အနိမ့်ဆုံး လုပ်အားခကို (၂၀) ရာခိုင်နှုန်းနီးပါး တိုးမြှင့်ပေးရန် စီစဉ်နေသည့် ရုရှား


28 August, 2023

ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ နိုင်ငံအတွင်းရှိ အနိမ့်ဆုံးလုပ်အားခကို ၁၈.၅ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် စီစဉ်လျက် ရှိကြောင်း မဟာဗျူဟာဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားစီမံကိန်းကောင်စီ အစည်းအဝေး၌ ပြောကြားခဲ့သည်။

 

ပူတင်၏ ပြောကြားချက်အရ နိုင်ငံအတွင်း အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်ပေးမှုသည် ဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ပိုမို သာလွန်ရမည်ဖြစ်ကြောင်းနှင့် ရုရှားတစ်နိုင်ငံလုံး လုပ်အားခများကိုလည်း တိုးမြှင့်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

 

ရုရှားနိုင်ငံ၏ လူမှုရေးနှင့် အလုပ်သမားဆက်ဆံရေးဆိုင်ရာ သုံးပွင့်ဆိုင်ကော်မရှင်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ နိုင်ငံ၏ အနိမ့်ဆုံးလုပ်အားခ ပမာဏကို တိုးမြှင့်နိုင်ရန် ထောက်ခံခဲ့ကြောင်း ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Ms. Tatyana Golikova ၏ ရုံးက အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ 

 

ပူတင်အနေဖြင့်လည်း ယခုနှစ်တွင် ရုရှားနိုင်ငံ၏ လုပ်ခလစာများမှာ ၃-၅ ရာခိုင်နှုန်းခန့် တိုးလာသင့်ကြောင်း အစောပိုင်းက ပြောကြားထားသည်။ 

 

Ad : Meditech Co., Ltd.

 

သုံးပွင့်ဆိုင်ကော်မရှင်၏ အစည်းအဝေးတွင် ၎င်းအဖွဲ့ဝင်များမှ အနိမ့်ဆုံးလုပ်အားခကို (၁၈.၅) ရာခိုင်နှုန်း၊ ၁၉,၂၄၂ ရူဘယ်အထိ တိုးမြှင့်နိုင်ရေး ကူညီပေးမည် ဖြစ်ကြောင်း၊ အဆိုပါတိုးမြှင့်ပေးမှုသည် ရုရှားနိုင်ငံသား ၄.၈ သန်းအပေါ် သက်ရောက်မှုရှိမည် ဖြစ်ကြောင်း၊ တွက်ချက်မှုများအရ အနိမ့်ဆုံးလုပ်ခလစာနှင့် အလယ်အလတ် လုပ်ခလစာအချိုးမှာ (၄၇.၇) ရာခိုင်နှုန်း တိုးလာမည် ဖြစ်ကြောင်း ဆိုသည်။

 

အနိမ့်ဆုံးလုပ်ခလစာနှင့် ပတ်သက်သည့် ဥပဒေ (မူကြမ်း) အား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ကြိုတင် ပြင်ဆင် ဆောင်ရွက်နိုင်ရေး ရုရှားအလုပ်သမားဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့ပြီး မျှော်မှန်းထားသည်ထက် ပိုစောစွာ ကြေညာနိုင်ခဲ့သည်ဟု သိရသည်။

 

အလုပ်သမားဝန်ကြီးဌာန အကြီးအကဲဖြစ်သူ Mr. Anton Kotyakov ၏ ပြောကြားချက်အရ အနိမ့်ဆုံး လုပ်ခလစာမှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း (၆၆.၅) ရာခိုင်နှုန်းခန့်တိုးမည် ဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်မှ စတင်၍ ပြင်ဆင် ဆောင်ရွက်မှုများကိုလည်း အလယ်အလတ် လုပ်ခလစာနှင့် ချိန်ညှိ၍ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရှိရသည်။

 

Source: MDN

Global News Labour Affairs Read 430 times