တစ်နှစ် ကောင်ရေ တစ်သန်းကျော် ထုတ်လုပ်သည့် ၂၆ ထပ် ဝက်မွေးမြူရေးတိုက်


14 December, 2022

တစ်နှစ် ကောင်ရေ တစ်သန်းကျော် ထုတ်လုပ်သည့် ၂၆ ထပ် ဝက်မွေးမြူရေးတိုက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံမှာ  ၂၆ ထပ်ရှိ ဝက်မွေးမြူရေး မိုးမျှော်တိုက်သည် တစ်နှစ်လျှင် ဝက်ကောင်ရေ ၁.၂ သန်းကို ‌ဝက်သားဈေးကွက်သို့ ပေးပို့ရန် လျာထားသည်။ 

တစ်ခုတည်းသောအဆောက်အဦဖြင့် ဝက်မွေးမြူခြင်းတွင် ကမ္ဘာ့အကြီးဆုံး ဝက်မွေးမြူရေးတိုက်သည် ဟူဘေး ပြည်နယ် Ezhou မြို့ကြီးတွင် တည်ရှိသည်။ တရုတ်နိုင်ငံတွင် ခေတ်အမီဆုံး ဝက်မွေးမြူရေးဖြစ်သည်။

.

တရုတ်ပြည် ဝက်သားစားသုံးမှုသည် ကမ္ဘာ့ ဝက်သား စားသုံးမှု၏ ထက်ဝက်နီးပါးရှိသည်။ 

တရုတ်ပြည် ဝက်မွေးမြူရေးကဏ္ဍတွင် ၂၀၁၈ မှ ၂၀၂၀ ခုနှစ်အတွင်း အာဖရိကဝက်တုပ်ကွေး African swine fever (ASF) ကူးစက်ရောဂါကြောင့် ဝက်ကောင်ရေ သန်း ၁၀၀ ကျော် ဆုံးရှုံးခဲ့ပြီးသည့်နောက်တွင် တရုတ်နိုင်ငံသည် ပြည်တွင်းဝက်သားထုတ်လုပ်မှုကို အဆင့်မြှင့်တင်နေသည်။

ဝက်သားသည် တရုတ်နိုင်ငံအဖို့ အရေးအပါဆုံး၊ စားသုံးမှု အများဆုံး အသားဖြစ်သည်။ ဝက်သားဈေး တည်ငြိမ်ရေးအတွက် ဝက်သားအလုံအလောက် ထုတ်လုပ်နိုင်ရန် ခေတ်မီနည်းပညာဖြင့် မွေးမြူခြင်း ပြုသည်။

 

 

 

.

အဆိုပါ ဝက်မွေးမြူရေးတိုက်ကို Hubei Zhongxin Kaiwei Modern Farming မှ လုပ်ကိုင်ခြင်းဖြစ်ပြီး၂၀၂၂ အောက်တိုဘာလတွင် ဝက်သားဈေးကွက်သို့ ဝက်များ စတင်ပေးပို့ခဲ့သည်။

လုပ်ငန်းကို ဝက်ပေါက်ကောင်ရေ ၃,၇၀၀ ဖြင့် စတင်ခဲ့သည်။

.

Zhongxin Kaiwei သည် ဝက်မွေးမြူရေးကို ယခင်က လုပ်ကိုင်ခဲ့ဖူးခြင်း မရှိပေ။ ဟူးဘေးပြည်နယ်နှင့် ဟိုင်နန်ပြည်နယ်တို့တွင် ဘိလပ်မြေစက်ရုံများ လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်သည်။

၎င်း၏ ဘိလပ်မြေစက်ရုံ Hubei Xinshiji Cement အနီးတွင် ဝက်မွေးမြူရေးတိုက်ကို ဆောက်လုပ်ခဲ့သည်။

တရုတ်နိုင်ငံတွင် အိုးအိမ်တိုက်တာ ဆောက်လုပ်ရေးကဏ္ဍသည် ကြွေးမြီ အကြီးအကျယ်တင်ပြီး ရပ်လုနီးပါး ဖြစ်နေသဖြင့် ဘိလပ်မြေလုပ်ငန်းများလည်း ရပ်လုနီးပါး ဖြစ်နေစဉ် စားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်းကို  လုပ်ကိုင်ရန် Zhongxin Kaiwei ဆုံးဖြတ်ခဲ့သည်။

