ဘတ်ဈေးငြိမ်ရန် ယွမ်နှင့် ရင်းဂစ် သုံးစွဲမှု ထိုင်း မြှင့်တင်မည် 


08 August, 2023

ဘတ်ဈေးငြိမ်ရန် ယွမ်နှင့် ရင်းဂစ် သုံးစွဲမှု ထိုင်း မြှင့်တင်မည် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်းနိုင်ငံသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ယွမ်နှင့် အခြားအာရှငွေကြေးများ အသုံးပြုမှုကို မြှင့်တင်ရန် စီစဉ်နေပြီး အမေရိကန် ဒေါ်လာနှင့် ဘတ်ငွေ လဲလှယ်နှုန်း အတက်အကျ ကြမ်းနေသည်ကို လျှော့ချရန် စီစဉ်နေကြောင်း ဗဟိုဘဏ် Bank of Thailand (BoT) မှ လက်ထောက်အုပ်ချုပ်ရေးမှူး Alisara Mahasandana က ပြောကြားသည်။
ကန်ဒေါ်လာနှင့် ဘတ် ငွေလဲနှုန်း မတည်ငြိမ်သဖြင့် ငွေလဲနှုန်းကြောင့် ထိခိုက်နစ်နာမှုများ လျော့နည်းစေမည် ဖြစ်သည်။

 

Alisara Mahasandana

 

ကန်ဒေါ်လာမှလွဲ၍ အခြားငွေကြေးများ ကုန်သွယ်မှုတွင် သုံးစွဲမှုကို မြှင့်တင်ရန် ထိုင်းကြိုးပမ်းနေခဲ့သည်မှာ ၁၀ နှစ် ကျော်ပြီဖြစ်သည်။
နှစ်နိုင်ငံ ဗဟိုဘဏ်တို့၏ အစီအမံများနှင့် ငွေကြေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့နှင့်အတူ ယခုအခါ အရှိန်အဟုန်ရရှိနေပြီဟု Alisara က ဆိုသည်။

ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို မှီခိုနေရသော ထိုင်းနိုင်ငံသည် ပြည်တွင်းငွေကြေးကိုအားပျော့စေသည့် ကန်ဒေါ်လာတန်ဖိုးကြောင့် ထိခိုက်နစ်နာမှုများကို လျော့ပါးစေရန် လုပ်ဆောင်နေသည့် နိုင်ငံအများအပြားတွင် ပါဝင်သည်။ ထို့ပြင် ကန်ဒေါ်လာကို နိုင်ငံအရေးတွင် လက်နက်ကိရိယာ ဖြစ်လာနေသည်ကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

ကိုဗစ်ကာလတွင် ထိုင်းနိုင်ငံအဖို့ အဓိကကျသော လုပ်ငန်းကဏ္ဍတစ်ခု ဖြစ်ပြီး ကန်ဒေါ်လာဝင်ငွေ ဘီလီယံချီ ရရှိသည့် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ‌ပျောက်ဆုံးနေခဲ့သည်။ ဗဟိုဘဏ် ငွေစာရင်းတွင် လိုငွေ ပြသွားသည်။ ဘတ်ငွေ တန်ဖိုးပြုတ်ကျသွားခဲ့ရာ ၂၀၂၂ ခုနှစ်မှာ ၁၆ နှစ်တာကာလတွင် အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ယခုအခါ ၁၀% ခန့် ပြန်မြင့်တက်ခဲ့ပြီ ဖြစ်သည်။

BoT သည် တရုတ်၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့တွင် ဘတ်သုံးစွဲမှု မြှင့်တင်ရန်အတွက် ၎င်းနိုင်ငံများမှ ဗဟိုဘဏ်အသီးသီးနှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်။
ဒုတိယနှစ်ဝက်တွင် ရှေ့သို့ ပိုမို ခရီးရောက်သည်ကို မြင်တွေ့ရမည်ဟု သူမက ပြောသည်။

