ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန် နိုင်ငံတစ်ဝန်း ကျေးရွာသုံးစက်သုံးဆီ အရောင်းဆိုင်များသို့ ပထမဆုံးအကြိမ် လိုင်စင်ခွင့်ပြုထုတ်ပေးဖို့ စီစဉ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မယ့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး မေလ ၁၈ ရက်က ပြုလုပ်တဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ညှိနှိုင်းဆွေးနွေးပွဲမှာ ဝန်ကြီးက ပြောကြားခြင်းဖြစ်ပါတယ်။
လက်ရှိ ကျေးလက်မှာ ရောင်းချနေတဲ့ စက်သုံးဆီအားလုံးက တရားမဝင်ဆိုင်များဖြစ်ပြီး တရားဝင်နည်းလမ်းအရ ထိန်းချုပ်နိုင်ရေး ခွင့်ပြုခြင်းဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။ အခွန်အခရရှိရေးနဲ့ ချက်ဆီရောနှောခြင်းကို ကာကွယ်တားဆီးရန် ဖြစ်တယ်လို့လည်း ၎င်းကဆိုပါတယ်။
‘‘ပြည်ထောင်စုရှေ့နေချုပ်ရုံးကို တင်ပြထားတယ်။ ခွင့်ပြုချက်ရတာနဲ့ ပြည်ထောင်စုဝန်ကြီးဌာနက ကြေညာမှာပါ’’ လို့ ၎င်းက ဆက်လက်ပြောပါတယ်။
ကျေးလက်စက်သုံးဆီဆိုင်များကို ဆီသိုလှောင်နိုင်တဲ့ ပမာဏသတ်မှတ်မှာဖြစ်ပြီး နယ်မြေအကျယ်အဝန်းအလိုက် ဂါလန် ၃၀၀၊ ဂါလန် ၅၀၀ နဲ့ ဂါလန် ၁,၀၀၀ စသည်တို့ ဖြစ်နိုင်တယ်လို့ ဝန်ကြီးကပြောပါတယ်။
ဒီလို စက်သုံးဆီဆိုင်များကို ခွင့်ပြုရာတွင် လျှပ်စစ်ဓာတ်အားပန့်များ၊ လက်လှည့်ပန့်များ အသုံးပြုခြင်းကို ခွင့်ပြုမှာဖြစ်ပြီး ဘတ်ထရီသုံးပန့်များကိုတော့ ခွင့်ပြုမှာမဟုတ်ဘူူးလို့ ဦးမြင့်ဇော်က ပြောပါတယ်။ စက်သုံးဆီဆိုင်များက မြေဧရိယာ အကျယ်အဝန်းအရ ဂါလန် ၁၆,၀၀၀ မှ ၆၄,၀၀၀ အထိ သိုလှောင်ခွင့်ရထားတယ်လို့ ဆိုပါတယ်။
တစ်နိုင်ငံလုံးတွင် စက်သုံးဆီအရောင်းဆိုင် ၂,၅၀၀ ခန့်ခွင့်ပြုထားပြီး မန္တလေးတိုင်း၌ ၆၂၂ ဆိုင်ဖြင့် အများဆုံးခွင့်ပြုထားပါတယ်။ ဒုတိယက ပဲခူးတိုင်းနဲ့ တတိယအများဆုံးက ဧရာဝတီတိုင်းဖြစ်ပါတယ်။
ဒါ့အပြင် ဒေသအတွင်းရှိ လက်ယက်တွင်းမှ ထွက်ရှိတဲ့ ရေနံစိမ်းများကို ဒေသအတွင်းမှာပင် စနစ်တကျချက်လုပ်နိုင်ရေး အသေးစား ရေနံချက်စက်ရုံများ တည်ဆောက်လုပ်ကိုင်ရန် ခွင့်ပြုရေးစီမံချက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။
7Day Daily