ဆွီဒင်နိုင်ငံ၏ စီးပွားရေး သမိုင်းအကြောင်း


03 November, 2020

ဆွီဒင်နိုင်ငံဟာ ဥရောပမြောက်ပိုင်းရှိ စကင်ဒီနေးဗီးယန်းနိုင်ငံ တနိုင်ငံဖြစ်ပြီး နိုင်ငံရဲ့တရားဝင်အမည်မှာ ဆွီဒင်ဘုရင့်နိုင်ငံဖြစ်ပါတယ်။ အနောက်ဘက် နဲ့ မြောက်ဘက်မှာ နော်ဝေနိုင်ငံ ၊ အရှေ့ဘက်မှာ ဖင်လန်နိုင်ငံ တို့နဲ့ နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိပြီး အနောက်တောင်ဘက်မှာရှိတဲ့ ဒိန်းမတ်နိုင်ငံကိုတော့ အိုရီဆန်ရေလက်ကြားမှတဆင့် ရေအောက်ဥမင်တံတားဖြင့် ဆက်သွယ်ထားပါတယ်။ ဆွီဒင်နိုင်ငံရဲ့ အကျယ်အဝန်းက စတုရန်းမိုင် ၁၇၃,၈၆၀ ရှိပြီး ကမ္ဘာမှာတော့ ၅၅ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ ရုံးသုံးဘာသာစကားကတော့ ဆွီဒင်ဘာသာ စကားဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်စာရင်းအရ ဆွီဒင်နိုင်ငံရဲ့ လူဦးရေဟာ ၁၀,၃၆၇,၂၃၂ ဦးရှိပြီး ကမ္ဘာပေါ်မှာတော့ ၈၉ ခုမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပါတယ်။ ဆွီဒင်လူမျိုး Swedes များ အများဆုံးနေထိုင်ကြသော်လည်း လူဦးရေ၏ ၂၀% ခန့်မှာ အခြားနိုင်ငံမှ ပြောင်းရွှေ့လာကြသူများ ဖြစ်ကြပါတယ်။ ပြောင်းရွှေ့နေထိုင်ကြသူတွေထဲမှာ ဆီးရီးယား ၊ အီရတ် နဲ့ ဖင်လန် နိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။ ကိုးကွယ်ယုံကြည်မှု အနေနဲ့ကတော့ ၆၇%ခန့်က ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး အစ္စလာမ် ၅% ၊ ဘာသာမဲ့ ၂၇% နဲ့ အခြားဘာသာကိုးကွယ်သူ အနည်းငယ် နေထိုင်ကြပါတယ်။

 

ဆွီဒင်နိုင်ငံကို ကောင်စီနယ်မြေ ၂၁ ခု ခွဲကာအုပ်ချုပ်ပြီး အကြီးဆုံး နဲ့ မြို့တော်ကတော့ စတော့ဟုမ်းမြို့ဖြစ်ပါတယ်။ ၁၃ရာစု ကာလကတည်းက တည်ထောင်ခဲ့တဲ့မြို့ဖြစ်ပြီး ဒေသတခုလုံးမှာတော့ နေထိုင်သူ ၂.၃သန်းကျော် ရှိပါတယ်။ ယဉ်ကျေးမှု ၊ စီးပွားရေး နဲ့ နိုင်ငံရေးမြို့တော်ဖြစ်ပြီး နိုင်ငံ ဂျီဒီပီရဲ့ ၃ပုံ၁ပုံကို စတော့ဟုမ်းကနေ ရရှိနေတာဖြစ်ပါတယ်။ နှစ်စဉ် နိုဘယ်ဆုချီးမြှင့်ပွဲတွေ လက်ခံကျင်းပနေတဲ့မြို့ဖြစ်ကာ ကဏ္ဍပေါင်းစုံ ကမ္ဘာ့မြို့ကြီးများစာရင်းမှာ ထိပ်ပိုင်းက ရပ်တည်နေတဲ့မြို့ဖြစ်ပါတယ်။ ဆွီဒင်ရဲ့ အခြားထင်ရှားတဲ့မြို့တွေကတော့ Gothenburg ၊ Malmö နဲ့ Uppsala မြို့တွေဖြစ်ပါတယ်။

 

