ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ


06 October, 2018

အကြိမ် (၂၀) မြောက်အဖြစ် ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သောပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်များ၏ လစဉ်ပုံမှန် အစည်းအဝေးတွင် ဗန်းမော်-လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ မော်တော်ယာဉ်လုပ်ငန်းကဏ္ဍ၊ သစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍ၊ စက်သုံးဆီလုပ်ငန်းကဏ္ဍနှင့် စက်မှုကုန်ထုတ် လုပ်ငန်းကဏ္ဍ တို့ကို ဆွေးနွေးခဲ့ကြသည်။

န်းမော်-လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ

ဗန်းမော်-လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ရီရီစိန် တင်ပြပါသည်။

(၁) ဗန်းမော်-လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းသည် တောင်ပေါ်လမ်းဖြစ်သဖြင့် လမ်းဦးစီးဌာနမှ မိုးတွင်း ကာလလမ်းပျက်စီးမှုနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် (၁၀) ဘီးနှင့်အထက်ယာဉ်များအား (၁.၇.၂၀၁၈) ရက်နေ့မှ (၁၅.၈.၂၀၁၈) ရက်နေ့အထိ ယာယီပိတ်ပင်ထားကြောင်း။

(၂) ကုန်သွယ်ရေးလမ်းကြောင်းအား ယာယီပိတ်ပင်ထားသဖြင့် (၆)ဘီးယာဉ်များဖြင့်သာ သယ်ယူပို့ဆောင်နေရသည့် အတွက် ကုန်ကျစရိတ်များပြားခြင်း၊ ကုန်သွယ်မှုကြန့်ကြာခြင်းများရှိနေပါသဖြင့် နယ်စပ်ကုန်သွယ်မှုများ ကျဆင်း လျက်ရှိပါဖြင့် ကုန်သွယ်မှုအဆင်ပြေရေးအတွက် ဆောင်ရွက်ပေးပါရန်။


မော်တော်ယာဉ်လုပ်ငန်းကဏ္ဍ

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း တင်ပြပါသည်။
(၁) ကားအရောင်းပြခန်းများ၊ ကားအရောင်းစင်တာများနှင့် ထပ်မံတင်သွင်းလာသော ကားများအတွက် ရန်ကုန် တိုင်းဒေသကြီးတွင် ကားမှတ်ပုံတင်ခွင့် ဆိုင်းငံ့ထားသဖြင့် ရန်ကုန်လိုင်စင်ရယူရန် ကားဟောင်း စလစ်တန်ဖိုးကို ဈေးကြီးပေးဝယ်ယူနေရပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွက် မှတ်ပုံတင်ခွင့်အား ပြန်လည်ညှိနှိုင်း ဆောင်ရွက် ပေးပါရန်။

(၂) ပြည်ပမှ တင်သွင်းလာသည့်ကားများအပေါ် ဝယ်ယူသည့်ဈေးနှုန်းအတိုင်းမဟုတ်ဘဲ ရောက်ရှိလာသည့် အချိန်မှ ဈေးနှုန်းသတ်မှတ်သဖြင့် တန်ဖိုးများပြားရခြင်း၊ ရာပြတ်တန်ဖိုးအတွက် စောင့်ဆိုင်းရခြင်းတို့ကြောင့် ဝယ်ယူသည့် စာချုပ်နှင့် Invoice ကို တင်ပြပြီး ကြိုတင်၍ ဝယ်ယူသည့်စာချုပ်ပါဈေးနှုန်းအတိုင်း သတ်မှတ်ပေးပါရန်။
(၃) ပြည်ပမှတင်သွင်းလာသည့်ကားများအား ကြိုတင်စစ်ဆေးပြီး အထက်သို့တင်ပြခြင်း၊ တန်ဖိုးသတ်မှတ်ခြင်း၊ ထုတ်ယူသည့်အခါ ထပ်မံစစ်ဆေးခြင်းတို့ပြုလုပ်ပါသဖြင့် ကြန့်ကြာခြင်းများရှိပါသဖြင့် (၂) ကြိမ် စစ်ဆေး ခြင်းအစား အခြားကုန်ပစ္စည်းများကဲ့သို့ (၁)ကြိမ်သာ စစ်ဆေးထုတ်ပေးရန်နှင့် ကညနမှ ထပ်မံစစ်ဆေး သည့်အခါတွင် ကွဲလွဲချက်ရှိပါက ထပ်မံ၍အပြီးသတ် စည်းကြပ်ဆောင်ရွက်ပေးရန်။

