အရှေ့တောင်အာရှ၏ အကြီးမားဆုံး ဖြစ်လာမည့် လေအားလျှပ်စစ် စီမံကိန်း


14 March, 2023

 

လာအိုနိုင်ငံတောင်ပိုင်း Sekong နှင့် Attapeu ပြည်နယ်များတွင် (၆၀၀) မီဂါဝပ်ရှိ လေအားလျှပ်စစ်စက်ရုံ တည်ထောင်နိုင်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် မုတ်သုံလေအားလျှပ်စစ် ကုမ္ပဏီလီမီတက် (Monsoon Wind Power Company Limited) တို့အကြား ငွေချေးခြင်းဆိုင်ရာ စီမံကိန်းကို ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

 

ကုမ္ပဏီနှစ်ခု၏ သဘောတူညီချက်အရ လေအားလျှပ်စစ်စက်ရုံ စီမံကိန်း အမြတ် စတင်ရရှိသည့် အချိန်မှသာလျှင် ချေးငွေကို ပြန်လည် ပေးဆပ်ရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

 

လေတာဘိုင်ပေါင်း (၁၃၃) ခု ပါဝင်သည့် ယင်းစီမံကိန်းသည် အရှေ့တောင်အာရှ၏ အကြီးမားဆုံးနှင့် လာအိုနိုင်ငံ၏ ပထမဆုံးလေအား လျှပ်စစ်လုပ်ငန်းဖြစ်ပြီး ရရှိလာသော စွမ်းအင်ကို အိမ်နီးချင်း ဗီယက်နမ်နိုင်ငံသို့ ရောင်းချမည်ဟု ဆိုသည်။

 

အဆိုပါစီမံကိန်းသည် အာဆီယံနိုင်ငံများအတွင်း အကြီးမားဆုံးဖြစ်ပြီး ငွေချေးလုပ်ငန်းစဉ် တစ်ခုလုံးကို အာရှဖွံ့ဖြိုးရေးဘဏ်က ဦးဆောင်ခဲ့ပြီး…

  • အမေရိကန်ဒေါ်လာ သန်း (၁၀၀) ကို ငွေလုံးငွေရင်းချေးငွေ (A loan) 
  • အမေရိကန်ဒေါ်လာသန်း (၁၅၀) ကို လုပ်ငန်းစုအလိုက်ချေးငွေ (B loan) 
  • အမေရိကန်ဒေါ်လာ သန်း (၅၀) ကို သက်သာခွင့်နှင့် ရရှိသော ချေးငွေ
  • အမေရိကန်ဒေါ်လာ (၃၈၂.၅၅) သန်းကို ချေးငွေများ (Parallel) 
  • ကျန် အမေရိကန်ဒေါ်လာ (၁၀) သန်းကို ထောက်ပံ့ငွေများအဖြစ် သတ်မှတ် ပေးအပ်သွားမည် ဖြစ်သည်။

လုပ်ငန်းစုအလိုက်ချေးငွေ (B loan) ထဲမှ အမေရိကန်ဒေါ်လာ သန်း (၁၀၀) ကို ထိုင်း ကူးသန်းရောင်းဝယ်ရေးဘဏ် (Siam Commercial Bank) နှင့် အမေရိကန်ဒေါ်လာ သန်း (၅၀) ကို ဆူမီတိုမိုမစ်ဆူအိ ဘဏ်လုပ်ငန်း ကော်ပိုရေးရှင်း (Sumitomo Mitsui Banking Corporation) မှ ရရှိပြီး

 

သက်သာခွင့်နှင့် ရရှိသော ချေးငွေထဲမှ အမေရိကန်ဒေါ်လာ သန်း (၂၀) ကို Leading Asia’s Private Infrastructure Fund (LEAP) နှင့် အမေရိကန်ဒေါ်လာ သန်း (၃၀) ကို Canadian Climate Fund for the Private Sector in Asia) မှ ရရှိကာ 

 

Advertisement

Click Here > Ko Nyein Maung

 

Parallel ချေးငွေများအနက် ဒေါ်လာ သန်း (၁၂၀) ကို Japan International Cooperation Agency (JICA)၊ ဒေါ်လာ သန်း (၁၀၀) ကို  ကာစီခွန်ဘဏ် (Kasikorn Bank)၊ ဒေါ်လာ သန်း (၇၂.၅၅) ကို အာရှအခြေခံ အဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ် (Asian Infrastructure Investment Bank)၊၊ ဒေါ်လာသန်း (၆၀) ကို ထိုင်းနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာဘဏ်၊ ဒေါ်လာသန်း (၃၀) ကို Hong Kong Mortgage Corporation Limited တို့ထံမှ အသီးသီး ချေးယူထားကြောင်း သိရသည်။

 

အာရှဖွံ့ဖြိုးရေးဘဏ်၏ ရန်ပုံငွေနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ အမေရိကန်ဒေါ်လာ (၁၀) သန်းကိုမူ စီမံကိန်းအတွက် ငွေချေးယူရာတွင် ရင်ဆိုင်ရသော အခက်အခဲများကို ကူညီ ဖြေရှင်းနိုင်ရန် ထောက်ပံ့ငွေ (Grant) အဖြစ် ရရှိထားခြင်း ဖြစ်သည်။

 

အာရှဖွံ့ဖြိုးရေးဘဏ်၏ ပုဂ္ဂလိကကဏ္ဍလုပ်ငန်းများဌာန ညွှန်ကြားရေးမှူးချုပ် Suzanne Gaboury က အာရှနှင့် ပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိရန်မှာ ရာသီဥတုနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုများ အားနည်းနေပြီး ယခုစီမံကိန်းသည် အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း ပြောသည်။ 

 

လေမှတစ်ဆင့် သန့်ရှင်းသောစွမ်းအင်ကို ထုတ်လုပ်ပေးကာ ဒေသတွင်းလူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမို အရှိန်ရစေမည် ဖြစ်သကဲ့သို့ လာအိုနိုင်ငံ၏ အသုံးပြုခြင်း မရှိသေးသော လေသဘာဝရင်းမြစ်များကို ရေရှည် အကျိုးအမြတ် ရရှိစေရန် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် မိတ်ဖက်များက ကူညီသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

 

လာအိုနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နယ်စပ်ဖြတ်ကျော် လျှပ်စစ်စွမ်းအင် ရောင်းချရေးသည် မဏ္ဍိုင်တစ်ခုဖြစ်ပြီး မိုးရာသီမှသာ ထုတ်လုပ်နိုင်သော ရေအားလျှပ်စစ်ကဲ့သို့ စွမ်းအင်မျိုးထက် ရာသီမရွေး လေအားလျှပ်စစ်ကို ထုတ်လုပ်နိုင်မည် ဖြစ်သည့်အပြင် ယခုစီမံကိန်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၇၄၈, ၈၆၇ ခန့်ကို လျှော့ချနိုင်မည် ဖြစ်သည်။

 

Su Mon Oo

Source: Asia Development Bank

Photo credit goes to the owners.

Energy News Read 380 times