အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများအပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများ အထောက်အကူဖြစ်စေရန် အသုံးပြုနိုင်သည့် ပြုပြင်ထားခြင်းမရှိသော စက်ပစ္စည်း (Used Machine) များကို ၂၀၁၉ ခုနှစ်တွင်လည်း ဆက်လက်တင်သွင်းခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ယင်းအသုံးပြုပြီးစက်ပစ္စည်းများကို ၂၀၁၅ ခုနှစ်မှစတင် တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး စက်ပစ္စည်းများ တင်သွင်းခြင်းကို ပင်လယ်ရေကြောင်းမှသာ ခွင့်ပြုမည်ဖြစ်ကာ ပြည်တွင်းတွင် အသုံးမတည့်သည့် စက်ပစ္စည်းများ စုပြုံနေခြင်းမဖြစ်ပေါ်စေရန်နှင့် ထုတ်လုပ်မှုစွမ်းရည်တိုးတက်စေရန်အတွက် အသုံးပြုပြီးသည့်ခုနှစ် ၁၀ နှစ်ထက်မပိုသည့် တိုက်ရိုက်အသုံးပြုနိုင်မည့် စက်ပစ္စည်းများကို သတ်မှတ်ချက်များနှင့်အညီ တင်သွင်းရမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
“အခုလိုသွင်းခွင့်ပေးတာ ကောင်းပါတယ်။ SME လုပ်ငန်းတွေအတွက် ရင်းနှီးငွေနည်းနည်းနဲ့ လုပ်ငန်းစတင်နိုင်တာပေါ့။ အသစ်ဆိုရင် ဈေးကမနည်းဘူးလေ။ မြေနေရာ၊ စက်ပစ္စည်း၊ အလုပ်သမားနဲ့ အထွေထွေစရိတ်ကမြင့်လွန်းတော့ စက်မှုကဏ္ဍက တိုးတက်မှုနှေးနေတာ” ဟု SME လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
တင်သွင်းမည့်စက်ပစ္စည်းများကို တင်သွင်းခွင့်လျှောက်ထားရာတွင် Brand Name၊ Capacity၊ ထုတ်လုပ်သည့်ခုနှစ်၊ ထုတ်လုပ်သည့်နိုင်ငံ၊ စက်သုံးစွဲသည့် စွမ်းအင်/ လောင်စာတို့ကို ဖော်ပြရမည်ဖြစ်ပြီး အသုံးပြုနိုင်သည့်စက်အရည်အသွေးသည် နည်းပညာ ၈ဝ ရာခိုင်နှုန်းထက်မနည်းသည့် အရည်အသွေး ရှိရမည်ဖြစ်ကာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
The Voice