ပြည်ပအလုပ်အကိုင်အကျိုးဆောင်လုပ်ငန်း ၂၆ ခုကို လိုင်စင်ပိတ်သိမ်းခံရ


29 October, 2021

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လုပ်ငန်း ၂၆ ခုကို  လိုင်စင်ပိတ်သိမ်းခံရ

အာမခံကြေး ကျပ်သိန်း ၂၀၀ မပေးသွင်းတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လုပ်ငန်း ၂၆ ခုကို လိုင်စင်ပိတ်သိမ်းလိုက်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လုပ်ငန်းတွေကို လိုင်စင်အတွက်အာမခံကြေးငွေ ကျပ်သိန်း ၂၀၀  ဖိအားပေး သွင်းခိုင်းခဲ့တဲ့အတွက်  မဖြစ်မနေသွင်းလိုက်ရတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်အရေအတွက်က ၂၉၅ ခုရှိပြီး အာမခံကြေး မသွင်းတဲ့ လုပ်ငန်း ၂၆ ခုက လိုင်စင်ပိတ်သိမ်းခံရတာ ဖြစ်ပါတယ်။
Myanmar Overseas Employment Agencies Federation (MOEAF) မှ အသင်းဝင်အေဂျင်စီတဦးက “အခုအချိန်က ကျပ်တည်းတဲ့ကာလဆိုတော့ တချို့ကလည်း အဆင်မပြေကြလို့လား မသိပါဘူး။ ဒါကတော့ ဝန်ကြီးဌာနရဲ့ သဘောပေါ့နော်။ နဂိုသွင်းထားတာက လိုင်စင်ကြေးက ကျနော်တို့ သိန်း ၅၀ ရှိတယ်။ အခုဟာနဲ့ဆိုရင် သိန်း ၂၅၀ ဖြစ်သွားတာပေါ့။ ဒါက deposit တင်ထားရတာ။ အဲ့လိုပဲ တကယ်လို့ ထိုင်းနိုင်ငံအတွက် အလုပ်သမားလွှတ်ဖို့ဆိုရင် ထိုင်းလိုင်စင်ကြေးအတွက် သက်သက်ပေးရတယ်။ အဲ့ဒါ ယူမယ်ဆိုရင် နောက်ထပ် သိန်း ၅၀ ပေးရတယ်။ ဆိုတော့ သိန်း ၃၀၀ ဖြစ်သွားပြီ။ ဒါ့အပြင် annual fee ဆိုတာကလည်း ရှိပါတယ်။ ဒါကတော့ နှစ်စဉ်သက်တမ်းတိုးရတယ်။ တနှစ်ကို ၂ သိန်းနဲ့ပေါ့နော်” လို့  ပြောကြားပါတယ်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတခုကတော့ “ကျနော်တို့ ပြည်ပအလုပ်အကိုင်အေဂျင်စီအတွက် လိုင်စင်ကြေး သိန်း ၅၀နဲ့ ထိုင်းလိုင်စင်အတွက် သိန်း ၅၀ သွင်းပြီး တရားဝင်လိုင်စင်ယူထားတာပါ။ ဘာကြောင့် ထပ်ပြီးတော့ သိန်း၂၀၀ ကို ထပ်သွင်းခိုင်းရတာလဲ။ ငွေသွင်းပြီးတဲ့ အေဂျင်စီတွေကကော အလုပ်လုပ်လို့ရပြီလား။ အခုဖြစ်နေတဲ့ ငဗစ်ကော၊ ငစစ်ကော အကျပ်အတည်းမှာ အတင်းအဓမ္မတောင်းနေတာက ဘာရည်ရွယ်ချက်လဲ” လို့ဆိုပါတယ်။