စီးပွားရေး

၁၉ ရာစု အစောပိုင်းအထိ ဆွီဒင်နိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်ခဲ့ပေမယ့် ၁၉ရာစု အလယ်ပိုင်းကစလို့ ဘဏ်လုပ်ငန်း ၊ စက်မှုလုပ်ငန်း စတဲ့ ခေတ်သစ်စီးပွားရေး လုပ်ငန်းတွေကို ချဲ့ထွင်လုပ်ကိုင် လာခဲ့ပါတယ်။ ကမ္ဘာစစ်တွေမှာ ကြားနေအဖြစ် ရပ်တည်ခဲ့တာကြောင့် စီပွားရေး နဲ့ အခြေခံ အဆောက်အအုံဆုံးရှုံးမှုရှိတာကြောင့် ဆွီဒင်ရဲ့စီးပွားရေးဟာ တဖြည်းဖြည်းတိုးတက်ခဲ့ပါတယ်။

 

၁၉၉၀ ဝန်းကျင်မှာတော့ အဆိုးဆုံး စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် နောက်ပိုင်းနှစ်တွေမှာ ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ဆွီဒင်ရဲ့ စီးပွားရေး တဖြည်းဖြည်းတိုးတက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဥရောပရဲ့ အချမ်းသာဆုံး ထိပ်တန်းနိုင်ငံတခု ဖြစ်လာခဲ့ပါပြီ။

 

ဆွီဒင်နိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေကတော့ သံ နဲ့ သံမဏိထုတ်လုပ်ရေး ၊ ရေဒီယို ၊ တယ်လီဖုန်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း ၊ စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ခြင်း ၊ စက္ကူ နှင့် ပျော့ဖတ် ၊ ဆေးဝါးပစ္စည်း ၊ ဓာတုပစ္စည်း ၊ သစ်တောထွက်ကုန် ၊ အစားအစာ နဲ့ မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်ကြပါတယ်။ ၂၀၂၀ ခုနှစ် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းရဲ့ စာရင်းအရ ဆွီဒင်နိုင်ငံသား တယောက်ရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၅၀,၃၃၉ ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာတော့ နံပါတ် ၁၂ ဖြစ်ပါတယ်။ ငွေကြေးစနစ် အနေနဲ့ကတော့ ဆွီဒင်ခရိုနာ ကိုသုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ ၈.၇၅SEK နဲ့ ညီမျှပါတယ်။

 

ဆွီဒင်နိုင်ငံရဲ့ စိတ်ဝင်စားဖွယ် အချက်များ

ဆွီဒင်လူမျိုးတွေဟာ သုံးစွဲပြီး ပစ္စည်းတိုင်းကို အမှိုက်အဖြစ် စွန့်ပစ်ခြင်း မရှိပဲ recycle လုပ်ကာ ပြန်လည်သုံးစွဲလေ့ရှိကြပါတယ်။ ဒါကြောင့်လည်း ဆွီဒင်နိုင်ငံ နှစ်စဉ်အမှိုက်စုစုပေါင်းရဲ့ ၁% သာ အမှိုက်ကျင်းတွေဆီကို ရောက်သွားပြီး ၅၀% ကိုတော့ recycle လုပ်ပြီး ပြန်လည်သုံးစွဲကာ ၄၉% ကိုတော့ စွမ်းအင်ထုတ်လုပ်ရေးမှာ သုံးစွဲနိုင်ခြင်း ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ယူကေ နဲ့ နော်ဝေတို့က အမှိုက်တွေကိုတောင် တင်သွင်းပြီး အသုံးချကြသေးတယ်လို့ သိရပါတယ်။

 

ဆွီဒင်နိုင်ငံ Jukkasjärvi ရွာမှာရှိတဲ့ ရေခဲဟိုတယ်ဟာ ထင်ရှားပါတယ်။ ဒီဟိုတယ်ဟာ ဆွီဒင်နိုင်ငံမြောက်ပိုင်း Kiruna မြို့ကနေ ၁၁ မိုင်ခန့် အကွာမှာ တည်ရှိနေတာပါ။ ဒီရေခဲဟိုတယ်ကို ၁၉၉၀ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရေခဲတုံးတွေ ၊ နှင်းခဲတွေကို အသုံးပြုကာ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ပြန်လည်တည်ဆောက်လေ့ရှိပြီး အနုပညာရှင်တွေက ဟိုတယ်အတွင်းမှာ ရေခဲ အနုပညာပေါင်းစုံနဲ့ ခြယ်သ အလှဆင်လေ့ရှိကြပါတယ်။ ဒီဟိုတယ်ကို လူပေါင်း ၁သန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး ဖြစ်ပါတယ်။

