ဂဏန်း (၈) လုံးပါ တစ်ထောင်ကျပ် ငွေစက္ကူကြောင့် ငွေကြေးမဖောင်းပွနိုင်


03 August, 2018

ဂဏန်း(၈)လုံးပါ တစ်ထောင်ကျပ်တန် ငွေစက္ကူများမှာ ဟောင်းနွမ်းငွေစက္ကူများအားသိမ်း၍ အသစ်ထုတ်ပေးခြင်းဖြစ်သောကြောင့် ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ကြောင်းဗဟိုဘဏ်၏ ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက ပြောသည်။

ထုတ်ပေးခဲ့ရသည့်ရည်ရွယ်ချက်

*****************

ဗဟိုဘဏ်အနေဖြင့် ဟောင်းနွမ်းငွေစက္ကူများကိုအပ်နှံရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး သိမ်းဆည်းထားသည့် ဟောင်းနွမ်းငွေစက္ကူများကိုဖျက်သိမ်းကာ ဂဏန်း(၈)လုံးပါ တစ်ထောင်ကျပ်တန်ငွေစက္ကူများကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ထုတ်ပေးရာတွင် ဂဏန်းနံပါတ်အဟောင်းများကို ပြန်လည်သုံးစွဲ၍မရသဖြင့် ငွေကြေး ဖောင်းပွမှုမျိုးမဖြစ်နိုင်ကြောင်း ဦးအောင်ကျော်သန်းက ဆိုသည်။

"တို့ဆီပြန်ရောက်ပြီးရင် ဖျက်ပစ်လိုက်တာ။ ရာခိုင်နူန်းအားဖြင့် အများကြီးဖျက်ပစ်လိုက်တာ။ အေတီအမ်အဆင့်ပဲ ရွေးထုတ်လိုက်တယ်။ ဝင်လာတဲ့ဟာမှန်သမျှကို အေတီအမ်အဆင့် ဖြူတဲ့အဆင့်ပဲထားပြီး ကျန်တာတွေဖျက်ပစ်လိုက်တယ်။ အဲဒီတော့ဘာမှဖောင်းပွစရာမရှိဘူး။ တို့ဆီမှာဖောင်းပွရအောင် တို့က ဂျပန်စက္ကူလိုထုတ်တာမဟုတ်ဘူး။ လုပ်ချင်တာလုပ်လို့မရဘူး။ တွက်ချက်ပြီးမှလုပ်ရတာ" ဟု ဗဟိုဘဏ်၏ ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက ပြောပြသည်။

ထုတ်ပေးသည့်ရက်

***********

ဂဏန်းနံပါတ်(၈)လုံးပါ ငွေစက္ကူတစ်ထောင်တန်များမှာ ဗဟိုဘဏ်သို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်ရောက်ရှိနေပြီး ယခု ဇူလိုင်လအတွင်းတွင် စတင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ထုတ်ပေးရသည့်အကြောင်းအရင်း

******************

မြန်မာနိုင်ငံတွင် ငွေစက္ကူ တစ်ထောင်ကျပ်တန်များကို ၁၉၉၇ ဇွန်လ ၁၉ ရက်နေ့တွင် သုည ခြောက်လုံးနံပါတ်မှစ၍ တရားဝင်ထုတ်ဝေအသုံးပြုခဲ့ပြီး ယခုအချိန်တွင် ဆယ်စုနှစ် နှစ်စုစာ ကြာမြင့်လာ၍ ဟောင်းနွမ်းငွေစက္ကူများနေရာတွင် ဂဏန်းရှစ်လုံးပါ တစ်ထောင်ကျပ်တန်များကို တွေ့မြင်နေရပြီဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနူန်းမှာ ၂၀၁၇-၂၀၁၈ တွင် ၅ ဒဿမ ၅ ရာခိုင်နူန်းရှိရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒဿမ ၈ ရာခိုင်နူန်းသို့ တိုးမြင့်လာနိုင်သည်ကို တွေ့ရသည်။

Mizzima

Local News Tips Read 1676 times