ထိုင်းနိုင်ငံ၏ လှုပ်ရှားမှုသည် ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန် ဒေါ်လာ တန်ဖိုးထား သုံးစွဲမှုများကို ဆန့်ကျင်သည့် တုံ့ပြန်မှု ကြီးထွားလာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
 
တရုတ်နိုင်ငံသည် ယွမ်ငွေဖြင့် ကုန်သွယ်မှုကို မြှင့်တင်ရန်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးခဲ့သည်။

အိန္ဒိယက ကုန်သွယ်မှု ငွေပေးချေရာတွင် ရူပီး သုံးစွဲမှုကို မြှင့်တင်နေပါသည်။
 
 အာဂျင်တီးနားက ကန်ဒေါ်လာ အစား ယွမ်ကို ပြောင်းလဲ သုံးစွဲသည်။
 

ဘတ်ငွေသည် ဇူလိုင်လတွင် ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင်  ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အာရှငွေကြေးများတွင် အများဆုံး မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ၃ လဆက်တိုက် အကျဘက် ရောက်နေခဲ့ရာမှ ပြန်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
အတက်အကျ ကြမ်းနေသော ဘတ်သည် မေလ နောက်ပိုင်း အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိနေသည်ဟု သုံးသပ်ကြသည်။

“ဒေါ်လာ-ဘတ်ငွေ မတည်ငြိမ်မှုက မနှစ်ကကတည်းက မြင့်တက်လာတယ်၊ ဒါကြောင့် အဲဒါကို ရင်ဆိုင်ဖို့ ကိရိယာတွေ ပိုများများ ရှိနေဖို့ အရေးကြီးတယ်”ဟု Alisara က ပြောကြားသည်။
သူမသည် ဗဟိုဘဏ်တွင် ပင်လယ်ရပ်ခြား ငွေကြေးဈေးကွက် လည်ပတ်မှုအဖွဲ့ကို ကြီးကြပ်ရသူ ဖြစ်သည်။

ထိုင်းနိုင်ငံသည် ၂၀၁၁ ခုနှစ်ကတည်းက ဒေသတွင်းငွေကြေးများ သုံးစွဲမှုကို မြှင့်တင်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ကျင့်သုံးမှု နှေးနေခဲ့သည်။

 ထိုင်းနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက် တရုတ်နှင့် ကုန်သွယ်မှုတွင် ယွမ်ကို သုံးစွဲကြခြင်းသည် ယမန်နှစ်က ၁.၂% မျှသာ တိုးခဲ့သည်။
မကြာသေးခင်က တရုတ်နိုင်ငံက စည်းမျဉ်းများ ဖြေလျော့ပေးခဲ့ခြင်း၊ ကုမ္ပဏီများက ကန်ဒေါ်လာကြောင့် ထိခိုက်နစ်နာရသည်ကို လျှော့ချရန် နည်းလမ်းတစ်ခုအဖြစ် ယွမ်ကို သုံးစွဲခြင်းများ ရှိလာသဖြင့် ယွမ်သုံးစွဲမှု ပိုများလာနိုင်သည်ဟု Alisara က ပြောကြားသည်။
"ပြန်ရောင်းဖို့ အလွယ်ကူဆုံး၊ အတွင်ကျယ်ဆုံး၊  အသုံးအများဆုံးငွေကြေးဖြစ်နေလို့ ဒေါ်လာသုံးစွဲမှုကို လျှော့ချရန် မလွယ်ကူပါဘူး” ဟု Alisara က ပြောကြားသည်။
“ဒါပေမဲ့ ဒီအစီအစဉ် ဒေါ်လာအစား နိုင်ငံသုံး ငွေကြေးများ သုံးစွဲမှု တွင်ကျယ်စေရေးကို ဆက်မလုပ်သင့်ဘူးလို့ မဆိုလိုပါဘူး။ အနည်းဆုံးအနေဖြင့် ဒေါ်လာနှင့် ငွေလဲလှယ်နှုန်း အတက်အကျတွေကြောင့် နစ်နာဆုံးရှုံးရမယ့်အရေးကို  လျော့ပါးသက်သာစေရန်  အခြားရွေးချယ်စရာတစ်ခုကို ကျွန်မတို့ စီစဉ်ပေးထားသင့်ပါတယ်"