 

ဆွီဒင်နိုင်ငံမှာ ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နေရာ ၁၅ ခုတောင် ရှိပါတယ်။ ဒီအထဲက တခုကတော့ Drottningholm နန်းတော်ဖြစ်ပါတယ်။ ၁၆ ရာစုက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၈ ရာစု ဆွီဒင်ဘုရင်တွေ နဲ့ တော်ဝင်မိသားစုတွေ နေထိုင်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ ၁၆၈၁ ခုနှစ်က တည်ဆောက်ခဲ့တဲ့ Engelsberg Ironworks ကတော့ ခေတ်သစ် သံထည်လုပ်ငန်းတွေကို တိုးတက်ထွန်းကားစေတဲ့ အရေးကြီးနေရာတွေထဲက တခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

 

ဆွီဒင်နိုင်ငံ Tanum ဒေသက ၁၂၆ ဧက ကျယ်ဝန်းတဲ့ ကျောက်သားပြင် ဧရိယာမှာတော့ ကျောက်ပေါ်မှာ ရေးခြစ်ထားတဲ့ အရုပ်ကြီးပေါင်း ထောင်ချီရှိနေပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ နဲ့ အထက်က လူသားတို့ ရေးထိုးခဲ့တဲ့ လက်ရာလို့ ခန့်မှန်းကြပါတယ်။ လူ နဲ့ အခြားအရာဝထ္ထုတွေ ၊ အဲဒီခေတ်က လူတွေရဲ့ နေ့စဉ်ဘဝတွေကို ဖော်ပြထားတဲ့ ဒီအရုပ်တွေဟာ ယူနက်စကို အမွေအနှစ် တခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

 

သစ်သားမြေသင်္ချိုင်းလို့ အဓိပ္ပါယ်ရတဲ့ Skogskyrkogården ဟာလည်း ဆွီဒင်ရဲ့ ထင်ရှားတဲ့နေရာတခုဖြစ်ပါတယ်။ ထင်းရှုးပင်ပေါင်းများစွာကို စီတန်းစိုက်ပျိုးထားတဲ့အပြင် အဆောက်အအုံတွေပါ တည်ဆောက်ထားပါတယ်။ ဆွီဒင်ဗိသုကာ ပညာရှင်နှစ်ယောက်ဖြစ်တဲ့ Gunnar Asplund နဲ့ Sigurd Lewerentz တို့က ပူးပေါင်းတည်ဆောက်ခဲ့ကြခြင်းဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး လှပစွာ တည်ဆောက်ထားတာကြောင့် ခရီးသွားတွေ တကူးတက လာရောက်ကြတဲ့ နေရာလည်းဖြစ်ပါတယ်။

 

ဆွီဒင်ရဲ့ အကြီးဆုံးကျွန်းဖြစ်တဲ့ Gotland ကျွန်းမှာရှိတဲ့ Visby မြို့ဟာဆိုရင်လည်း အလယ်ခေတ်ဗိသုကာတွေကို ယနေ့ထိတိုင် ထိမ်းသိမ်းထားနိုင်တာကြောင့် အလယ်ခေတ်မြို့လို့တောင် တင်စားခေါ်ဝေါ်ခံရပါတယ်။ ဒီမြို့ဟာလည်း အလယ်ခေတ် စတိုင် အဆောက်အအုံတွေနဲ့အတူ အလယ်ခေတ်ကာလကို ပြန်ရောက်သွားသလို ဖြစ်စေတာကြောင့် ခရီးသွားအလာများတဲ့ နေရာတခုဖြစ်သလို ယူနက်စကို စာရင်းဝင် အမွေအနှစ် တခုအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

 

