တန်ဆာခ မြင့်တက်လာတဲ့ လေကြောင်းကုန်စည်ပို့ဆောင်ရေး


18 October, 2021

ရေကြောင်း ကွန်တိန်နာပို့ဆောင်ရေးမှာ ဈေးကြီးတာကတစ်ကြောင်း၊ နှောင့်နှေးကြန့်ကြာတကတစ်ကြောင်းတို့ကြောင့် အလျင်လိုတဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ လေကြောင်း ပို့ဆောင်ရေးကို သုံးစွဲကြတယ်။

ကုန်တင်လေယာဉ်တွေ ကုန်အပြည့် ဖြစ်ကုန်ကြပြီး တန်ဆာခတွေလည်း ဈေးတက်ကုန်တယ်။ လေယာဉ်ပေါ် ကုန်စည်အတွက် နေရာရဖို့ ခက်ခဲနေတာကို ကွန်တိန်နာသင်္ဘောတွေမှာ ကြုံရတဲ့အတိုင်း ရင်ဆိုင်နေကြရတယ်။

နိုင်ငံတကာခရီးစဉ်တွေ ပျံသန်းတဲ့ ခရီးသည်တင်လေယာဉ်တွေက ဝမ်းဗိုက်ကုန်ခန်းထဲမှာ ကုန်စည်တွေ ဆန့်သလောက် သယ်ဆောင်ပေးလို့ လေကြောင်းကုန်စည် အများစုကို ခရီးသည်တင်လေယာဉ်များဖြင့် ပို့ဆောင်နေကြတာဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ခရီးသည်လေယာဉ်‌တွေ မထွက်ရတော့တဲ့အခါ ခရီးသည်တင်လေယာဉ်များဖြင့် ကုန်စည်စီးတင်းမှု ရပ်တန့်သွားခဲ့တယ်။
ရေကြောင်းဖြင့် အဆင်မပြေလို့ လေကြောင်းဖြင့် ပို့ဆောင်ဖို့ ရွှေ့ပြောင်းလာတဲ့ ကုန်စည်တွေကလည်း များလာနေတယ်။
သယ်ပို့ပေးမယ့် ကုန်တင်လေယာဉ် အရေအတွက်က ကိုဗစ်အကြိုကာလတုန်းက အရေအတွက်အတိုင်း ဖြစ်နေတယ်။
အခြေအနေကို ပိုဆိုးသွားစေတာက လက်လီအရောင်း လုပ်ငန်းကြီးများ၊ ကုန်ထုတ်လုပ်ငန်း အကြီးစားများက ကုန်တင်လေယာဉ်တွေ စင်းလုံးငှားပြီး အသုံးပြုလိုက်ကြတာ ဖြစ်ပါတယ်။
ပေးနိုင်တာနဲ့ လိုနေတာ မမျှမတတွေ ဖြစ်ကုန်ပြီး အဓိကကျတဲ့ ကုန်သွယ်လေကြောင်း ခရီးစဉ်တွေ လေကြောင်းတန်ဆာခ ၅ ဆ တက်သွားတယ်။ လေ‌ကြောင်းသယ်ပို့ခ နှုန်းထားတွေ ဈေးဆက်တက်နေဆဲ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ကပ်ရောဂါ အစောပိုင်းကာလတုန်းက ဖြစ်ပေါ်ခဲ့တဲ့ လေကြောင်းသယ်ပို့ခ နှုန်းထားတွေနီးပါး ဖြစ်လာနေတယ်။ ထိုစဉ်က ကိုဗစ်အတွက် အရေးပေါ် လိုအပ်နေတဲ့ PPE , ventilator အပါအဝင် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ၊ ဆေးဝါးများကို လေကြောင်းဖြင့် အားချင်း သယ်ယူခဲ့ကြတဲ့အတွက် လေကြောင်းပို့ဆောင်ခတွေ ထိုးတက်သွားခဲ့ပြီး စံချိန်သစ်တွေ တင်ခဲ့တယ်။

 