BoT ၏ ယခုနှစ် ဒုတိယနှစ်ဝက်တွင် ဒေသတွင်း ငွေကြေးသုံးစွဲမှု မြှင့်တင်ရန် အစီအစဉ်များတွင် အောက်ပါတို့ ပါဝင်သည်။

• နိုင်ငံခြားငွေလဲလှယ်မှုစည်းမျဉ်းများ ဖြေလျှော့ရန်နှင့် ယွမ်ငွေ ပြန်ရောင်းဖို့ လွယ်ကူမှုကို တိုးမြှင့်ရန်အတွက် တရုတ်ပြည်သူ့ဘဏ်နှင့် ဆွေးနွေးမှုများ ပြုရန်
• ယွမ်ငွေလွှဲ ပေးချေခြင်းများအတွက် စရိတ်စကများ လှော့ချဖို့ ပြည်တွင်းဘဏ်များကို တိုက်တွန်းရန်
• အင်ဒိုနီးရှား ရူပီယာနှင့် မလေးရှား ရင်းဂစ်အတွက် ခန့်အပ်ထားသော ငွေလဲလုပ်ငန်းများ၏ ကဏ္ဍ တိုးချဲ့ရန်
• ရူပီယာနှင့် ရင်းဂစ်အတွက် ငွေလဲလုပ်ငန်းများ အရေအတွက် တိုးမြှင့်ရန်
• ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုတွင် ပြည်တွင်းငွေကြေးသုံးစွဲမှုကို သတိမူမိစေရန် အသိပညာပေး စည်းရုံးလှုံ့ဆော်မှုကို စီးပွားရေးလုပ်ငန်းရှင်များအတွက် ဆောင်ရွက်ရန်


Alisara သည် အောက်တိုဘာ ၁ ရက်မှစတင်၍ ငွေကြေးတည်ငြိမ်မှုရေးရာ လက်ထောက်အုပ်ချုပ်ရေးမှူး ဖြစ်လာမည် ဖြစ်သည်။

BoT ၏ နိုင်ငံခြားငွေလဲလှယ်ရေး ပြုပြင်ပြောင်းလဲမှုသည် ဘတ်ငွေ အတက်အကျ  စနစ်တကျ ရွေ့လျားမှု ရှိစေရန်အတွက် ဖြစ်သည်ဟု သူမက ပြောကြားသည်။
"ဘတ်ကို ဈေးကွက်ယန္တရားနှင့်အညီ၊ အခြေခံနှင့်အညီ လိုက်လျောညီထွေ ရွေ့စေလိုပါတယ်" ဟု သူမက  ပြောကြားသည်။
အရွေ့ အလွန်အကျွံ ဖြစ်လာသည့်အခါ၊ အခြေခံမှ သွေဖီသည့်အခါမှသာ ဝင်ရောက်စွက်ဖက်မည်။
သို့ဖြစ်ရာ ဘတ် ငွေလဲနှုန်း တည်ငြိမ်ရေးကို ဆောင်ရွက်ခြင်း ပြုမည် မဟုတ်သဖြင့် အတက်အကျ မတည်ငြိမ်ခြင်းများ ဖြစ်ပေါ်နေနိုင်သည်။
စီးပွားရေးလုပ်ငန်းများအတွက် အကောင်းဆုံးနည်းလမ်းမှာ ဖြစ်ပေါ်လာမည့် မတည်ငြိမ်မှုများအတွက် ပြင်ဆင်ထားရန်ဖြစ်သည်ဟု သူမက ပြောကြားသည်။

Source Bloomberg 
To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

Banking & Loan Read 444 times