(၄) Import/Export လုပ်ငန်းများ ဆောင်ရွက်ရာတွင် MACCS Online စနစ်ကို အသုံးပြုနေသော်လည်း လူဖြင့်စာရွက်စာတမ်းများတင်ပြရခြင်းကို ဆက်လက်ဆောင်ရွက်နေပါသဖြင့် အချိန်ကြန့်ကြာမှုများကြောင့်
MACCS Online စနစ်ကို အပြည့်အဝအသုံးပြု၍ ဆောင်ရွက်ခွင့်ပြုရန်။

(၅) မြန်မာပြည်တွင် အသုံးပြုသောကားတစ်ချို့မှာ မတော်တဆဖြစ်ပါက အပိုပစ္စည်း လဲလှယ်တပ်ဆင်ရပြီး ဝယ်၊ ရောင်း လုပ်သည့်အခါ ကညနတွင် ယာဉ်စစ်ဆေး၍ ဖောက်စွပ်ကားဟု သတ်မှတ်ကာ သိမ်းဆည်းဆောင်ရွက်နေကြောင်း၊ အရောင်းအဝယ် တစ်ကြိမ်ပြုလုပ်တိုင်း ကညနတွင် စစ်ဆေးနေရပါသဖြင့် ငွေကြေးကုန်ကျမှုနှင့် အချိန်ကြန့်ကြာ မှုများရှိသဖြင့် ဟောင်းနွမ်းခြင်း၊ ပျက်စီးခြင်းတို့ကြောင့် မော်တော်ကား အစိတ်အပိုင်း အသစ်များ လဲလှယ်တပ်ဆင်ပါက ယခင်ကဲ့သို့ RTA တံဆိပ်ရိုက် ဒဏ်ကြေး ကောက်ခံပေးပါရန်နှင့် စစ်ဆေးပြီးသော ယာဉ်များအားလည်း သက်သေခံလက်မှတ် (သို့မဟုတ်) အမှတ်အသား ပြုလုပ်ပေးရန်။

(၆) ကားအရောင်းစင်တာများ၏ Deposit တင်ရသည့်ငွေအား ဖြေလျော့ခြင်း၊ အကျယ်အဝန်းနှင့် ဂိုဒေါင်သတ်မှတ်ချက် ကိစ္စအား ပြန်လည်စဉ်စားပေးပါရန်။

(၇) ကားအရောင်းစင်တာအချို့သည် ပိတ်သိမ်းရန်စီစဉ်ခြင်းတွင် ပြည်တွင်းအခွန်ငွေ ပေးသွင်းပြီးသော်လည်း ပြည်ပသို့ငွေလွှဲရန်ကျန်ခြင်း၊ Consignment စနစ်ဖြင့် တင်သွင်းလာသည့် ကားများမှာ ဆက်သွယ်၍ မရခြင်းများ ဖြစ်ပေါ်နေသဖြင့် ပြည်တွင်းအခွန်ငွေပေးသွင်းပြီးသော ကားအရောင်းစင်တာများကို ပိတ်သိမ်းခွင့်ပြုပါရန်။

(၈) ကားအရောင်းစင်တာများတွင် ၂၀၁၇ ခုနှစ်နှင့် ရှေ့ပိုင်းကာလကားတင်သွင်းမှုပေါ်လစီအရ တင်သွင်းခဲ့သော Consignment ကားများ ကျန်ရှိနေသဖြင့် စလစ်ဈေးနှုန်းမြင့်တက်ကာ နံပါတ်ယူရန်နှင့်ရောင်းချခြင်းများတွင် အခက်အခဲ ဖြစ်နေပါသဖြင့် စလစ်အစားထိုးအစီအစဉ်ဖြင့် နံပါတ်ယူခွင့်ပြုပါရန်။

(၉) ဆိပ်ကမ်းတွင် ကောက်ခံသော ကုန်သေတ္တာများ၏ ဒါဏ်ကြေး၊ ရက်လွန်ကြေးများကို လျှော့ချပေးပါရန်။

သစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍ

မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်စိန် တင်ပြပါသည်။

(၁) တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ကျင်းပသော တရုတ်အာဆီယံ ကုန်စည်ပြပွဲ ၂၀၁၈ တွင် အသင်းပြခန်း၊ လက်ဖက် အသင်းပြခန်းများ ပါဝင်ပြသခဲ့ရာ လက်ဖက်ခြောက် တန်ချိန် (၅) တန်အား တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်မှ ဝယ်ယူလို ပါသဖြင့် တရားဝင်တင်ပို့ရောင်းချနိုင်ရန်အတွက် ဆောင်ရွက်ပေးပါရန်။

