ထိုင်းစက်ရုံ ၁၀,၀၀၀ ဂျပန်အကူအညီဖြင့် အလိုအလျောက်စနစ် ပြောင်းလဲမည်


03 October, 2021

အရှေ့ စီးပွားရေးစင်္ကြံဌာန Eastern Economic Corridor Office နှင့် ဂျပန် ပြည်ပကုန်သွယ်ရေး အဖွဲ့အစည်း Japan External Trade Organisation (Jetro) တို့ အတူတကွ လုပ်ကိုင်ကြပြီး အရှေ့ စီးပွားရေးစင်္ကြံ Eastern Economic Corridor (EEC) တွင် တည်ရှိသော ဂျပန်လုပ်ငန်းများနှင့် အခြားကုမ္ပဏီများကို ဒစ်ဂျစ်တယ် ကုန်ထုတ်လုပ်မှု ပလက်ဖောင်းသို့ ပြောင်းလဲလုပ်ကိုင်ခြင်းဖြင့် ထုတ်လုပ်မှု စရိတ်များ သက်သာစေမည် ဖြစ်သည်။ 

EEC ဌာနမှ အထွေထွေ အတွင်းရေးမှူး Kanit Sangsubhan က ပြောကြားသည်မှာ EEC ဌာန နှင့်  Jetro  တို့က EEC တွင် တည်ရှိသည့် စက်ရုံပေါင်း ၁၀,၀၀၀ ကို ၎င်းတို့၏ ကုန်ထုတ်လုပ်မှုကို အလိုအလျောက်စနစ်များ သုံးစွဲခြင်းဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များ ငါးနှစ်အတွင်း ၃၀% သက်သာအောင် လုပ်ကိုင်ပေးသွားရန် ရည်မှန်းချက် ထားရှိသည်။ 

ပြောင်းလဲခြင်းက ထိုင်းစက်မှုလုပ်ငန်းများကို အဆင့်မြင့် နည်းပညာများအပေါ် အခြေတည်စေမည် ဖြစ်ပြီး တန်ဖိုး ပိုမြင့်မားသည့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စေမည် ဖြစ်သည်။ 

EEC နှင့်  Jetro တို့နှင့်အတူ ပူးပေါင်းလုပ်ကိုင်ရန် Mitsubishi Electric Factory Automation နှင့် Burapha University တို့က  EEC Automation Park ကို ထူထောင်ခဲ့ကြပြီး နိုဝင်ဘာလတွင် လုပ်ငန်းစတင်မည် ဖြစ်သည်။ EEC Automation Park တွင် သင်တန်းများ ပို့ချပေးမည်ဖြစ်ပြီး အလိုအလျောက် စနစ်များဖြင့် လုပ်ကိုင်ရန် လိုအပ်သော တတ်ကျွမ်းမှုများကို သင်ပြပေးသွားမည် ဖြစ်သည်။ ငါးနှစ်တာ ကာလအတွင်း လုပ်သား ဦးရေ ၄၇၅,၀၀၀ ကို သင်တန်းပေးရန် လျာထားသည်။ 

EEC အနေဖြင့် လာမည့်နှစ်အတွင်း စက်ရုံ ၂၀၀ တွင် အလိုအလျောက်စနစ်များ တပ်ဆင်ကျင့်သုံးရန် ရည်မှန်းထားပြီး လာမည့် ၅ နှစ်အတွင်း စက်ရုံ ၁၀,၀၀၀ အကုန်လုံးတွင် အလိုအလျောက်စနစ်များ အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ 
bangkokpost.com

 

 

 

Tips Read 2115 times