ရေကြောင်းအစား လေကြောင်း ပြောင်းလဲသုံးစွဲ

အမေရိကန်နှင့် ဥရောပတို့မှ လက်လီအရောင်းလုပ်ငန်းကြီးတွေက သွင်းကုန်တွေကို လေယာဉ်စင်းလုံးငှားပြီး သယ်ယူတာကို ဇူလိုင်လကတည်းက စတင်ခဲ့ကြတာ ဖြစ်ပါတယ်။ ယခင်က တရုတ်နိုင်ငံမှ ထုတ်လုပ်တင်ပို့တဲ့ ရောင်းကုန်ပစ္စည်းတွေကို ပင်လယ်ရေကြောင်းဖြင့် သယ်ယူခဲ့ကြပေမဲ့ ကွန်တိန်နာခ၊ ကွန်တိန်နာပို့ဆောင်ခတွေ အဆမတန်မြင့်တက်ကုန်တဲ့အပြင် ယခင်ကထက် ရက်ပေါင်း ရှစ်ဆယ် ကိုးဆယ် ပိုကြာမြင့်နေလို့ လေကြောင်းပို့ဆောင်ရေးကို ပြောင်းလဲသုံးစွဲလာကြတာ ဖြစ်ပါတယ်။
ကုန်တင်လေယာဉ်တွေကိုသာမက ခရီးသည်တင်လေယာဉ်တွေ မပြေးဆွဲရလို့ ဝင်ငွေရပေါက်ရလမ်းအဖြစ် ယာယီအားဖြင့် ကုန်တင်လေယာဉ်အဖြစ် ပြေးဆွဲတဲ့ လေယာဉ်တွေကို ငှားရမ်း သုံးစွဲကြတယ်။ ကုန်တင်ရန်သာ ခရီးသည်တင်လေယာဉ် cargo-only passenger aircraft တွေဖြင့် ကုန်ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သယ်ယူကြတယ်။ အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်သူတွေအဖို့ လိုအပ်တဲ့ အစိတ်အပိုင်း သေးသေးငယ်ငယ်တွေကို လေယာဉ်ဖြင့် သယ်ယူကြတယ်။
အားကစားပစ္စည်း ထုတ်လုပ်ရောင်းချတဲ့ Nike က ဗီယက်နမ်နိုင်ငံမှာ Nike အတွက် ကုန်ချောထုတ်လုပ်ပေးတဲ့ စက်ရုံတွေ ကိုဗစ်ကြောင့် ယာယီပိတ်ထားရထား၊ ကိုဗစ်စည်းကမ်းများနဲ့အညီ လုပ်သားအနည်းငယ်ဖြင့် လုပ်ကိုင်ရတာတွေကြောင့် ထုတ်လုပ်မှုနှုန်း ထိုးကျသွားတယ်။ ရတတ်သမျှ ကုန်ချောတွေကို လေကြောင်းကုန်စည်အဖြစ် ပို့ဆောင်ပြီး ဈေးကွက်တွေထဲ ပစ္စည်းမပြတ်လပ်အောင် အလျဉ်မီ ရရှိအောင် ဆောင်ရွက်နေပါတယ်။

နယူးယောက်အခြေစိုက် Unique Logistics မှ အမှုဆောင်ဒါရိုက်တာ Marc Schlossberg က “ဗီယက်နမ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့မှ ကုန်ချော ရောင်းကုန်တွေ သယ်ယူဖို့ ကျွန်တော်တို့ လာမယ့် ရက်ပေါင်း ၆၀ အတွက် ကြိုတင်ပြင်ဆင်ခဲ့တယ်။ လေကြောင်းဖြင့် ကုန်ပစ္စည်း သယ်ယူမယ့် ခရီးစဉ် အသစ် ၁၀၀ ကျော်ကို အစီအစဉ်ချပြီး စီစဉ်ထားပြီးပါပြီ” လို့ ပြောပြပါတယ်။

ကုန်တင်လေယာဉ် ငှားရမ်းဖို့အတွက် ပွဲစားဖြင့်တစ်ဆင့် လုပ်ဆောင်ရတာ ရှိသလို ကုန်သယ်လေကြောင်းနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ငှားရမ်းရတာလည်း ရှိပါတယ်။ စင်းလုံးငှားရမ်းတဲ့အတွက် မိမိရဲ့ ကုန်စည်အတွက် လေယာဉ်ပေါ်မှာ နေရာမရမယ့်အရေး ပူပန်စရာ မလိုတော့ဘူး။ တကယ်လို့ နေရာပိုနေရင် တခြားကုန်စည်သယ်ယူလိုသူကို နေရာရောင်းချပေးတယ်လို့ သူက ရှင်းပြပါတယ်။

