ချစ်ပ်အမျိုးမျိုးနှင့် ယာဉ်အစိတ်အပိုင်း အမျိုးမျိုး အလုံအလောက် မရရှိတာကြောင့် ကားထုတ်လုပ်သူတို့ ထုတ်လုပ်မှု ယာယီရပ်ဆိုင်းထားရတာတွေလည်း ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာလည်း Toyota က ဈေးကွက်ကို ဦးဆောင်နေပါတယ်။ ၂၀၂၂ မှာ စီးရေ ၈၆၀,၀၀၀ ရောင်းရဖို့ ရည်မှန်းထားပါတယ်။ 
Toyota Motor Thailand အကြီးအကဲ Noriaki Yamashita က ထိုင်း မော်တော်ယာဉ် လုပ်ငန်းကဏ္ဍ ပုံမှန်ဆီသို့ တဖြည်းဖြည်း ရွေ့နေပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ Covid-19 အကျပ်အတည်းဂယက် ရှည်ကြာနေတဲ့ကြားမှာ ဝယ်ယူသူတို့ရဲ့ ဝယ်ယူနိုင်စွမ်း အားပျော့နေတယ်။ ၂၀၁၉ ရေချိန်ဖြစ်တဲ့ စီးရေ ၁ သန်း ရောင်းအားကို ၂၀၂၃ နောက်ပိုင်း မတိုင်ခင်မှာ ပြန်လည်ရောက်ရှိမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။


မလေးရှား

မလေးရှား ကားအသစ်ဈေးကွက် ကျုံ့ဝင်နေတာ ၂ နှစ်ရှိပါပြီ။ ၂၀၂၀ ထက် ၄% လျော့ကျခဲ့ပြီး စီးရေ ၅၀၈,၉၁၁ ရောင်းချခဲ့ပါတယ်။ အစိုးရက တစ်နိုင်ငံလုံးကို ဇွန်လမှာ လော့ဒေါင်းချလိုက်တဲ့အခါ ကားအသစ် ဝယ်ယူမှု လုံးဝနီးပါး ရပ်သွားပါတယ်။ ဈေးကွက်ဝေစု အများဆုံး ရရှိထားတဲ့ မလေးရှားကားကုမ္ပဏီ Perodua အနေဖြင့် ချစ်ပ်အမျိုးမျိုး အလုံအလောက်မရလို့ ထုတ်လုပ်မှု လျှော့ချခဲ့ရပြီး ရောင်းအား ၁၄% ကျဆင်းသွားခဲ့ပါတယ်။

၂၀၂၂ မှာ မလေးရှား ကားအသစ်ဈေးကွက် ရောင်းအားစီးရေ ၆၀၀,၀၀၀ ရောင်းရမယ်လို့ ခန့်မှန်းထားပါတယ်လို့ Malaysian Automotive Association က ဆိုပါတယ်။ စီးပွားရေး ပြန်နာလန်ထခြင်း၊ ကားအရောင်းအပေါ် စည်းကြပ်တဲ့ အခွန်များ လျော့ပေါ့ပေးထားခြင်းတို့ကြောင့် ရောင်းအားပြန်ကောင်းဖို့ မျှော်လင့်ထားကြပါတယ်။ 
ချစ်ပ် မလုံလောက်တဲ့ ပြဿနာ ၂၀၂၂ မှာ ဆက်လက်ဖြစ်ပွားနေဦးမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

 

ဗီယက်နမ်၊ ဖိလစ်ပိုင်

ဗီယက်နမ်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံစလုံးမှာ ၂ နှစ်တာအတွင်း ပထမဆုံးအကြိမ် ရောင်းအားတက်ခဲ့ပါတယ်။ ဗီယက်နမ်မှာ ၃% ၊ ဖိလစ်ပိုင်မှာ ၁၆% ရောင်းအားတက်ခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ ကားအသစ် စီးရေ ၃၀၀,၀၀၀ ၊ ဗိယက်နမ်မှာ ကားအသစ် စီးရေ ၂၈၀,၀၀၀ ရောင်းချခဲ့ပါတယ်။
၂၀၂၀ နှင့် ၂၀၂၁ တို့မှာ ဗီယက်နမ်က အရှေ့တောင်အာရှမှာ စတုတ္ထအကြီးမားဆုံး ကားအသစ်ဈေးကွက် ဖြစ်ခဲ့ပါတယ်။ ယခင်က ဖိလစ်ပိုင်က စတုတ္ထနေရာကို နှစ်ကာလရှည်ကြာ ရယူထားခဲ့ရာမှ ဗီယက်နမ်က ရယူထားလိုက်တာ ဖြစိပါတယ်။
 

 

 

မြန်မာ
Asean Automotive Federation မှ ထုတ်ပြန်သော အချက်အလက်များအရ မြန်မာနိုင်ငံတွင် ကားသစ်အရောင်းစီးရေ ၂၀၂၀ တွင် ၁၇,၇၀၇ စီး ရှိခဲ့ပြီး ၂၀၂၁ တွင် ၉,၃၅၀ စီး ရှိခဲ့ပါတယ်။ ၄၇.၂% လျော့ကျခဲ့ပါတယ်။
ကားအသစ် ထုတ်လုပ်မှုအနေဖြင့် ၂၀၂၀ တွင် ၁၀, ၇၅၃ စီး ထုတ်လုပ်ခဲ့ပြီး ၂၀၂၁ တွင် ၁,၉၅၆ စီး ထုတ်လုပ်ခဲ့ပါတယ်။ ၈၁.၈% လျော့ကျခဲ့ပါတယ်။ ၂၀၂၁ တွင် ကားအသစ်စီးရေ အများဆုံး ထုတ်လုပ်ခဲ့သည့်လမှာ ဇန်နဝါရီလ ဖြစ်ပြီး ၈၀၆ စီး ထုတ်လုပ်ခဲ့ပါတယ်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ၆၂၇ စီးထုတ်လုပ်ခဲ့ပြီး ဒုတိယအများဆုံး ကားအသစ်ထုတ်လုပ်တဲ့လ ဖြစ်ပါတယ်။

 

 

Industry Reviews Read 711 times