Apple ပစ္စည်းများ ထုတ်လုပ်သည့် တရုတ်လုပ်ငန်းအချို့  ဗီယက်နမ်သို့ ပြောင်းရွှေ့ လုပ်ကိုင်


17 June, 2022

Apple ပစ္စည်းများ ထုတ်လုပ်သည့် တရုတ်လုပ်ငန်းအချို့  ဗီယက်နမ်သို့ ပြောင်းရွှေ့ လုပ်ကိုင်

Apple ရဲ့ပစ္စည်းတွေကို ထုတ်လုပ်ပေးနေတဲ့ တရုတ်လုပ်ငန်း တချို့က ဗီယက်နမ်သို့ ပြောင်းရွှေ့လုပ်ကိုင်ကြပြီး ဗီယက်နမ် လုပ်သား ၁၆၀,၀၀၀ ထဲမှာ အရည်အချင်းပြည့်ဝသူတွေ ရရှိဖို့ လုနေကြတယ်လို့ Apple ရဲ့  iPhone တွေ အများဆုံး ထုတ်လုပ်ပေးနေတဲ့ Foxconn  ရဲ့ ဥက္ကဋ္ဌက ပြောကြားပါတယ်။

 ယခုအခါ ဗီယက်နမ်နိုင်ငံမှာ Apple ရဲ့ ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ၃၁ ခု ရှိနေပြီ ဖြစ်ပြီး အလုပ်သမားဦးရေ ၁၆၀,၀၀၀ ကို စီတန်း တပ်ဆင်တဲ့ စက်ရုံတွေမှာ အလုပ်ခန့်ထားပါတယ်။

Apple က တရုတ်ပြည် တစ်နိုင်ငံတည်းအပေါ် မှီခိုအားထားနေရတာကို မလိုလားလို့ အိန္ဒိယနှင့် ဗီယက်နမ်တို့မှာ လုပ်ကိုင်ဖို့ အားပေးတိုက်တွန်းနေပါတယ်။

၂၀၂၀ မှာ Apple က Foxcom ကို အရှေ့တောင်အာရှနိုင်ငံမှာ MacBooks နှင့် iPads ထုတ်လုပ်ဖို့ တောင်းဆိုခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။

 

Annotation_2022-06-17_081944.jpg

Foxconn ရဲ့ ဥက္ကဋ္ဌနှင့် စီအီးအို Young Liu 

 

Foxconn ရဲ့ ဥက္ကဋ္ဌနှင့် စီအီးအို Young Liu က သတင်းထောက်တွေကို ပြောကြားခဲ့တာမှာ ပြိုင်ဘက် တရုတ်လုပ်ငန်းတွေက Foxconn စက်ရုံ အနီးအနားမှာ စက်ရုံလာဆောက်ကြတယ်။ Foxconn မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားအချို့ကို သူတို့ရဲ့စက်ရုံမှာ လာလုပ်ဖို့ မက်လုံးတွေပေးပြီး စည်းရုံးသိမ်းသွင်းတာ သူ သတိပြုမိတယ်လို့ ပြောကြားပါတယ်။

"Foxconn က ဘယ်နားမှာ စက်ရုံဆောက်နေသလဲဆိုတာကို သူတို့က လိုက်စုံစမ်းကြတယ်။ နေရာသိပြီးရင် ကျွန်တော်တို့ စက်ရုံနှင့် ကပ်လျက်မြေကွက်ကို ဝယ်တယ်။ ကျွန်တော်တို့ဆီမှ အရည်အချင်းပြည့်ဝတဲ့ အလုပ်သမားတွေကို လစာပိုပေးပြီး လုယူတယ်" လို့ Mr Young Liu က သတင်းထောက်တွေကို ပြောပြပါတယ်။

Foxconn က Bac Ninh City မှာ အလုပ်သမားဦးရေ ၆၀,၀၀၀ ခန့်ထားတယ်။ လာမယ့် ၂ နှစ်အတွင်းမှာ နောက်ထပ်အများကြီး ထပ်တိုးပြီး ခန့်ထားဖို့ အစီအစဉ် ရှိတယ်လို့ Mr Young Liu က ပြောကြားပါတယ်။

Apple ရဲ့ပစ္စည်းများကုိ စီတန်းတပ်ဆင်ထုတ်လုပ်ပေးသည့် တရုတ်ကုမ္ပဏီ အနည်းဆုံး ၃ ခု တို့ ဗီယက်နမ်သို့ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

ယခု ဇွန်လထဲမှာ BYD က iPads တွေ ဗီယက်နမ်မှာ စတင်ထုတ်လုပ်ပါမယ်။

Luxshare ICT နှင့်  Goertek တို့က AirPods တွေ ဗီယက်နမ်မှာ ထုတ်လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ 

ဗီယက်နမ်မှာ ရှိပြီသား Apple ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီ ၃၁ ခုမှာ ထပ်တိုးလာတာ ဖြစ်ပါတယ်။ 

Global News Investment/Divestment Labour Affairs Read 321 times