အရှေ့တောင် အာရှ အထည်ချုပ်အချက်အချာ 


03 July, 2022

အရှေ့တောင် အာရှ အထည်ချုပ်အချက်အချာ 

တရုတ်နိုင်ငံက တင်းကျပ်သော ထိန်းချုပ်မှုအစီအမံများဖြင့် ပြီးခဲ့သော လအနည်းငယ်အတွင်း COVID-19 ကူးစက်မှုလှိုင်းကို တွန်းလှန်ခဲ့ရာမှာ လော့ဒေါင်း ကာလရှည်ကြာ တင်းတင်းကျပ်ကျပ် ချထားတာကြောင့်  စီးပွားရေးလုပ်ငန်းများ လုပ်ငန်းမလည်ပတ်နိုင်တဲ့အပေါ်  စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့ပြီး ကုန်ထုတ်လုပ်ငန်းများ တရုတ်ပြည်ကို စွန့်ခွာကြတာ ပိုများလာခဲ့ပါတယ်။

၂၀၂၁ အောက်တိုဘာလမှ ၂၀၂၂ မတ်လအထိ ကာလအတွင်း တရုတ်နိုင်ငံက အမေရိကန်ဈေးကွက်မှ အမှာစာများအတွက် အထည်အလိပ် ၅%  ပရိဘောဂ ၇%၊ စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်း ၂% လက်လွှတ်ဆုံးရှုံးခဲ့ပါတယ်။ တရုတ်နိုင်ငံထံမှ မှယူခြင်းအစား အာဆီယံနိုင်ငံများထံမှ အထူးသဖြင့် ဗီယက်နမ်ထံမှ မှာယူခဲ့ကြပါတယ်။
 
အမှာစာများ အရွေ့အပြောင်းအပြင် စက်ရုံများလည်း တရုတ်ပြည်မှာ လုပ်သားခ ကုန်ကျစရိတ် မြင့်တက်လို့ ‌အခြားနိုင်ငံများသို့ ရွှေ့ပြောင်းခဲ့တာ နှစ်အတန်ကြာကတည်းက ဖြစ်ပါတယ်။ အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများဟာ လုပ်သားအင်အားစု အလျှံပယ် ရှိနေပြီး ဈေးသက်သာတဲ့ အခြားရွေးချယ်စရာနေရာများ ဖြစ်ပါတယ်။ အခြားရွေးချယ်စရာ နိုင်ငံများထဲမှာ ဗီယက်နမ်နှင့် အိန္ဒိယတို့ဟာ ထိပ်ဆုံးမှာ ရှိနေပါတယ်။ 

"တရုတ်ပြည်ရဲ့ ပြည်ပပို့ကုန် ထုတ်လုပ်မှုများကို အစားထိုးဖို့ ဗီယက်နမ်က ရေပန်းအစားဆုံး ဖြစ်ပါတယ်။ ယခုအခါ ကမ္ဘောဒီးယားနှင့် မြန်မာတို့က လိုက်မီလာပါတယ်" လို့ ကမ္ဘာ့ကုန်သွယ်ရေးမှာ နှစ်ပေါင်း ၂၀ အတွေ့အကြုံရှိသူဖြစ်ပြီး အတွင်းကျကျ သိထားသူ Wang Huanan က ပြောကြားပါတယ်။

နေရာပြောင်းရွှေ့ကြရခြင်းမှာ ကုန်ကျစရိတ်သက်သာခြင်းနှင့် တရုတ်+အမေရိကန် ကုန်သွယ်ရေး စစ်ပွဲတို့ကြောင့် ဖြစ်ပါတယ်။
အခုလို ပြောင်းရွှေ့ကြတာဟာ အနိမ့်တန်း အတန်းအစား လုပ်ငန်းစဉ်တွေ အဓိကအားဖြင့် ရွှေ့ပြောင်းကြတာ ဖြစ်လို့ တရုတ်နိုင်ငံ ကုန်ထုတ်လုပ်မှုကဏ္ဍ အောက်ခြေအနိမ့်ပိုင်းကို ပွန်းပဲ့ရုံမျှသာ ဖြစ်ပါတယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။ 

ယခုလို တရုတ်ကုမ္ပဏီတွေက အနိမ့်တန်း အတန်းအစား ကုန်ထုတ်လုပ်ငန်းတွေကို ပြည်ပသို့ ပြောင်းရွှေ့နေကြတဲ့အတွက် တရုတ်ပြည်တွင်း ကုန်ထုတ်လုပ်ငန်းမှာ အနိမ့်တန်းတွေ လျော့နည်းသွားတာကြောင့် ပြည်တွင်းစက်မှုကဏ္ဍ အမြင့်တန်း အတန်းအစားသို့ အဆင့်မြှင့်တင်ပေးနေတာကို အထောက်အကူ ဖြစ်စေပါတယ်။ 
 
