စစ်ကိုင်းတိုင်းဒေသကြီးသည် စိုက်ပျိုးရေးအားကောင်းသော ဒေသကြီးဖြစ်ပြီး စုစုပေါင်း အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးကျပ် ရ၃၂၅ ဘီလီယံရှိသည့်အနက် လယ်ယာစိုက်ပျိုးရေးကဏ္ဍပါဝင်မှုသည်၃၈ ဒသမ ၆၇ ရာခိုင်နှုန်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ ပြောကြားကြောင်းသိရပါသည်။
နိုဝင်ဘာလ ၁၁ရက်တွင် မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပသော စီမံကိ်န်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ စီမံကိန်း(JICA Two Step ) ချေးငွေဖြင့် ဝယ်ယူသည့် စက်ကိရိယာများကို တောင်သူလယ်သမားများသို့ ပေးအပ်သည့် အခမ်းအနားတွင် ထည့်သွင်းပြောကြားခြင်းဖြစ်ကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်း၏ ကျေးလက်နေလူဦးရေသည် ရ၀ ရာခိုင်နှုန်းကျော် ရှိသည့်အတွက် လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်နေခြင်းကို တွေ့ရပါသည်။
ထိုသို့လုပ်ကိုင်ရာတွင် လယ်သုံးစက်ကိရိယာဖြင့်လုပ်ကိုင်ခြင်း နည်းပါးနေပြီး မိရိုးဖလာလှည်းနှင့် နွားကိုသာ အဓိကထား လုပ်ကိုင်နေကြသည်ကို တွေ့ရပါသည်။
နိုင်ငံတော်အနေဖြင့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ရောက်ရန် မူဝါဒများ ချမှတ်ပြီး ကျေးလက်နေသော တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှကူညီပေးနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ ပြောကြားကြောင်းသိရပါသည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် ဂျပန်ချေးငွေအထောက်အပံ့ဖြင့် လယ်ယာသုံး စက်ကိရိယာများကို ကျေးလက်နေတောင်သူများသို့ ထုတ်ချေးပေးနိုင်ရန်အတွက် သင့်လျော်သည့်ငွေချေးစည်းကမ်းချက်များ သတ်မှတ်ပြီး မြို့နယ်၊ ခရိုင်ချေးငွေ ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး ချေးငွေကြီးကြပ်ရေးကော်မတီနှင့် ဗဟိုအဆင့် ဦးဆောင်ရေးကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီးဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် လက်ရှိဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၆၅၀၀၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကျပ်သန်း ရ၅၀၀၊ ၂၀၂၉-၂၀၂၀ ခုနှစ်တွင် ကျပ်သန်း ၂၀၀၀ စသည်တို့ကို လျာထားခြင်းဖြစ်ကြောင်း သိရပါသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်တို့မှတောင်သူခြောက်ဦးကို ပေးအပ်သည့် စက်ကိရိယာတန်ဖိုးသည် ငွေကျပ် ၂၃၈ ဒသမ ၁၀ သန်းဖြစ်ကြောင်း သိရပါသည်။
တောင်သူများသို့ စက်ကိရိယာပေးအပ်ပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးက နှစ်ဆင့်ချေးငွေစီမံကိန်းအကြောင်း ရှင်းပြပါသည်။
ထိုနောက် JICA Myanmar Officer Senior Representative ဖြစ်သူက ပူးပေါင်းဆောင်ရွက်မှုအပေါ် ဝမ်းသာအားရစကားကို ပြောကြားပြီး JICA ချေးငွေဖြင့် ဝယ်ယူသည့် စက်ကိရိယာများကိုတောင်သူခြောက်ဦးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာတို့က ပေးအပ်ပါသည်။
လယ်ယာသုံးစက်ကိရိယာများ လက်ခံသော တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချမှသာလျှင် မိသားစုဝင်ငွေတိုးလာမည်ဖြစ်ကြောင်း၊ ဘဏ်မှ သတ်မှတ်ထားသောငါးနှစ်တာကာလအတွင်း ချေးငွေကို အရစ်ကျ ပြန်လည်ပေးချေရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် ကျန်သော တောင်သူများအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းဘောင်အတွင်းဝင်ပါက နိုင်ငံတော်မှ အချိန်ကာလတစ်ခုအတွင်း ဆောင်ရွက်ပေးလာသော အခွင့်အရေးကို လက်လွှတ်မခံဘဲမိသားစုဝင်ငွေတိုးတက်ရေးမှ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးမှ ပြောကြားကြောင်းသိရပါသည်။
နှစ်ဆင့်ငွေချေးခြင်း စီမံကိန်းကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ စတင်ကာ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ငါးခုတွင် စတင်အကောင်အထည်ဖော်ခဲ့ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးသည် စတုတ္ထပြုလုပ်သော တိုင်းဒေသကြီးဖြစ်ကြောင်း သိရပါသည်။
Source:Myanmar alin