စစချင်းတွင် အသင့်ချက်စား စားစရာအထုပ်များ ထုတ်လုပ်ရန် လုပ်ဆောင်ခဲ့ပြီး စိတ်ကူးပြောင်းသွားကာ ဝက်မွေးမြူရေးကို လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။

ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Jin Lin က ကုမ္ပဏီသည် ခေတ်မီစိုက်ပျိုးရေးကဏ္ဍကို အလားအလာကောင်းသော ကဏ္ဍတစ်ခုအဖြစ် ရှုမြင်ကြောင်း၊ ဝက်မွေးမြူရေးခြံကို တည်ဆောက်ရန်အတွက် ၎င်း၏ကိုယ်ပိုင် ဆောက်လုပ်ရေးသုံးပစ္စည်းများကို အသုံးပြုနိုင်သည့် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ကုမ္ပဏီမှ ရှုမြင်ကြောင်း ပြောကြားသည်။ 

ဝက်မြူရေးလုပ်ငန်းအတွက် ဆင်တူမိုးထိတိုက်နှစ်လုံး ‌ေဘးချင်းယှဉ်လျက် ဆောက်လုပ်ထားသည်။ အဆောက်အဦ ၂ ခုပေါင်း ဝက်မွေးမြူရေး ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၈ သိန်းရှိသည်။ ဝက်ကောင်ရေ ၆ သိန်းခွဲအထိ မွေးမြူနိုင်သည်။ အဆောက်အဦနှစ်ခု တည်ဆောက်စရိတ် စုစုပေါင်း ယွမ် ၄ ဘီလီယံ ကုန်ကျသည်။ ဓာတ်ငွေ့၊ အပူချိန်၊ လေဝင်လေထွက် အကုန်လုံး ထိန်းချုပ်ပေးထားသည်။ အလိုအလျောက် အစာကျွေးသည့်နေရာ ၃ သောင်း ထားရှိသည်။ ဗဟိုထိန်းချုပ်ခန်းမှ ခလုတ်နှိပ်ပေးပြီး အစာကျွေးသည်။

 

ဗဟိုထိန်းချုပ်ခန်းမှ မိုနီတာစခရင်တွင် ဝက်များကို အချိန်နှင့် တပြေးညီ မြင်နေရသည်။

 

.

ဝက်များမှ စွန့်ပစ်သည့် အညစ်အကြေးများကို ဇီဝဓာတ်ငွေ့ ထုတ်လုပ်သည်။ ၎င်းဇီဝဓာတ်ငွေ့ကို မီးစက်တွင် အသုံးပြုသည်။ ရေအပူပေးရန်အတွက်လည်း သုံးစွဲသည်။ 

လုပ်သားများသည် တိုက်အတွင်းသို့ မဝင်ခင် တစ်ကိုယ်ရေသန့်ရှင်းမှု ရှိမရှိ အစစ်ဆေးခံရသည်။ ပိုးသတ်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖြတ်သန်းရသည်။ ထို့နောက် စစ်ဆေးမှု ခံယူပြီး ကျေနပ်သည့်အဆင့် ရရှိမှ ဝင်ခွင့်ပြုသည်။ တစ်ကြိမ် အလုပ်ဝင်လျှင် တိုက်ထဲမှ အပြင်သို့ လုံးဝမထွက်ဘဲ တစ်ပတ် နေထိုင်ပြီး အလုပ်ဆင်းရသည်။ 

.

တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက အထပ်မြင့်အဆောက်အဦဖြင့် ဝက်မွေးမြူရန် မူဝါဒ ချမှတ်ထားသည်။ 

အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် အထပ်မြင့် ဝက်မွေးမြူရေးတိုက် ၆၄ လုံး ဆောက်လုပ်ရန် စီစဉ်ထားပြီး ဆောက်လုပ်ရေး စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်တွင် စတင်ခဲ့သည်။

Source the guardian

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Agriculture & Livestock Read 13013 times