တရုတ်က နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်များကို ထပ်မံ ဖြေလျှော့မည်


16 October, 2023

တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးမှ ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်ရန်အတွက် နိုင်ငံခြားသား ပိုင်ဆိုင်မှုဆိုင်ရာ ကန့်သတ်ချက်များကို ထပ်မံဖယ်ရှားရန် (သို့) လျှော့ချရန် ဖြစ်နိုင်ခြေကို စဉ်းစားမည်ဟု ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် ၎င်း၏ Negative List ကို လျှော့ချရန် ဆက်တိုက် လုပ်ဆောင်နေပြီး ၎င်း၏ စီးပွားရေးပတ်ဝန်းကျင် ပိုမို ကောင်းမွန်စေရန်နှင့် နိုင်ငံခြားကုမ္ပဏီများကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှု ပေးနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ He Yadong က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ၎င်း၏ Negative List ကို (၅)နှစ် ဆက်တိုက် ပြန်လည် ပြင်ဆင်ခဲ့ကြောင်း၊ မျိုးစေ့၊ မော်တော်ကား၊ သင်္ဘောနှင့် လေယာဉ်ထုတ်လုပ်ရေး၊ ငွေချေးစာချုပ်၊ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းစသည့် ကဏ္ဍများတွင် နိုင်ငံခြားသား ပိုင်ဆိုင်မှုဆိုင်ရာ အတားအဆီးများ လျော့နည်းသွားသည်ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစင်တာမှ ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ်ကတည်းက ကမ္ဘာ့ဒုတိယအကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လက်ခံသူအဖြစ် ဆက်လက် ထိန်းသိမ်းထားခဲ့ပြီး ကမ္ဘာပေါ်တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ဆွဲဆောင်မှု အရှိဆုံး နိုင်ငံများအနက်မှ တစ်ခုအဖြစ် ဆက်လက် ရပ်တည်ခဲ့သည်ဟု ဆိုသည်။

 

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)သည် အမေရိကန်ဒေါ်လာ (၁၈၉.၁) ဘီလီယံအထိ ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၈) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ FDI ရှယ်ယာသည် ၂၀၁၂ ခုနှစ်တွင် (၈.၂) ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် (၁၄.၆) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

 

Source : English News

Investment/Divestment Read 199 times