 Everbright Securities ရဲ့ သုတေသနပြုချက်အရ  အရှေ့တောင်အာရှနိုင်ငံများသို့ အထူးသဖြင့် ဗီယက်နမ်နိုင်ငံသို့  စက်ရုံအရွှေ့အပြောင်း ပြုကြတာ အထည်အလိပ်၊ ပရိဘောဂ၊ အနိမ့်တန်း အိမ်သုံးအီလက်ထရွန်းနစ်တို့ အများဆုံး ဖြစ်ပါတယ်။ တရုတ်ပြည်အစား ဗီယက်နမ်က အဝတ်အစားနှင့် ပရိဘောဂ ထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာတာ သိသာထင်ရှားပါတယ်။
 
 ကမ္ဘောဒီးယားနှင့် မြန်မာတို့မှ အာဏာပိုင်များက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် မူဝါဒ မက်လုံးများ ပေးဆောင်နေချိန်တွင် အခွန်လျှော့ချခြင်းနှင့် ကင်းလွတ်ခွင့်များ‌ပေးခြင်း အစရှိတဲ့ နည်းလမ်းစုံဖြင့် ကြိုးပမ်းပြိုင်ဆိုင်ကြပါတယ်။ 

မြန်မာနိုင်ငံမှာ ၂၀၂၁ ကတည်းက အခွန်ကင်းလွန်ခွင့်များ တသီတတန်းနှင့် ဦးစားပေးအခွင့်အရေးများကို ပြည်ပရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ပေးအပ်ပါတယ်။

ကမ္ဘောဒီးယားတွင် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့မှ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက သွင်းကုန်ခွန်နှင့် ပို့ကုန်ခွန် တစ်နှစ် ကင်းလွတ်ခွင့် ရရှိတဲ့အပြင် လုပ်ငန်းဝင်ငွေခွန်ကို  ၃ နှစ်မှ ငါးနှစ်အထိ အခွန်ကင်းလွတ်ခွင့်ရနိုင်ပါတယ်။
တကယ်လို့ ကုမ္ပဏီက အထူးစီးပွားရေးဇုန်ထဲမှာ လုပ်ငန်းထူထောင်တယ်ဆိုရင် အခွန်ကင်းလွတ်ခွင့် သက်တမ်းကို ၉ နှစ်အထိ သက်တမ်းတိုးနိုင်ပါတယ်။ 


ကမ္ဘောဒီးယား အကောက်ခွန်အာဏာပိုင်ရဲ့ အချက်အလက်များအရ ၂၀၂၂ ပထမ ၅ လ ကုန်သွယ်မှု စုစုပေါင်း ကန်ဒေါ်လာ ၂၂.၄၇ ဘီလီယံ ရှိခဲ့ပါတယ်။ ယမန်နှစ် ပထမ ၅ လထက် ၁၉.၇% ပိုများပါတယ်။ ပြည်ပပို့ကုန် စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၉.၄၁ ဘီလီယံ ရှိခဲ့ပါတယ်။ ယမန်နှစ် ပထမ ၅ လထက် ၃၄.၅% ပိုများပါတယ်။ ပို့ကုန်များမှာ ချုပ်ထည်များ၊ သားရေထည်များနှင့် ခြေစီးများက အများဆုံး ဖြစ်ပါတယ်။
အခြေခံ အားနည်းသော်လည်း ကမ္ဘောဒီးယား ပို့ကုန်တိုးတက်မှုသည် ယခုနှစ်တွင် ဗီယက်နမ်ထက် အရှိန်ပိုမြှင့်ပြီး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ 

အမေရိကန်က ကမ္ဘောဒီးယားရဲ့ အကြီးအားဆုံး ပို့ကုန်နိုင်ငံဖြစ်ပါတယ်။
ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ကမ္ဘောဒီးယားက အမေရိကန်သို့ ပို့ကုန်တန်ဖိုး စုစုပေါင်း ကန်ဒေါ်လာ ၃.၇၃ ဘီလီယံ တင်ပို့ခဲ့ပါတယ်။
ကမ္ဘောဒီးယားက တရုတ်နိုင်ငံမှ အများဆုံး တင်သွင်းပါတယ်။ ယခုနှစ် ဇန်နဝါရီလမှ မေလအထိ တရုတ်နိုင်ငံမှ ကန်ဒေါ်လာ ၄.၄၇ ဘီလီယံဖိုး တင်သွင်းခဲ့ပါတယ်။

