တရုတ်နယ်စပ်ဂိတ်များ သွင်းကုန် ဖြတ်သန်းမရသဖြင့် နီပေါတွင် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးရန်တောင်းဆို 


19 January, 2022

တရုတ်နယ်စပ်ဂိတ်များ သွင်းကုန် ဖြတ်သန်းမရသဖြင့် နီပေါတွင် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးရန်တောင်းဆို 


နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နိုင်ငံဘက်မှ ပူးပေါင်းဆောင်ရွက်မှု မပြုသဖြင့် နီပေါ သွင်းကုန် ထရပ်ကားများ ယခင်က အစီး ၂၀၀ အစား ယခု ၂၀ သာ တင်သွင်းခွင့် ရရှိသည်။

တရုတ်-နီပေါ နယ်ခြားကုန်သွယ်ရေး နယ်စပ်ကုန်သွယ်ရေး ဂိတ်နှစ်ခုတို့တွင် တရုတ်အာဏာပိုင်တို့က လုပ်ငန်းလည်ပတ်ပုံ အဆင်မပြေခဲ့သည်မှာ ကြာမြင့်စွာကတည်းက ဖြစ်ပေရာ နီပေါမှ သွင်းကုန်လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် ဒေသခံတို့က အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုကြသည်။

တရားဝင် မကြေညာသော ပိတ်ဆို့မှုကို တရုတ် အာဏာပိုင်တို့က ကျင့်သုံးနေသည်ဟု ကုန်သည်များနှင့် လုပ်ငန်းရှင်များက စွပ်စွဲ ပြောဆိုပြီး နီပေါနိုင်ငံ၏ မြို့တော် ခတ္တမန္ဒူမြို့တွင် ဆန္ဒပြခဲ့ကြပါသည်။ ပိတ်ထားသည့် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးရန် ၎င်းတို့က တောင်းဆိုခဲ့ကြသည်။

နယ်စပ်စစ်ဆေးရေးဂိတ် checkpoint များ ဖြစ်သော Kerung နှင့် Tatopani တို့ကို COVID-19 စတင်ချိန်တွင် ပိတ်ထားခဲ့ပြီး အပြည့်အဝ ပြန်မဖွင့်သေးချေ။
ယခင်က ပုံမှန်အားဖြင့် နေ့စဉ် ကုန်အပြည့်ပါ ထရပ်ကား အစီး ၂၀၀ မှ ၂၅၀ အထိ သွင်းကုန်များ တရုတ်ပြည်မှ နီပေါသို့ တင်သွင်းခဲ့သည်။ ယခုအခါ နယ်စပ်ဂိတ်များမှ တစ်ရက်လျှင် အစီး ၂၀ ကိုသာ ခွင့်ပြုလျက်ရှိသည်။

အကောက်ခွန်ဌာနမှ ထုတ်ပြန်သောစာရင်းအရ နေ့စဉ် Kerung မှ ထရပ်ကား ၉ စီးစာ ကုန်စည်များနှင့် Tatopani မှ ထရပ်ကား ၁၁ စီးစာ ကုန်စည်များ တင်သွင်းခွင့် ရရှိသည်။
သွင်းကုန်များတွင် ရေအားလျှပ်စစ် ထုတ်ကုန်များ၊ ဟင်းသီးဟင်းရွက်များ၊ ပန်းသီး အပါအဝင်သစ်သီးများ၊ ကြက်သွန်ဖြူများနှင့် အခြားဦးစားပေး ကုန်စည်အမျိုးမျိုး ပါဝင်သည်။
ကုန်သည်များက ဆောင်းရာသီအတွက် ကုန်ပစ္စည်းများ မရောက်လာသေးသဖြင့် မကျေမနပ် ဖြစ်နေကြသည်။

ဟိမဝန္တာ နယ်ခြားဖြတ်ကျော် ကုန်သည်ကြီးများအသင်း  Himalayan Cross-Border Chamber of Commerce ၏ အဆိုအရ ကုန်အပြည့်တင်ထားပြီးဖြစ်သော ထရပ်ကားများ ရာချီသော အရေအတွက်ဖြင့် တရုတ်နိုင်ငံဘက်တွင် သောင်တင်နေသည်။ နယ်ခြားကို တင်းတင်းကျပ်ကျပ် စီမံသဖြင့် အချိန်ကြန့်ကြာ နှောင့်နှေးနေသောကြောင့် စောင့်ဆိုင်းနေကြရသည်။ အဆိုပါ အသင်း၏ အထွေထွေအတွင်းရေးမှူး Bharat Karki က တရုတ်အာဏာပိုင်တို့က မကြေညာသော ပိတ်ဆို့မှုကို ကျင့်သုံးနေသည်ဟု ပြောကြားသည်။
စစချင်းတွင် COVID-19 ကြောင့် ကုန်စည်စီးဆင်းမှုကို တင်းကျပ်ခြင်းဖြစ်ကြောင်း တရုတ်အာဏာပိုင်တို့က ပြောကြားခဲ့သည်။ COVID-19 ကူးစက်မှု နည်းပါးလာသည့်အခါတွင် ကားစီးရေ တိုးမလာခဲ့ချေ။

တရုတ်ဘက်အခြမ်းတွင် Kerung နယ်စပ်ဂိတ်မှ ထွက်လာသည့် ထရပ်ကားမှ ကုန်စည်များကို ချစ်ကြည်ရေးတံတားတွင် ကုန်ချသည်။ ထိုနေရာမှ နီပေါအလုပ်သမားများက နီပေါဘက်ခြမ်းမှ ထရပ်ကားပေါ် တင်ကြရသည်။ 
တရုတ်ထရပ်ကားများက တံတားပေါ်တွင် ကုန်ချကြသဖြင့် နီပေါထရပ်ကားများပေါ် ပြန်တင်ရသည်မှာ အခက်အခဲရှိနေစေသည်။
Tatopani ကုန်တွင်းဆိပ်ကမ်းမှာ လွယ်ကူသည်။ တရုတ်မှ ကုန်စည်များကို ကွန်တိန်နာများဖြင့် ထည့်သယ်လာပြီး ကွန်တိန်နာ အလုံးလိုက် ချပေးသည်။
သို့သော် နီပေါဘက်အခြမ်းသို့ ရောက်လာရန် သုံးလေးလ ကြာမြင့်သည်။

ကုန်းတွင်းပိတ် နိုင်ငံဖြစ်သော နီပေါ၏ သွင်းကုန်အများစုသည် တရုတ်နယ်စပ်မှ တင်သွင်းသည်။ Tatopani နှင့် Kerung နယ်စပ်စစ်ဆေးရေးဂိတ်များမှ တင်သွင်းသော ကုန်စည်များသည် နီပေါဈေးကွက်ထဲသို့ ရောက်ရှိရန် ၁၈~၂၀ ရက် ကြာသည်။ အိန္ဒိယနိုင်ငံ ကိုလ်ကာတာဆိပ်ကမ်းမှ တင်သွင်းပါက ကွန်တိန်နာများ နီပေါသို့ ရောက်ရှိရန် ၄၀~၄၂ ရက် ကြာသည်။ အိန္ဒိယမှ သယ်ပို့စရိတ်သည် နီပေါထက် ဈေးပိုကြီးသည်။
သို့ဖြစ်ရာ တရုတ်နယ်စပ်မှ တင်သွင်းပါက အချိန် တဝက်သက်သာသည်။ သယ်ပို့စရိတ်လည်း သက်သာသဖြင့်  နီပေါကုန်သည်များသည် တရုတ်နယ်စပ်မှ တင်သွင်းလိုကြသည်။

Export, Import Read 306 times