ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားအသစ် ထုတ်ဝေခြင်းနှင့်စပ်လျဉ်း၍ အများပြည်သူသိ


24 July, 2023

ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားအသစ် ထုတ်ဝေခြင်းနှင့်စပ်လျဉ်း၍ အများပြည်သူသိရှိစေရန် မေးခွန်းနှင့်အဖြေများ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

မေးခွန်း(၁)။မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ်နှစ်သောင်းတန် Bank Note အသစ် ထုတ်ရခြင်း၏ ရည်ရွယ်ချက်ကို သိရှိလိုပါတယ်။

အဖြေ       ။မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပမှုအား ပြသရန်၊ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည်နှင့် ကမ္ဘာကြီး အေးချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ် တည်ဆောက်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ် နှင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့ တွင် မွေးဖွားသန့်စင်သည့် ဆင်ဖြူတော် ရတနာ "ရဋ္ဌနန္ဒက" ၏ တစ်နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ရည်ရွယ်၍ အသစ်ထုတ်ရခြင်း ဖြစ်ပါသည်။

မေးခွန်း(၂)။New Bank Note ကျပ်နှစ်သောင်းတန်ကို မည်သို့ ထုတ်ပေးမည်ကို ဖြေကြား ပေးစေလို ပါတယ်။
အဖြေ       ။New Bank Note ကျပ်နှစ်သောင်းတန်ဟာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ဆင်ဖြူတော်ရတနာ ရဋ္ဌနန္ဒက ၏တစ်နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် ရည်ရွယ်ထုတ်ခြင်းဖြစ်၍ အရေအတွက် အကန့်အသတ် ဖြင့်သာ ထုတ်ဝေသွားမည်ဖြစ်ပြီး သတင်းထုတ်ပြန်ချက်မှာပါတဲ့အတိုင်း ဟောင်းနွမ်း ငွေစက္ကူများ ကို အစားထိုး လဲလှယ်ပေးခြင်းတွင် အမှတ်တရအနေဖြင့် ထည့်သွင်း လဲလှယ်ပေးမည် ဖြစ်ပြီး ထိုသို့ လဲလှယ်တန်ဖိုးတွင် လူတစ်ဦးလျှင် နှစ်သောင်းကျပ်တန် ငွေစက္ကူ (၃) ရွက်ခန့်သာ လဲလှယ်နိုင်မည် ဖြစ်ပါသည်။ ပြည်သူလူထုလက်ဝယ်ရှိ ဟောင်းနွမ်း ငွေစက္ကူများကို ပြန်လည်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးသွင်းစေပြီးမှ New Note ကို အမှတ်တရအနေဖြင့် နှစ်သောင်းကျပ်တန် ငွေစက္ကူ ၃ ရွက်ခန့် ထည့်သွင်း၍ တန်ဖိုးတူ ပြန်လည်ထည့်သွင်း လဲလှယ်ပေးတာ ဖြစ်တဲ့အတွက် အကန့်အသတ်ဖြင့်သာ လဲလှယ် ပေးခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ လဲလှယ်ထားသည့် ဟောင်းနွမ်း ငွေစက္ကူများကို ဖျက်ဆီးမည့်စာရင်းနှင့် ဖျက်ဆီးမည့် ငွေစက္ကူ လက်ကျန်အတွင်းသို့ ထည့်သွင်းပြီး ဖျက်ဆီးသွားမည် ဖြစ်သဖြင့် အထက်ပါ ကျပ်နှစ်သောင်းတန် ငွေစက္ကူ များထုတ်ဝေခြင်းကြောင့် ငွေကြေး ပမာဏ တိုးတက်ရန် လုံးဝ အခြေအနေ မရှိကြောင်း ဖော်ပြအပ်ပါသည်။
 
