ဆယ်လအတွင်း ကမ္ဘာ့ရေနံစိမ်းတစ်စည် ဒေါ်လာ (၁၀၀) ကျော်ထိ ဈေးနှုန်းမြင့်တက်


22 September, 2023

တစ်စည်လျှင် အမေရိကန် ဒေါ်လာ (၁၀၀) နီးပါးကပ်လာသော ရေနံဈေးနှုန်း ပြန်လည် တည်ငြိမ်ရေးအတွက် ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်များက အာရုံစိုက်နေစဉ် အချို့သော ရေနံစိမ်း အမျိုးအစားများမှာ အမေရိကန်ဒေါ်လာ (၁၀၀) အထက်သို့ ရောက်ရှိနေကြောင်း ရိုက်တာသတင်းဌာနက ရေးသား တင်ပြထားသည်။ 

 

စက်တင်ဘာ (၁၉) ရက်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများသည် (၁၀) လတာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ရာ ဘရန့်စံမှတ် ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၉၅) ဒေါ်လာအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

 

ဘရန့်စံမှတ် ရေနံစိမ်းအတန်းအစား၏ စက်တင်ဘာ (၁၉) ရက် ဈေးနှုန်းမှာ ပြီးခဲ့သည့်နှစ်  နိုဝင်ဘာလနောက်ပိုင်း  အမြင့်ဆုံးဈေးနှုန်း ဖြစ်သည်။  နိုင်ဂျီးရီးယားနိုင်ငံ၏  Qua  Iboe  စံမှတ် ရေနံစိမ်းဈေးနှုန်းမှာ စက်တင်ဘာ (၁၈) ရက်တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) ကို ကျော်လွန်ခဲ့ပြီး မလေးရှားနိုင်ငံ၏  Tapis ရေနံစိမ်းဈေးနှုန်းမှာလည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ (၁၀၁.၃၀) အထိ ရောက်ခဲ့သည်။

 

ဆော်ဒီအာရေဗျနိုင်ငံနှင့် ရုရှားနိုင်ငံတို့က နေ့စဉ် ရေနံထုတ်လုပ်မှုနှုန်း လျှော့ချရေး အစီအစဉ်ကို သက်တမ်း ဆက်တိုးခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းမှာ ၂၀၂၃ ခုနှစ်၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ 

 

ရုရှားနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့သည် ရေနံတင်ပို့ရောင်းချသူများအသင်း (အိုပက်) ၏ အကြီးဆုံး ရေနံထုတ်လုပ်သူနိုင်ငံများ ဖြစ်သည်။ လက်ရှိအခြေအနေကို ဆော်ဒီအာရေဗျနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ကမ္ဘာ့ရေနံဈေးကွက်ကို ခိုင်ခိုင်မာမာ ထိန်းချုပ်ထားနိုင်သည့် သဘောရှိကြောင်း ရေနံဈေးကွက် လေ့လာသူများက ပြောကြားသည်။

 

စက်တင်ဘာ (၁၉) ရက်တွင် ဘရန့်စံမှတ် ရေနံဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၉၅) ဒေါ်လာအထိ ရောက်ရှိလာခဲ့သော်လည်း စက်တင်ဘာ (၂၀) ရက်တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၉၀.၀၇) ဈေးတွင် ရှိနေခဲ့သည်။ 

 

ဆော်ဒီအာရေဗျနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ယခုနှစ်ကုန်ပိုင်းအထိ နေ့စဉ် ရေနံထုတ်လုပ်မှုနှုန်းကို နှစ်နိုင်ငံပေါင်းတစ်ရက်လျှင် စည်ပေါင်း (၁.၃) သန်း လျှော့ချ ထုတ်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

 

Source : STTime

Global News Energy News Read 370 times