(၂) တရုတ်နိုင်ငံမှ သစ်သီးဝလံများနှင့် လက်ဖက်ခြောက် (၅) တန်အပါအဝင် ကယန်းငြုပ်တောင့်ခြောက် ဝယ်ယူ လိုသော်လည်း တရုတ်နိုင်ငံမှ ကန့်သတ်ချက်အရ AQSIQ စာရင်းတွင် မပါရှိသေး၍ အခက်အခဲ ကြုံတွေ့နေရပါသဖြင့် နှစ်ဖက်အစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်ပေးပါရန်။

(၃) သီးနှံစုံ ဝယ်လိုအားပြည့်စုံအောင်ဖြည့်ဆည်းပေးနိုင်ရန်အတွက် အရည်အသွေးမှီသော သီးနှံများ တစုတစည်းတည်း ထွက်ရှိစေရန် သီးနှံတစ်ခုချင်းအလိုက်ဇုန်များ နေရာဒေသအလိုက် သတ်မှတ်စီစဉ်ပေးရန်။

စက်သုံးဆီလုပ်ငန်းကဏ္ဍ

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း ဗဟိုအလုပ်အမှုဆောင် ဦးသိန်းဝင်းဇော် တင်ပြသည်။

(၁) စက်သုံးဆီတင်သွင်းရာတွင် ကြိုတင်ဝင်ငွေခွန် ၂% ပေးသွင်းနေရပါသဖြင့် စက်သုံးဆီဈေးကြီးမြင့်ကြောင်းနှင့် ထိုသို့ ပေးသွင်းရာတွင် အခက်အခဲဖြစ်ပေါ်နေကြောင်း။

(၂) ဝင်ငွေခွန် ၂% အား ကြိုတင်ပေးသွင်းရသည့်အစား (၃)လတစ်ကြိမ်ရှင်းလင်းပေးသွင်းခွင့်ပြုရန်။

စက်မှုကုန်ထုတ်လုပ်ငန်း (Import Substitution) ကဏ္ဍ

ကျောက်ပြားလုပ်ငန်းရှင်များကိုယ်စားလှယ် ဦးစိုးမင်းသန်း တင်ပြပါသည်။

(၁) ပြည်တွင်း၌ ကျောက်ပြားစက်ရုံ(၃)ရုံရှိပြီး ကြွေပြားထုတ်လုပ်မှုသည် တစ်နိုင်ငံလုံးအသုံးပြုမှု၏ (၅)ပုံ(၁)ပုံခန့်ရှိပါကြောင်း။
အိမ်နီးချင်းနိုင်ငံနှင့်နှိုင်းယှဉ်လျှင် ပြည်တွင်း လူတစ်ဦးချင်းကြွေပြား အသုံးပြုမှု (၁၀) ဆခန့်ကွာဟပါကြောင်း။

(၂) ပြည်တွင်းသုံးစွဲမှုတိုးတက်မှသာ ထုတ်လုပ်မှုမြှင့်တက်၍ ပြည်တွင်းစက်ရုံများတိုးပွားလာမှာဖြစ်ကြောင်းနှင့်
နိုင်ငံခြားပစ္စည်းသုံးစွဲမှုလျော့ချမှသာပြည်တွင်း အလုပ်အကိုင်များ ရရှိလာမည် ဖြစ်ပါကြောင်း။

(၃) ပြည်တွင်းထုတ် ကြွေပြားမျိုးစုံအနက် (၁၂” x ၁၂”) နှင့် (၁၂” x ၈”) အရွယ်အစားရှိ Ceramic Tiles အမျိုးအစား တစ်ခုတည်းကိုသာ သွင်းကုန်ကန့်သတ်ပေးခြင်းနှင့် အခွန်တိုးကောက်ခြင်းအား တစ်ခြားနိုင်ငံများကဲ့သို့ စဉ်းစားပေးပါရန်။

အထွေထွေကဏ္ဍ
စပါးများတရားမဝင်တင်ပို့နေခြင်းကိစ္စအား ထိရောက်စွာ ကာကွယ်တားဆီးပေးနိုင်ပါရန် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ တင်ပြခဲ့သည်။

 

Events & Exhibition Read 494 times