မေးခွန်း(၃)။ဤသို့လဲလှယ်ထုတ်ပေးခြင်းဖြင့်ငွေကြေးဖောင်းပွမှုကို ဖြစ်စေပါသလား။
အဖြေ       ။မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုလျော့နည်းကျဆင်းစေရန်နှင့် ငွေကြေး ဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်စေရန်အတွက် ဆောင်ရွက်လျက်ရှိသော ငွေကြေးမူဝါဒမှာ တိုင်းပြည်၏စီးပွားရေးကို ပိုမိုအထောက်အကူဖြစ်ရန်နှင့် နှစ်စဉ်လျာထားသည့် အမျိုးသား ပြည်တွင်းထုတ်ကုန် GDP ရည်မှန်းချက်နှင့်အညီ ငွေကြေးစနစ်အတွင်းရှိ ထားရှိသင့်သည့် သီးသန့်ငွေကြေးပမာဏအား တွက်ချက်၍ သတ်မှတ်ပမာဏအတွင်း ရောက်ရှိစေရန် ဆောင်ရွက်သော ငွေကြေးမူဝါဒဘောင်ကို အဓိကထား ဆောင်ရွက်လျက် ရှိပါသည်။ စီးပွားရေးလုပ်ငန်းများကို ပိုမိုအရှိန်မြှင့်ဆောင်ရွက်နိုင်ရန် အတိုးနှုန်း မြှင့်တင်ခြင်းထက် စီးပွားရေးစနစ်အတွင်း ထားရှိသင့်သည့် သီးသန့်ငွေကြေးပမာဏအား အတိုး/ အလျော့ ပြုလုပ်နိုင်သည့် ဘဏ်များက ဗဟိုဘဏ်တွင် ထားရှိရမည့် သီးသန့်ငွေကြေး ပမာဏအချိုး (Reserve Requirement Ratio) မြှင့်တင်ခြင်း/ လျော့ချခြင်းဖြင့် ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံ၏စီးပွားရေးစနစ်အတွင်းရှိ စုစုပေါင်း ငွေကြေး ပမာဏကို စဉ်ဆက်မပြတ် စောင့်ကြည့် စိစစ်လျက်ရှိပြီး၊ ရည်မှန်းချက်ပမာဏအတွင်း တွင်သာ ရှိစေရန် ယင်း ပမာဏကို နှုတ်သိမ်းခြင်း၊ ထည့်သွင်းခြင်းတို့ကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက် ရှိပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အတန်အသင့် တင်းကြပ်သော ငွေကြေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း တွေ့ရှိနိုင်ပါသည်။ အလားတူ ငွေရေးကြေးရေး ကဏ္ဍ တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် အတွက်လည်း ဘဏ်နှင့် ဘဏ် မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအား နီးကပ်စွာ ကြီးကြပ်စစ်ဆေးခြင်း၊ ထိန်းကျောင်းပြုပြင်ခြင်းနှင့် လိုအပ်သည်များ ပံ့ပိုးကူညီခြင်းတို့ ဆောင်ရွက်လျက် ရှိပါသည်။ ထို့ပြင် ဒစ်ဂျစ်တယ် စီးပွားရေးစနစ်နှင့် ဒစ်ဂျစ်တယ် ငွေပေးချေမှုများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အမျိုးသားငွေပေးချေမှု မဟာဗျူဟာနှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ ငွေကြေးမူဝါဒ နည်းလမ်းများ၊ ငွေရေးကြေးရေး ကဏ္ဍတည်ငြိမ်စေရန် နည်းလမ်းများနှင့် ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှု တိုးတက် စေရန် ဆောင်ရွက်မှုများကြောင့်၊ နိုင်ငံစီးပွားရေးစနစ် အတွင်းရှိ  ဘဏ်များတွင် အပ်နှံငွေ များ တိုးတက်လျက်ရှိသကဲ့သို့ စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော ချေးငွေများ လည်း တိုးတက်ထုတ်ပေးလျက်ရှိပါသည်။ ထို့အတူ နိုင်ငံစီးပွားရေး စနစ်အတွင်း လှည့်လည် သုံးစွဲငွေ (Currency in Circulation  CIC) များ လျော့နည်းကျဆင်းခဲ့ကြောင်း၊ CIC တိုးတက်မှုနှုန်းသည် ၂၀၂၁ ခုနှစ်တွင် ၄၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၂၉  ရာခိုင်နှုန်း သို့လည်းကောင်း ၂၀၂၃ ခုနှစ် မေလတွင် ၁၁ ရာခိုင်နှုန်းသို့ လည်းကောင်း ကျဆင်းခဲ့ကြောင်း ဖော်ပြအပ်ပါသည်။ သို့ဖြစ်ပါ၍ ယခု အထိမ်းအမှတ်အဖြစ် ကျပ် နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းမှာ အမှတ်တရအနေဖြင့်လည်းကောင်း၊ အကန့် အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ်ပေးခြင်းဖြစ်၍ လည်းကောင်း၊ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ကြောင်း ဖော်ပြအပ်ပါသည်။
ထို့ပြင် နိုင်ငံခြားငွေလဲလှယ်နှုန်းမှတစ်ဆင့် ငွေကြေးဖောင်းပွမှု မြင့်တက်စေခြင်း မဖြစ်စေရန် အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေး အတွက် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ နေ့စဉ် နိုင်ငံခြားငွေ စီးဝင်မှု/ စီးထွက်မှု အား နီးကပ်စွာ စောင့်ကြည့်စိစစ်လျက်ရှိပြီး ဈေးကွက်အတွင်း နိုင်ငံခြားငွေ လိုအပ်ချက် များရှိလာပါက Financing ပေးခြင်း၊ ရောင်းချပေးခြင်းနှင့် နိုင်ငံခြားငွေဝယ်ယူ ထိန်းသိမ်း ထားသည့် ဘဏ်များအား နိုင်ငံခြားငွေလိုအပ်သော သွင်းကုန် တင်သွင်းသူများနှင့် စီးပွားရေးလုပ်ငန်းများထံသို့ ရောင်းချစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ယခု အခြေအနေအရ နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျ မကြမ်းဘဲ တည်ငြိမ်နေကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဦးစီး ဆောင်ရွက်လျက်ရှိသည့် ဘဏ်များအကြား Online နိုင်ငံခြားငွေကြေးဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိသည့် Exchange Rate ကို ကြည့်နိုင် ပါကြောင်းနှင့် Online နိုင်ငံခြားငွေကြေးဈေးကွက်တွင်  သွင်းကုန်တင်သွင်းသူများ အတွက် လိုအပ်သည့် နိုင်ငံခြားငွေအားရယူနိုင်လျက်ရှိသဖြင့် စီးပွားရေးလုပ်ငန်းများ အတွက် လိုအပ်သော  သွင်းအားစုများနှင့် ဈေးကွက်အတွင်းလိုအပ်သော သွင်းကုန်များကို တင်သွင်း နိုင်လျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။
ယခုထုတ်ဝေသည့် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းသည် အထက်ပါ နိုင်ငံခြား ငွေကြေးဈေးကွက်၏ နေ့စဉ် အရောင်းအဝယ်များအား သက်ရောက်မှု မရှိနိုင်ကြောင်း ဖော်ပြအပ်ပါသည်။

