ကျပ်သန်း (၁၈,၀၀၀) ခန့် တန်ဖိုးရှိ စက်ရုံအလုပ်ရုံ (၁၃) ခုအား ရင်းနှီးမြှုပ်နှံရန် ခွင့်ပြု


08 November, 2023

ရန်ကုန်တိုင်းဒေသကြီးအတွင်း အမေရိကန်ဒေါ်လာ (၆) သန်းကျော်နှင့် မြန်မာငွေ ကျပ်သန်း (၄,၅၀ဝ) ကျော်   တန်ဖိုးရှိသည့် လက်ခစား အထည်ချုပ် (CMP) လုပ်ငန်းများအပါအဝင် လုပ်ငန်းမျိုးစုံကို ကဏ္ဍနယ်ပယ် (၈) ရပ်တွင် ရင်းနှီးမြှုပ်နှံရန်  ခွင့်ပြုပေးခဲ့ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

 

ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးလိုက်သည့် ကဏ္ဍနယ်ပယ်များမှာ…

  • ဖိနပ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း  ( ၁၀ဝ ရာခိုင်နှုန်း ပြည်တွင်းရောင်းချခြင်း ) 
  • ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကို အေးခဲပြီး ထုပ်ပိုးတင်ပို့ရောင်းချခြင်းလုပ်ငန်း 
  • စက္ကူအခြေခံ ပါကင်ဘူးနှင့် တံဆိပ်အမျိုးမျိုး ထုတ်လုပ်ပြီး ပြည်တွင်း၌သာ ၁၀ဝ ရာခိုင်နှုန်း ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ဖြစ်သည်။

 

ထို့ပြင် လက်ခစား တစ်ဆင့်ခံ ထုတ်လုပ်ထုပ်ပိုး (CMP) စနစ်နှင့် အထည်ချုပ်လုပ်ငန်း၊ လက်ခစားတစ်ဆင့်ခံ ထုတ်လုပ်ထုပ်ပိုး (CMP) စနစ်ဖြင့် နားကြပ်နှင့် ဆက်စပ်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်ရေးလုပ်ငန်း၊ CMP စနစ်ဖြင့် အရည်အသွေးမြင့် ပေါင်းစပ် ဓာတုအစေးအင်တွဲကို အခြေခံပြီး အရည်အသွေးမြင့် Poly Resin, Cold Cast Bronze, Pewter ကြွေထည ရုပ်တုများနှင့် ပန်းပုရုပ်တုများ ထုတ်လုပ်ခြင်း လုပ်ငန်းများလည်း ပါဝင်သည်။

 

ယင်းလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာငွေကျပ် (၄,၅၅၂.၃၂၅) သန်းနှင့် အမေရိကန်ဒေါ်လာ (၆.၂၃၆) သန်း ရှိပြီး အဆိုပါ လုပ်ငန်းများမှ ပြည်တွင်းရှိ လူဦးရေ (၅,၅၄၁) ဦးကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

ယခု ခွင့်ပြုပေးလိုက်သည့် လုပ်ငန်းများတွင် စက်မှုကဏ္ဍ၌ မြန်မာနိုင်ငံသားပိုင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၃) ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၆) ခု ပါဝင်ပြီး လက်ခစား တစ်ဆင့်ခံအထည်ချုပ် (CMP) စနစ်   လုပ်ငန်း (၄) ခု ပါဝင်သည်ဟု ဆိုသည်။

 

မြန်မာနိုင်ငံတွင် လက်ရှိ လုပ်ငန်းလည်ပတ်နေသည့် CMP စက်ရုံနှင့် CMP တစ်ဆင့်ခံ စက်ရုံ (၇၈၈) ရုံ ရှိပြီး ယင်းကဏ္ဍတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့် ပိုင်ဆိုင်သည့် လုပ်ငန်း (၈၀) ရာခိုင်နှုန်း ရှိကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ သိရသည်။

 

Source : Commerce Journal

Investment/Divestment Local News Read 335 times