Lule မြစ်ကမ်းနဘေး ၁၅ ရာစုလက်ရာ Nederluleå ဘုရားကျောင်းနဲ့အတူ သစ်သားအိမ်ပေါင်း ၄၀၀ ကျော်ရှိနေတဲ့ Gammelstad ဘုရားကျောင်းမြို့ဟာလည်း ထင်ရှားတဲ့နေရာတခုဖြစ်ပါတယ်။ Karlskrona ကတော့ ၁၇ ရာစုက နိုင်ငံရေတပ်ရဲ့ ပင်မ အခြေစိုက်စခန်းဖြစ်ခဲ့ပြီး ခံတပ်အဆောက်အအုံပေါင်းများစွာဟာ ဒီမြို့မှာ တည်ရှိနေပါတယ်။ သဘာ၀ ပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ Laponian Area ၊ Southern Öland ၊ High Coast / Kvarken Archipelago ၊ ဖာလွန် ကြေးနီတောင် စတာတွေဟာလည်း ယူနက်စကို အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရပါတယ်။

 

ဆွီဒင်ဟာ မြောက်ကိုရီးယားအပေါ်မှာ ဆွီဒင်ခရိုနာငွေ ၂.၂ဘီလျံ အကြွေးရှိပါတယ်။ အကြောင်းကတော့ ၁၉၇၄ ခုနှစ်မှာ မြောက်ကိုရီးယားဟာ ဆွီဒင်ကနေ Volvo ကားစီးရေ ၁၀၀၀ တင်သွင်းခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော်တဲ့ တိုင်အောင် ပေးချေရမယ့် ငွေကို မပေးခဲ့လို့ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ဝန်းကျင်အထိ ဒီ Volvo ကားတွေကို မြောက်ကိုရီးယားနေရာ အနှံ့မှာ မြင်တွေ့ခဲ့ရတုန်း လို့ သိရပါတယ်။

 

ဆွီဒင်နိုင်ငံရဲ့ ပတ်စ်ပို့ဟာ ကမ္ဘာ့ထိပ်တန်း ပတ်စ်ပို့တခုအဖြစ် သတ်မှတ်ခံထားရပြီး ဒီပတ်စ်ပို့ကိုင်ဆောင်ထားသူတွေဟာ ကမ္ဘာ့နိုင်ငံ နဲ့ နယ်မြေပေါင်း ၁၈၆ ခုကို ဗီဇာမလိုပဲ သွားနိုင်ကြပါတယ်။ဆွီဒင်နိုင်ငံရဲ့ သစ်တောနယ်မြေတွေထဲမှာ ခန္ဓာကိုယ်အလျား ၆ပေကျော် ရှိတဲ့ moose သမင်ကြီးတွေဟာ ကောင်ရေ ၃သိန်း နဲ့ ၄သိန်းကြား ကျက်စားနေထိုင်လျက်ရှိပါတယ်။

 

ဆွီဒင်နိုင်ငံဟာ ဥရောပမှာတော့ ၅ ခုမြောက် ဧရိယာ အကြီးဆုံးတိုင်းပြည်ဖြစ်ပါတယ်။ သူ့ရဲ့ရှေ့မှာတော့ ရုရှား ၊ ယူကရိန်း ၊ ပြင်သစ် နဲ့ စပိန် တို့ ရှိနေပါတယ်။ ကမ္ဘာ့ဂီတသမိုင်းမှာ ထင်ရှားခဲ့တဲ့ ABBA ဂီတအဖွဲ့ဟာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းကနေ ဖြစ်ပေါ်လာခဲ့တာပါ။ ပါဝင်သူလေးဦးရဲ့ ရှေ့စာလုံးတွေကို ပေါင်းကာနာမည်ပေးထားတဲ့ဒီအဖွဲ့ဟာ ၁၉၇၀ နဲ့ ၈၀ တဝိုက်မှာ ကမ္ဘာ့အအောင်မြင်ဆုံးအဖွဲ့တဖွဲ့ဖြစ်ခဲ့ပါတယ်။

 

ကလေးတွေကို ရိုက်မောင်း ပုတ်မောင်းလုပ်တာကို တားမြစ်တဲ့ ဥပဒေကို ဆွီဒင်နိုင်ငံက အစောဆုံးပြဌာန်းခဲ့တာဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်ကတည်းက တားမြစ်ခဲ့တာဖြစ်ပြီး ယခုအခါမှာ နိုင်ငံပေါင်း ၃၅ နိုင်ငံမှာလည်း ဒီဥပဒေကို ပြဌာန်းထားပါတယ်။ ဆွီဒင်နိုင်ငံမှာ ကမ္ဘာကျော် စက်မှု နဲ့ နည်းပညာကုမ္ပဏီတွေ အများကြီးရှိပါတယ်။ ထင်ရှားတဲ့ ကုမ္ပဏီတွေကတော့ Ericsson, Volvo, Saab, Scania trucks, IKEA နဲ့ Electrolux တို့ ဖြစ်ပါတယ်။