မေးခွန်း(၄)။ယခု အထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူ ထုတ်ဝေခြင်းကို အကြောင်း ပြုပြီး ကုန်စည်ဈေးနှုန်း ကစားကာ မဟုတ်မမှန်သော နည်းလမ်းဖြင့် အကျိုးအမြတ် ရယူခြင်းများ (Speculation and Manipulation) ဆောင်ရွက်လာပါက အရေးယူ ဆောင်ရွက်မည့် အစီအစဉ်အား ရှင်းပြပေးပါ။

အဖြေ။မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုလျော့နည်းသက်သာစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျ မကြမ်းဘဲ တည်ငြိမ်စေရန် အဓိက ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး အထက်ပါ အဖြေများတွင် အသေးစိတ် ဆွေးနွေးပြီး ဖြစ်ပါသည်။

ယခုအထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းသည် နိုင်ငံ စီးပွားရေး စနစ်အတွင်း လှည့်လည်သုံးစွဲငွေ (Currency in Circulation  CIC) အတွင်းသို့ ထည့်သွင်းခြင်းမဟုတ်ဘဲ ဟောင်းနွမ်းငွေစက္ကူလာရောက်လဲလှယ်သူ တစ်ဦးလျှင် ဥပမာ- ငွေစက္ကူအဟောင်း ကျပ် သိန်း ၁၀၀ လာရောက်လဲလှယ်သူအား ငွေစက္ကူအသစ် ကျပ် သိန်း ၁၀၀ ပြန်ပေးသည့်အခါတွင် အမှတ်တရအဖြစ် ကျပ် နှစ်သောင်းတန် ငွေစက္ကူ ၃ ရွက် သာ ထည့်သွင်းလဲလှယ်ပေးရန် လျာထားပါသည်။ ဤကဲ့သို့ လဲလှယ်ထားသည့် ဟောင်းနွမ်း ငွေစက္ကူများကို ဖျက်ဆီးမည့် စာရင်းနှင့် ဖျက်ဆီးမည့် ငွေစက္ကူ လက်ကျန်အတွင်းသို့ ထည့်သွင်းပြီး ဖျက်ဆီးသွားမည် ဖြစ်သဖြင့် အထက်ပါ ကျပ် နှစ်သောင်းတန် ငွေစက္ကူများထုတ်ဝေခြင်းကြောင့် ငွေကြေးပမာဏ တိုးတက်ရန် လုံးဝ အခြေအနေ မရှိကြောင်း ဖော်ပြအပ်ပါသည်။