 ၂၀၁၈ မတိုင်မီက ကမ္ဘောဒီးယားမှာ တရုတ်အထည်ချုပ်စက်ရုံ ၁၉၀ သာရှိခဲ့တယ်လို့  ကမ္ဘောဒီးယားရှိ တရုတ်အထည်အလိပ်နှင့်အထည်ချုပ်အသင်း China Textile & Garment Association ဥက္ကဋ္ဌ He Enjia က ပြောကြားပါတယ်။
"၂၀၂၉ မှာ  အသစ် ၄၀ ခန့် ထပ်တိုးခဲ့ပါတယ်။ ၂၀၂၁ မှာ အကြမ်းအားဖြင့် ၇၅ ခု ထပ်တိုးပါတယ်" လို့ ဥက္ကဋ္ဌက ပြောကြားပါတယ်။
ယခုနှစ်တွင် တရုတ်နိုင်ငံမှ ငွေကြေးထောက်ပံ့သည့် အထည်ချုပ်စက်ရုံသစ်များ တိုးများနှုန်း ကျဆင်းနေသော်လည်း ကမ္ဘောဒီးယားနိုင်ငံရဲ့  အထည်ချုပ်လုပ်ငန်း တိုးချဲ့မှုမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားပါတယ်။

ကမ္ဘောဒီးယား အထည်အလိပ်လုပ်ငန်းက ၂၀၁၈ ခုနှစ်မှာ  တရုတ်အထည်အလိပ်များအပေါ် 
အထူးစည်းကြပ်ခွန်များ ချမှတ်ခဲ့တဲ့ တရုတ်နှင့် အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့်  အကျိုးဖြစ်ထွန်းခဲ့ပါတယ်။
တရုတ်အထည်အလိပ်လုပ်ငန်းများက အထူးစည်းကြပ်ခွန်များကို ရှောင်ရှားရန် ကမ္ဘောဒီးယားသို့ ထုတ်လုပ်မှုများ ပြောင်းရွှေ့အ‌ခြေချခြင်းကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြပါတယ်။ 

 ကမ္ဘောဒီးယားက  ၂၀၂၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် နိုင်ငံရေးမငြိမ်မသက်မှုများနှင့် ဗီယက်နမ်တွင် ဆိုးရွားသော COVID အခြေအနေများကြောင့် တရုတ်နိုင်ငံမှ ထောက်ပံ့ထားသော အထည်ချုပ်နှင့် အထည်အလိပ်စက်ရုံများ ကမ္ဘောဒီးယားသို့ ထပ်မံရောက်ရှိလာခြင်းကို ကြုံတွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံဟာလည်း တရုတ်နိုင်ငံမှ အထည်ချုပ် စက်ရုံများ ပြောင်းရွှေ့ထုတ်လုပ်မှုအတွက် ရေပန်းစားသော နေရာတစ်ခု ဖြစ်ပါတယ်။ 
 မြန်မာနိုင်ငံရှိ တရုတ်အထည်အလိပ်နှင့် အထည်ချုပ်အသင်း Chinese Textile & Garment Association ဥက္ကဋ္ဌ Shi Kun က မြန်မာနိုင်ငံရှိ အထည်ချုပ် စက်ရုံများရဲ့  ၇၀ ရာခိုင်နှုန်းကို တရုတ်ငွေဖြင့် ဆောင်ရွက်ထားကြောင်း Caixin မီဒီယာအား ပြောကြားခဲ့ပါတယ်။ 
မြန်မာနိုင်ငံက အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဂျပန်တို့ထံမှ အကောက်ခွန်သက်သာခွင့် ရရှိထားတဲ့အတွက် တရုတ်လုပ်ငန်းများကို ဆွဲဆောင်မှု ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ  အထည်ချုပ်စက်ရုံ အရေအတွက် ၂၀၁၂ ခုနှစ်တွင် ၁၀၀ အောက်သာ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၅၀၀ ကျော်အထိ ဖြစ်လာတယ်လို့  Shi က ဆိုပါတယ်။
၂၀၁၈-၂၀၁၉ မှာ အထည်ချုပ်ကဏ္ဍ ပြည်ပပို့ကုန်တန်ဖိုး စုစုပေါင်း ကန်ဒေါ်လာ ၅ ဘီလီယံ‌ကျော်  ရှိခဲ့ပါတယ်။ 
လျင်မြန်စွာ ကြီးထွားနှုန်းက ၂၀၂၀ မှာ ကပ်ရောဂါကြောင့်လည်းကောင်း၊ ၂၀၂၁ မှာ အာဏာသိမ်းတာကြောင့်လည်းကောင်း အရှိန်သေသွားပါတယ်။ အထည်ချုပ်၊ ခရီးဆောင်သေတ္တာ၊ ခရီးဆောင်အိတ်၊ ဖိနပ်နှင့် ဦးထုပ်များအပါအဝင် လုပ်ငန်းစဉ်ကုန်သွယ်မှုကဏ္ဍတွင် ၂၁.၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
ဒါပေမဲ့  ၂၀၂၁  ခုနှစ် အောက်တိုဘာလ နောက်ပိုင်းတွင် ပြန်လည်ကောင်းမွန်လာမည့် လက္ခဏာများ ပေါ်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ အထည်ချုပ် ကုန်သွယ်မှု ပြန်လည် ကြီးထွားလာနေတယ်လို့ Mr Shi က ပြောကြားပါတယ်။

