ကန် ဒေါ်လာ ပြန်သုံးရမယ့် တရုတ်မြန်မာ နယ်စပ် ကုန်သွယ်ရေး


05 July, 2022

ကန် ဒေါ်လာ ပြန်သုံးရမယ့် တရုတ်မြန်မာ နယ်စပ် ကုန်သွယ်ရေး

မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးက ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိအသုံးပြုနေတဲ့ တရုတ်ယွမ်ငွေအစား အမေရိကန်ဒေါ်လာကို ပြန်ပြီးအသုံးပြုဖို့ မြန်မာကုန်သွယ်ရေးဦးစီဌာနက တနင်္ဂနွေနေ့မှာ အသိပေးလိုက်ပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအတိုင်းပဲ ပို့ကုန်တင်ပို့ပြီး ရရှိလာတဲ့နိုင်ငံခြားငွေကို (၄၅) ရက်အတွင်း ပြည်တွင်းဘဏ်တွေမှာ ကျပ်ငွေနဲ့လဲလှယ်သွားရမယ်လို့ ညွှန်ကြားလိုက်တာပါ။ ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်းကို ပုံသေသတ်မှတ်ထားတဲ့ စနစ်ကြောင့် အခုညွှန်ကြားချက်ကို နယ်စပ်ကုန်သည်တွေကေ သဘောမကျကြောင်း ပြောပါတယ်။ 

ရှမ်ပြည်မြောက်ပိုင်း မူဆယ်နယ်စပ်ကနေ တရုတ်ပြည်ကိုတင်ပို့တဲ့ ကုန်ပစ္စည်းတွေကို ယွမ်ငွေအစား အမေရိကန်ဒေါ်လာနဲ့ အရောင်းအဝယ် လုပ်ကြဖို့ မြန်မာ ကုန်သွယ်ရေးဦးစီးဌာနက တနင်္ဂနွေနေ့က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ ကုန်သွယ်လို့ရရှိလာတဲ့ ဒီအမေရိကန်ဒေါ်လာကို ပို့ကုန်တင်ပို့တဲ့ရက်ကစပြီး ၄၅ရက်အတွင်းမှာ ပြည်တွင်းဘဏ်စာရင်းထဲကို ထည့်သွင်းရမယ်လို့လည်း ဒီညွှန်ကြားချက်ထဲမှာ ရေးသားထားတာပါ။

မြန်မာဗဟိုဘဏ်က အမေရိကန် တဒေါ်လာတန်ဖိုးကို ၁,၈၅၀ ကျပ်အဖြစ် သတ်မှတ်ထားတဲ့အတွက် အခုညွှန်ကြားချက်က အဆင်ပြေမှာမဟုတ်ဘူးလို့ နယ်စပ်ကုန်သည်တွေက ဗွီအိုအေကို ပြောပါတယ်။ ဗဟိုဘဏ်သတ်မှတ်ထားတဲ့ ငွေလဲနှုန်းက ပြင်ပပေါက်ဈေးထက် ကျပ် ၄၀၀လောက် နည်းနေကြောင်း မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်များအသင်းရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

" ဝင်လာတဲ့ အမေရိကန်ဒေါ်လာတွေကို ၁,၈၅၀နဲ့ပဲ သူတို့ကပြန်ပြီးတော့ လဲလှယ်ပေးမယ်ဆိုတဲ့ ပုံစံပါပဲ။ သူတို့လုပ်ဆောင်တဲ့အပေါ်ကို ကုန်သည်တွေ မကြိုက်ပါဘူး၊ ထိခိုက်နစ်နာ၊ ဆုံးရှုံးပါတယ်ဆို သူတို့ကမကြိုက်ဘူး။ လုံးဝမကောင်းဘူး ဒီ အမေရိကန်ဒေါ်လာနဲ့သွားတာ ဘာကြောင့်လဲဆိုတော့ ငွေကွာဟချက်က တအားများသွားပြီ။ အပြင်မှာ ဒေါ်လာ ၂,၂၀၀ ပေါက်နေတယ်၊ ဒီနေ့ ဗဟိုဘဏ်ကနေ သူတို့ရောင်းလို့ရတဲ့ ပိုက်ဆံတွေကို ၁,၈၅၀နဲ့ပဲ လဲပေးမှာ။ ဘယ်လိုလုပ် အဆင်ပြေမှာလဲ။"

ပို့ကုန်တင်ပို့တာမှာ အမေရိကန်ဒေါ်လာနဲ့ အရောင်းအဝယ်လုပ်ဖို့ ကနဦးထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်မှာ ဆန်နဲ့ဆန်ကွဲကို ထည့်သွင်းထားပေမဲ့ တနင်္ဂနွေနေ့က ထပ်ပြီးထုတ်ပြန်တဲ့ ညွှန်ကြားချက်အသစ်မှာတော့ ဆန်နဲ့ဆန်ကွဲကို တရုတ်ယွမ်ငွေနဲ့ ဆက်ပြီးအလုပ်လုပ်နိုင်တယ်လို့ ပြင်ဆင်ထားပါတယ်။ တချို့ပို့ကုန်အမယ်တွေကို အခုဇူလိုင် ၁ရက်ကစပြီး အမေရိကန်ဒေါ်လာနဲ့ အရောင်းအဝယ်စလုပ်ဖို့ ညွှန်ကြားထားကြောင်း မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်ရဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့ကတော့ အပေါ်ကညွှန်ကြားချက်အတိုင်း အောက်ကတော့ လုပ်ရမှာပေါ့။ ပဲ၊ ပြောင်း၊ နှမ်း ဒေါ်လာနဲ့ဆိုလည်း ဒေါ်လာနဲ့သွားရမှာပေါ့။ ကုန်သည်၊ လုပ်ငန်းရှင်တွေ အခက်အခဲရှိတယ်ဆိုလည်း အဲဒါတော့ ကျနော်တို့အပေါ်ပိုင်း ရုံးချုပ်ကပဲဆိုတော့၊ အဲဒီအပိုင်းကျနော်တို့ မသိဘူးဗျ။"

ယခင်ကလည်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းမှာ အမေရိကန်ဒေါ်လာကိုပဲ အဓိကသုံးစွဲကြပေမဲ့ ဗဟိုဘဏ်က ပုံသေသတ်မှတ်ထားတဲ့ဈေးနဲ့ မဟုတ်ဘဲ ဈေးကွက်ငွေလဲနှုန်း ပေါက်ဈေးအတိုင်း အရောင်းအဝယ်လုပ်ခဲ့ကြတာလို့ ကုန်သည်တွေက ပြောပါတယ်။ အမေရိကန်ဒေါ်လာ ပြည်တွင်းမှာရှားပါလာပြီးတဲ့နောက် ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ယွမ်ငွေနဲ့ ကျပ်ငွေ၊ ထိုင်းဘတ်ငွေနဲ့ကျပ်ငွေ စသဖြင့် လဲလှယ်အသုံးပြုခဲ့ရတာပါ။ အခု တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်မှာ ပို့ကုန်အတွက် အမေရိကန်ဒေါ်လာနဲ့ ပြန်ပြီး အရောင်းအဝယ်လုပ်ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။


 #MyanmarIndustryGuide
Telegram Channel
https://t.me/Guid4U
Source VOA

Export, Import Read 6626 times