 

ဆွီဒင်မင်းဆက်ဟာ ကမ္ဘာ့ သက်တမ်းအရှည်ကြာဆုံး မင်းဆက်တွေထဲက တခုဖြစ်ပါတယ်။ ပထမဆုံးဘုရင်ဟာ အေဒီ ၉၇၀ ခုနှစ်ကတည်းက ဖြစ်တာကြောင့် ယခုဆိုရင် ဆွီဒင်မင်းဆက်ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၁၁၀၀ နီးပါး ရှိသွားပြီဖြစ်ပါတယ်။

 

ရေခဲပြင် ဟော်ကီ နဲ့ ဘောလုံးတို့ ဟာ ဆွီဒင်ရဲ့ အဓိက အားကစားတွေဖြစ်ပါတယ်။ ဆွီဒင်အမျိုးသားဘောလုံးအသင်းကိုတော့ ၁၉၀၄ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဆွီဒင်ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၂ကြိမ်ပါဝင်ခဲ့ရပြီး အကောင်းဆုံး ရလာဒ်ကတော့ ၁၉၅၈ ကမ္ဘာ့ဖလားမှာ ဒုတိယဆု ရခဲ့တာဖြစ်ပါတယ်။ ဥရောပ ဖလားပွဲမှာတော့ ၇ကြိမ်ပါဝင်ခဲ့ပြီး အကောင်းဆုံးရလာဒ်အနေနဲ့ ဆီမီးဖိုင်နယ်အထိပဲ တက်ရောက်နိုင်ခဲ့ပါတယ်။ အီဗရာဟီမိုဗစ် ၊ လာဆင် နဲ့ ယွန်းဘတ် တို့က ဆွီဒင်ရဲ့ ထင်ရှားတဲ့ ဘောလုံးအားကစားသမားတွေဖြစ်ပါတယ်။

 

ထင်ရှားတဲ့ ဆွီဒင်လူမျိုးတွေကတော့ သက်ရှိတွေရဲ့သိပ္ပံအမည်ကို ဖြစ်ပေါ်လာစေခဲ့တဲ့ ဇီဝဗေဒပညာရှင်ကြီး Carl Linnaeus ၊ နိုဘယ်ဆိုကို ဖြစ်ပေါ်လာစေသူ ဒိုင်းနမိုက် တီထွင်သူ အဲဖရက်နိုဘယ် ၊ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် Tage Erlander ၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဒက်ချ်ဟမ်းမားရှိုး ၊ IKEA တည်ထောင်သူ Ingvar Kamprad ၊ အကျော်ကြားဆုံး ဟောလိဝုဒ် ရုပ်ရှင်မင်းသမီးတွေဖြစ်ခဲ့ကြတဲ့ Greta Garbo နဲ့ Ingrid Bergman ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး လှုပ်ရှားသူ Greta Thunberg တို့ပဲဖြစ်ပါတယ်။

 

?? ဆွီဒင်ရဲ့ အလံကတော့ အပြာရောင် နောက်ခံပေါ်မှာ ရွှေဝါရောင် လက်ဝါးကပ်တိုင် ပုံသဏ္ဍာန်ဖြစ်ပါတယ်။ လက်ဝါးကပ်တိုင်ကတော့ စကင်ဒီနေးဗီးယန်းနိုင်ငံတွေရဲ့ အမှတ်အသားတခုဖြစ်တဲ့ ခရစ်ယာန်ဘာသာကို ရည်ညွှန်းပါတယ်။ အပြာရောင်ကတော့ တရားမျှတမှု ၊ သစ္စာရှိမှု ၊ ငြိမ်းချမ်းမှု တို့ရဲ့ အဓိပ္ပါယ်ဖြစ်ပြီး ရွှေဝါရောင်ကတော့ သဘောထားကြီးခြင်းကို ရည်ညွှန်းထားခြင်းဖြစ်ပါတယ်။

 

Thutazone

Global News Tips Read 524 times