ကမ္ဘောဒီးယားနှင့် မြန်မာမှာ အထည်ချုပ် ထုတ်လုပ်မှု လျင်မြန်စွာ ကြီးထွားလာ‌ပေမဲ့ နှစ်နိုင်ငံစလုံးက ပြည်ပမှ တင်သွင်းတဲ့ ပစ္စည်းများဖြင့်သာ အဝတ်အစားများ ပြုလုပ်ကြပါတယ်။ 

“ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေက သူတို့ရဲ့ ကုန်ကြမ်း ၉၅ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေပြီး အဲဒီထဲက ၆၀ ရာခိုင်နှုန်းကျော်က တရုတ်နိုင်ငံက လာပါတယ်" လို့ Mr Shi က ပြောကြားပါတယ်။ 

နှိုင်းယှဉ်ကြည့်ရင်  ဗီယက်နမ်က ရက်လုပ်ခြင်း၊ ဆေးဆိုးခြင်း၊ ပုံနှိပ်ခြင်းနှင့် အထည်ချုပ်လုပ်ခြင်း အပါအဝင် ပိုမိုပြီးပြည့်စုံသော လုပ်ငန်းကွင်းဆက်တစ်ခုကို ထူထောင်ထားပါတယ်။ အထည်စများနှင့် သုံးစွဲတဲ့ပစ္စည်းများရဲ့ ၄၀% ကျော်ကို  ဗီယက်နမ်တွင် ပြည်တွင်း၌ ရရှိနေပြီဖြစ်ပါတယ်။ 
တရုတ်အထည်အလိပ်နှင့်အထည်ချုပ်လုပ်ငန်းသုံးဆက်စပ်ပစ္စည်းထုတ်လုပ်သူအချို့၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပြီး ရင်းနှီးမြုပ်နှံရန် စဉ်းစားခဲ့သော်လည်း ကပ်ရောဂါနှင့်နိုင်ငံရေးအန္တရာယ်များနှင့်ပတ်သက်၍ စိုးရိမ်မှုများကြောင့် အစီအစဉ်များ လက်လွှတ်လိုက်ကြကြောင်း Shi က ပြောကြားပါတယ်။

ကမ္ဘောဒီးယားတွင် ရေနှင့်လျှပ်စစ် ကုန်ကျစရိတ်ကြီးမြင့်မှုသည် ပစ္စည်းထုတ်လုပ်သူများကို ကမ္ဘောဒီးယားသို့  ရွှေ့ပြောင်းထုတ်လုပ်ခြင်းမပြုရန် ဟန့်တားနေတဲ့  အရေးကိစ္စ ဖြစ်နေပါတယ်။ 

ကမ္ဘောဒီးယားမှာ တစ် ကီလိုဝပ်-နာရီ ကို ကန်ဒေါ်လာ ၀.၁၄ ကျသင့်ပါတယ်။ ဗီယက်နမ်မှာ ၀.၀၇~၀.၀၈ မျှသာ ကျသင့်ပါတယ်။

လုပ်သားခ ကုန်ကျစရိတ်များကို ကြည့်ရင် ဗီယက်နမ်မှာ မြင့်တက်နေပါတယ်။ မြန်မာနှင့် ကမ္ဘောဒီးယားတို့မှာ သက်သာနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂ နိုင်ငံစလုံးမှာ မြင့်တက်လာနေပါတယ်။

“၂၀၁၂ မတိုင်ခင်က ကမ္ဘောဒီးယားရဲ့ အလုပ်သမားစရိတ်ဟာ ဗီယက်နမ်ထက် အများကြီး နိမ့်‌နေခဲ့ပါတယ်။ တစ်လကို အခြေခံလစာ ၆၁ ကန်ဒေါ်လာပဲ ရှိခဲ့ပါတယ်။ အခုဆိုရင် တစ်လကို ၁၉၄ ကန်ဒေါ်လာ ဖြစ်နေပါပြီ။ သုံးနှစ်အတွင်း သုံးဆလောက် တက်လာတယ်" လို့ Mr Shi က ပြောကြားပါတယ်။
#MyanmarIndustryGuide 
 Telegram Channel
https://t.me/Guid4U

Source: caixinglobal

Export, Import Industry Reviews Read 3579 times