ဤအခြေအနေတွင် အကြောင်းအမျိုးမျိုးဖော်ပြပြီး ကုနျစညျဈေးနှုူနျးမြား ဆွဲတင်ရန် လှုံံ့ဆော်နေသူများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ကြိုးစားနေသူများသည် ပြည်သူအများ၏ အကျိုးစီးပွားကို ပျက်စီးရာ ပျက်စီးကြောင်း ဆောင်ရွက်နေသူများ ဖြစ်သဖြင့် ၎င်းတို့အား ဖော်ထုတ်ပြီး အရေးယူနိုင်ရန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

မေးခွန်း(၅)။အထိမ်းအမှတ်အဖြစ် ငွေကြေး ထုတ်ဝေခြင်းကို အခြားသောနိုင်ငံများ၌ ထုတ်လေ့ ရှိပါ သလား။

အဖြေ။အထိမ်းအမှတ် ငွေစက္ကူနှင့် ဒင်္ဂါး (Commemorative Notes and Coins)များကို ကမ္ဘာ့ နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်ပွဲများ၊ အမှတ်တရဖြစ်မည့်အရာများ အတွက် အရေ အတွက် အကန့်အသတ်နှင့် ထုတ်ဝေလေ့ရှိကြပါသည်။ ဥပမာအားဖြင့် ကာတာ နိုင်ငံက ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား အထိမ်းအမှတ် အဖြစ် ကာတာရီ ရိုင်ယယ် ၇၅ တန်ဖိုးရှိသော ငွေစက္ကူကိုလည်းကောင်း၊ ပိုလန်နိုင်ငံရဲ့ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒ ပညာရှင်ဖြစ်သူ Nicolaus Copernicus မွေးဖွားခြင်းနှစ်(၅၅၀)ပြည့်မြောက် အထိမ်း အမှတ်အဖြစ် ဇိုတီ ၂၀ တန်ဖိုးရှိသော ငွေစက္ကူကို ၉-၂-၂၀၂၃ ရက်နေ့တွင်လည်းကောင်း၊ ပါကစ္စတန်နိုင်ငံတော် ဘဏ်တည်ထောင်ခြင်း (၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရူပီး ၇၅ တန်ဖိုးရှိသော ငွေစက္ကူကို ၁-၇-၂၀၂၃ ရက်နေ့တွင်လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ ဗဟိုဘဏ်က ၂၀၂၁ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံတွင် ခရစ်ယာန်ဘာသာ ရောက်ရှိသော နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ပီဆို ၅,၀၀၀ ကိုလည်းကောင်း၊ ၂၀၂၀ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမှ ၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် အင်ဒိုနီးယား ရူပီယား ၇၅,၀၀၀ တန်ဖိုးရှိသော ငွေစက္ကူများကိုလည်းကောင်း ထုတ်ဝေခဲ့ကြောင်း လေ့လာတွေ့ရှိရ ပါသည်။

မေးခွန်း(၆)။ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်း ကျပ်တန် ငွေစက္ကူအား ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ဝေ သွားမည်လို့ သိရပါတယ်။ ဘဏ်မှာ ဘယ်အချိန်ကစတင်ပြီး လာရောက် လဲလို့ရနိုင်မည်လဲ။ အများပြည်သူလဲလို့ရအောင် စီမံဆောင်ရွက်ထားတာမျိုး ရောရှိလား။

ဖြေ-ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ် ကျပ်တန် ငွေစက္ကူများအား အထိမ်းအမှတ်အဖြစ် ထုတ်ဝေခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များရှိ ငွေလဲကောင်တာများတွင် ဟောင်းနွမ်းငွေစက္ကူများ လာရောက် လဲလှယ် တဲ့ ငွေစက္ကူဟောင်းနှင့် လဲလှယ်လိုသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုသာ အမှတ် တရ သိမ်းဆည်းထားနိုင်ရန် အများဆုံး ၃ ရွက်ခန့်သာ ထည့်သွင်းလဲလှယ်ပေးသွားမည် ဖြစ်ပါသည်။