လက်ရှိမှာဆိုရင်လည်း ပြည်တွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာပြီး အလုပ်လုပ်ချင်တဲ့ အလုပ်သမားတွေကိုလည်း  လေဆိပ်မှာ ထွက်ခွင့်မပြုဘဲ ပြန်လွှတ်နေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါနဲ့ပတ်သက်ပြီး Myanmar Overseas Employment Agencies Federation (MOEAF) မှ အသင်းဝင်အေဂျင်စီတဦးက “အခုထွက်လို့မရဘူးဆိုတာက တရားမဝင် ထွက်တဲ့ သူတွေပါ။ ပြောရရင် လိုင်စင်ရ အေဂျင်စီ မဟုတ်ဘူးပေါ့။ အပြင်ပွဲစား တွေနဲ့ပေါ့။ ဒါပေမဲ့  အေဂျင်စီမှာလည်း တချို့ ရှိနိုင်တယ်။ ဒါဆိုရင်တော့ သူတို့က တရားမဝင်ဘူးပေါ့။ အဲ့ဒါကို သိရင်တော့ အဲ့ဒီ့အေဂျင်စီလည်း အရေးယူခံရမှာပေါ့။ ဘာလို့လဲဆို သူက ဝန်ကြီးဌာနမှ ခွင့်ပြုမိန့်အတွက် တရားဝင် တင်ကို တင်ရမှာ လေ။ ဝန်ကြီးဌာနက ထွက်ခွင့်ပြုပြီဆိုရင် အဲ့အချိန်မှာ Smart Card သို့မဟုတ် OWIC (ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား)ပေးလုပ်တယ်လေ။ အဲ့ဒါလုပ် ပြီးသွားရင်တော့ သူက ထွက်ခွာခွင့် ရှိသွားပြီ။ လက်ထဲက Passport ကတော့ Passport for Job (PJ) ဖြစ်ရမယ်ပေါ့နော်။ တကယ်လို့ Passport က Passport for Job (PJ) မဟုတ်ဘူးဆိုရင် မပေးဘူး။ တချို့က PV ဖြစ်နေရင် ပြန်ပြင်ပေါ့။ အဲ့ဒါမျိုး ဖြစ်နေတာ။ အခုက ကိုယ့်ဘာကိုယ် နားလည်မှုနဲ့ ထွက်ကြတာဆိုတော့ အဲ့လိုတွေ ဖြစ်နေတာ” လို့ပြောပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပထွက်ခွာပြီး ရွှေ့ပြောင်းလုပ်ကိုင်ကြတဲ့နေရာမှာ ထိုင်းနဲ့ မလေးရှား နိုင်ငံက အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံအတွက် သွားရောက်လုပ်ကိုင်မယ်ဆိုရင် တရားဝင်ကုန်ကျစရိတ်က မြန်မာငွေ ကျပ်တသိန်းခွဲနဲ့ ထိုင်းဘက်က သတ်မှတ်ထားတဲ့ ထိုင်ငွေ ဘတ် ၅၀၀၀ ရှိပြီး မလေးရှားနိုင်ငံအတွက်က အမေရိကန်ဒေါ်လာ ၈၅၀ လောက်ကုန်ကျမယ်လို့ သိရပါတယ်။
DVB


လိုင်စင်အာမခံကြေးငွေကျပ် သိန်း ၂၀၀ ပေးသွင်းခြင်းမရှိ၍ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ပိတ်သိမ်းသည့် အေဂျင်စီများစာရင်း
1. Alkar KyawCo., Ltd 
2. Apex Chin Dwin Services Co., Ltd 
3. Asia Wave Services Co., Ltd 
4. Aung Kaung Kyei Services Co., Ltd 
5. Global Champions International Co., Ltd 
6. Global Gateway Co., Ltd 
7. Global Glitter Consultancy Agency Co., Ltd 
8. Golden Kayin Co., Ltd 
9. Golden Land Myanmar General Services Co., Ltd 
10. Great Future Goal Co., Ltd 
11. International Mother Ocean Co., Ltd
12. International Super Star Agency Co.,Ltd 
13. Kaung Su San Thar General Services Co., Ltd 
14. Lily Service Int'l Co., Ltd 
15. Lin Lat Phyei Co., Ltd 
16. Million Hands Co., Ltd 
17. Myanmar Active Services Co., Ltd 
18. Myanmar Economic Research & Consulting Co., Ltd 
19. Myanmar True Way Services Co., Ltd 
20. Myat Swe Mon Services Co., Ltd 
21. Puce Moe Co., Ltd 
22. Richmen Oversea Recruitment Co., Ltd 
23. Royal Dynasty Co.,Ltd 
24. Shar Lei Cho Co., Ltd 
25. Shwe Kyi Oo Services Co., Ltd 
26. Zaw General Services Co.,Ltd.


 

Local News Read 11228 times