FedEx, UPS နဲ့ DHL တို့လို့ လောဂျစ္စတစ်လုပ်ငန်းကြီးတွေက ကုန်တင်လေကြောင်းလိုင်းများနှင့် စာချုပ်ချုပ်ဆို လုပ်ကိုင်ကြပါတယ်။ ၎င်းတို့အနေဖြင့် ပို့ဆောင်ပေးရတဲ့ ပါဆယ်မာဏ ပိုပိုများလာနေတဲ့အတွက် အပိုထပ်ရနိုင်တဲ့ ကုန်စည်သယ်ဖို့ နေရာတွေကိုလည်း ထပ်ယူကြပါတယ်။ Apple , Sony တို့လို နည်းပညာကုမ္ပဏီကြီးတွေကလည်း ထုတ်ကုန်သစ် စတင်ရောင်းချချိန်နီးမှ လက်လီအရောင်းဆိုင်တွေကို ထုတ်ကုန်သစ်တွေကို တင်ပို့ကြရတာ ဖြစ်လို့ အစောကတည်းက ရာချီတဲ့ လေကြောင်းကုန်စည်ပို့ဆောင်ရေး ခရီးစဉ်တွေကို ကြိုတင်စာချုပ် ချုပ်ဆိုထားကြပါတယ်။ ၎င်းတို့အနေဖြင့် ပမာဏများပြားတဲ့ ထုတ်ကုန်သစ်များကို ဈေးကွက်များ တည်ရှိရာ ကမ္ဘာတစ်လွှားသို့ လေကြောင်းဖြင့် ပို့ဆောင်ကြတယ်။
အခုလိုမျိုး ကြိုတင်စာချုပ်များဖြင့် ခရီးစဉ်အမြောက်အမြားကို စာချုပ် ချုပ်ဆိုထားပြီး ဖြစ်လို့ သာမန်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် (shipper) တစ်ဦးအဖို့ အခုအချိန်အခါမှာ ကုန်တင်လေယာဉ် ရရှိနိုင်ဖို့ ခဲယဉ်းပါတယ်။ ဈေးနှုန်းတွေသာ ရှိနေပြီး ငှားလို့ရမယ့် လေယာဉ်က ရှားပါးနေပါတယ်။

 

ကီလိုဈေးနှုန်းများ

Baltic Air Freight Index (BAI) မှ အချက်အလက်များအရ ၂၀၁၉ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းမှာ ကမ္ဘာတစ်လွှား လေကြောင်းကုန်စည်ပို့ဆောင်မှု တန်ဆာခနှုန်းထားတွေ‌ ပျမ်းမျှအားဖြင့် ၁၆၆% မြင့်တက်ခဲ့ပါတယ်။ အများဆုံး မြင့်တက်တဲ့ ခရီးစည်တွေက အာရှ-မြောက်အမေရိကနဲ့ အာရှ-ဥရောပ ခရီးစဉ်တွေ ဖြစ်ပါတယ်။
တစ်ကီလိုဂရမ် ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁၀ မှ ၁၅ အထိ ရှိပါတယ်။ နှစ်ပတ် မစောင့်ချင်ဘူး။ လေယာဉ်ပေါ် အမြန်ဆုံး ပါသွားစေချင်တယ်ဆိုရင် တစ်ကီလိုဂရမ် ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁၈ မှ ၂၀ အထိ ရှိပါတယ်။ အမေရိကန်ဒေါ်လာ ၂၂ အထိ သတ်မှတ်တာမျိုးလည်း ရှိနေပါတယ်။
၂၀၂၀ ဒုတိယ သုံးလပတ်အတွင်းမှာ ကိုဗစ်ကြောင့် PPE တစ်ကိုယ်ရေ ကာကွယ်ရေး ဝတ်စုံတွေ အားချင်း တင်သွင်းခဲ့ကြစဉ်က တရုတ်မှ မြောက်အမေရိကခရီးစဉ်အတွက် လေကြောင်းတန်ဆာခ တစ်ကီလိုဂရမ် ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂၀ နီးပါးအထိ မြင့်တက်ခဲ့ပါတယ်။


ချာတာ စင်းလုံးငှား

ကီလိုဈေးနှုန်း မြင့်တက်ခြင်းသာမက စင်းလုံးငှား ဈေးနှုန်းများလည်း မြင့်တက်ပါတယ်။ 747 Boeing ကုန်တင်လေယာဉ်အတွက် တရုတ်မှ အမေရိကန် ရှီကာဂိုမြို့ ခရီးစဉ် တစ်ကြောင်းကို အမေရိကန်ဒေါ်လာ ၁.၅ သန်းမှ ၂ သန်း အထိ ပေးကြရတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အမေရိကန်ဒေါ်လာ ၅ သန်း သာ ပေးရပါတယ်။
ဗီယက်နမ်မှာ ကုန်ချောရောင်းကုန်များကို အမေရိကန်သို့ လေကြောင်းဖြင့် သယ်ယူကြတဲ့အခါ ချာတာတစ်ကြောင်းကို အမေရိကန်ဒေါ်လာ ၂.၅ သန်းမှ ၃ သန်း အထိ ပေးကြရတယ်။ ကီလိုအရ တွက်ချက်ကြည့်ရင် တစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၂၅ မျ ၃၀ အထိ ကုန်ကျပါတယ်။

Export, Import Read 1448 times