ပြီးခဲ့သည့် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံရှိကာ အိမ်ရာအဆောက်အအုံကဏ္ဍတွင် သိသိသာသာတိုးတက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သော တစ်နှစ်တာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နံမှုအနေဖြင့် လျာထားချက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံတိုးတက်ဖို့ လျာထားခဲ့တာဖြစ်ပြီး အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုကတော့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံဖြစ်တဲ့အတွက် လျာထားချက်ထက်ကျော်လွန်သွားခဲ့ကြောင်း၊ အဓိကတိုးတက်ခဲ့တဲ့ ကဏ္ဍတွေကတော့ အိမ်ရာဆောက်လုပ်ရေးကဏ္ဍ၊ စက်မှုနဲ့ အခြားဝန်ဆောင်မှု ကဏ္ဍတွေပဲဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အားနည်းသွားတဲ့ ကဏ္ဍတွေကတော့ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍတွေပဲဖြစ်သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဝဏ္ဏအောင် က ပြောခဲ့ပါသည်။
မြန်မာနိုင်ငံသို့ အများဆုံး ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံများတွင် စင်ကာပူက နံပါတ်တစ်နေရာတွင် ရပ်တည်နေပြီး တရုတ်နှင့် နယ်သာလန် နိုင်ငံတို့က ဒုတိယနှင့် တတိယနေရာတွင်ရှိနေကြောင်း၊ စက်မှုနှင့်အိမ်ရာ အဆောက်အအုံ၊ နည်းပညာကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အခွင့်အလမ်းများစွာရှိနေကြောင်း ၎င်းက ထပ်မံပြောခဲ့ပါသည်။
အဆိုပါကာလအတွင်း နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် လုပ်ငန်း ၁၁၉ ခုရှိပြီး တန်ဖိုးအားဖြင့် ငွေကျပ် ဘီလီယံပေါင်း ၃၉၂၈ ဒသမ ၁ ဖြစ် သည့် အတွက် ပြီးခဲ့သည့် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်နှင့် နှိုင်းစာလျှင် ထက်ဝက် ကျော် တိုးတက်လာခဲ့ကြောင်း၊ လယ်ယာကဏ္ဍမှလွဲ၍ ကျန်ကဏ္ဍများ ပြည်တွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှာ တိုးတက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် အတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု (FDI)မှ အလုပ်အကိုင် ၉၅ဝဝဝဝ ဖန်တီးပေးနိုင်ပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု မှ ၂၂ဝဝဝ ကျော် ဖန်တီးပေးနိုင်သည့်အတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ တစ်နှစ်ထက်တစ်နှစ် တိုးတက်အောင် ဆောင်ရွက်သွားရေးသည် အလွန်ပင်အရေးကြီးကြောင်း၊ သို့သော်လည်း နှစ်စဉ် ၂ဝ၂ဝ အထိ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ တိုးတက် ရရှိအောင် လျာထားဆောင် ရွက်နေကြောင်း သိရပါသည်။
MOI