မေးခွန်း(၇)။အများပြည်သူမှ ဗဟိုဘဏ်ငွေလဲကောင်တာများသို့ ဟောင်းနွမ်းငွေစက္ကူများ လာရောက် လဲလှယ်တဲ့အခါ လိုအပ်တဲ့အထောက်အထားများနဲ့ သတ်မှတ်ချက်များရှိပါက ရှင်းလင်း ပြောကြားပေးစေလိုပါတယ်။

ဖြေ-အများပြည်သူမှ ဟောင်းနွမ်း၊ စုတ်ပြဲငွေစက္ကူများ လာရောက်လဲလှယ်ပါက နိုင်ငံသား စိစစ်ရေးကတ်ပြားယူဆောင်လာရန်လိုအပ်ပြီး လူပုဂ္ဂိုလ်တစ်ဦးလျှင် ဟောင်းနွမ်းငွေစက္ကူ ရွက်ရေ(၅၀၀)အထိ နေ့စဉ်ရုံးဖွင့်ရက်များတွင် ကောင်တာဖွင့်လှစ်ချိန်အတွင်း လက်ခံလဲ လှယ်ပေးသွားမှာဖြစ်ပါတယ်။ ဟောင်းနွမ်းငွေစက္ကူရွက်ရေ(၅၀၀)ထက် ကျော်လွန်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးစီမံခန့်ခွဲမှုဌာနသို့ လျှောက်လွှာဖြင့်တင်ပြ၍ ချိတ် ဆက်လဲလှယ်နိုင်ပါတယ်။ ပိုရှင်းလင်းအောင်ပြောရရင် ပြည်သူ များအတွင်း လှည့်လည် သုံးစွဲနေသော ငွေစက္ကူများထဲမှ ဟောင်းနွမ်းငွေစက္ကူတွေကို ဘဏ်တွေမှာ ကောင်းမွန်တဲ့ ငွေစက္ကူများနဲ့ လဲလှယ်နိုင်ပါတယ်။ ဟောင်းနွမ်းစုတ်ပြဲတဲ့ ငွေစက္ကူတွေနဲ့ ဗဟိုဘဏ်ကို လာရောက်လဲလှယ်ရင် လဲလှယ်ပေးတဲ့ငွေစက္ကူများနဲ့အတူ အထိမ်းအမှတ်အနေနဲ့ ထုတ်ဝေ တဲ့ နှစ်သောင်း ကျပ်တန်ငွေစက္ကူကို အကန့်အသတ်အဖြစ် အများဆုံး ၃ ရွက်ခန့်သာ ထည့်သွင်း လဲလှယ်ပေးမှာဖြစ်ပါတယ်။

မေးခွန်း(၈)။ဟောင်းနွမ်းငွေစက္ကူများကို လဲလှယ်ပေးရာတွင် တန်ဖိုးတူလဲလှယ်ပေးခြင်းနဲ့ ဆောင်ရွက် ပေးမယ်လို့သိရပါတယ်။ တန်ဖိုးတူလဲလှယ်ပေးခြင်းဆိုတာကို ရှင်းပြပေးစေလိုပါတယ်။

ဖြေ-တန်ဖိုးတူလဲလှယ်ပေးမယ်ဆိုတာက အများပြည်သူက လာရောက်လဲလှယ်တဲ့ ဟောင်းနွမ်း ငွေစက္ကူများကို ရွက်ရေတန်ဖိုးအလိုက် လဲလှယ်ပေးခြင်းမဟုတ်ဘဲ စုစုပေါင်းတန်ဖိုး ပမာဏကို သင့်တော်သော ငွေစက္ကူအမျိုးအစားများနဲ့ လဲလှယ်ပေးခြင်းဖြစ်ပါတယ်။

မေးခွန်း(၉)။လက်ရှိလှည့်လည်သုံးစွဲနေတဲ့ ငွေစက္ကူများနဲ့ ငွေအကြွေများကရော တရားဝင်ငွေကြေး အဖြစ် ဆက်ရှိနေဦးမှာလား။

ဖြေ-လက်ရှိလှည့်လည်သုံးစွဲလျက်ရှိတဲ့ ငွေစက္ကူများနဲ့ ငွေအကြွေများဟာဆိုရင် တရားဝင် ငွေကြေး အဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်တယ်။

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 366 times