၃ နှစ်ဆက်တိုက် အရှုံးပေါ်ခဲ့သည့် Yoma Strategic လုပ်ငန်းတိုင်းမှာ အမြတ်ရရှိ


29 November, 2023

၃ နှစ်ဆက်တိုက် အရှုံးပေါ်ခဲ့သည့် Yoma Strategic လုပ်ငန်းတိုင်းမှာ အမြတ်ရရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဘဏ္ဍာရေးစွမ်းဆောင်ရည် ပိုမိုတိုးတက်ကောင်းမွန်သော်လည်း Yoma Strategic ကုမ္ပဏီသည် ၎င်း၏ရှယ်ယာများအတွက် ကြီးထွားမှု ရရှိဖို့ အခြေအနေ မရရှိသေးချေ။
 Yoma Strategic မြန်မာ့စီးပွားရေးလုပ်ငန်းပိုင်ရှင် အတွက် ယခုနှစ်သည် နှစ်ကောင်း တစ်နှစ်ဖြစ်သည်။ 
အိမ်ရာများ ရောင်းကောင်းသည်။
အမြန်ရ စားသောက်ဆိုင်ခွဲများတွင် ရောင်းအား ပြန်လည်ကောင်းမွန်လာသည်။
 ဒစ်ဂျစ်တယ် ငွေကြေးပလက်ဖောင်းတွင် နိုင်ငံတလွှား ငွေပို့‌ေငွလွှဲများကို ပိုမိုလွှဲပြောင်းနေကြသည်။
ထိုအခြေအနေကောင်းများကို ဆက်လက်ထိန်းထားနိုင်လျှင် စင်ကာပူစတော့အိပ်ချိန်းစာရင်းဝင် Yoma Strategic သည် ၂၀၂၄ ခုနှစ် မတ်လတွင် ကုန်ဆုံးမည့် ယခုဘဏ္ဍာနှစ်အတွက် အမြတ်အစွန်း ရရှိနိုင်သည်။ ကြွေးမြီများ ပေးဆပ်ဖို့ ငွေသားစီးဆင်းမှု အဆင်ပြေချောမွေ့မည်ဟု အမှုဆောင်အရာရှိချုပ် Melvyn Pun သည် မကြာသေးမီက စင်ကာပူတွင် မကြာသေးခင်က ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် The Straits Times ကို ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စစ်တပ်အာဏာသိမ်းမှုတို့ကြောင့် မြန်မာ့စီးပွားရေး ပြိုလဲသွားချိန်တွင် Yoma Strategic သည် အရှုံးပေါ်သည့်ဘက်သို့ ကျဆင်းသွားခဲ့သည်။

ပြီးခဲ့သော သုံးနှစ်ဆက်တိုက် အခွန်မဆောင်မီ အရှုံးပေါ်ခဲ့ကြောင်း စင်ကာပူအိတ်ချိန်းသို့ နိုဝင်ဘာ ၉ ရက်တွင် Yoma Strategic က အသိပေးခဲ့သည်။
သို့သော် ကုမ္ပဏီ၏ ဘဏ္ဍာရေး အခြေအနေက ‌တိုးတက်ကောင်းမွန်လာနေပြီ ဖြစ်သည်။

နို၀င်ဘာ ၉ ရက်တွင် Yoma Strategic မှ စက်တင်ဘာ ၃၀ ရက်ကုန်ဆုံးသည့် ခြောက်လတာအတွက် စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၁.၆ သန်း ရရှိကြောင်း အစီရင်ခံ တင်ပြခဲ့သည်။ ယမန်နှစ် အလားတူကာလထက် ၁၇၃% မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏အိမ်ခြံမြေလုပ်ငန်းမှ ရောင်းချသည့် အိမ်ရာအခန်း အရေအတွက် ပိုများခြင်းကြောင့် ဖြစ်သည်။
အခွန်မဆောင်ရသေးခင် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၂.၁ သန်း ရရှိခဲ့သည်။
ယမန်နှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၁၁.၇ သန်း အရှုံးပြခဲ့သည်။ အခွန်ပေးဆောင်ပြီးချိန်တွင် Yoma Strategic သည် အသားတင်အရှုံး အမေရိကန်ဒေါ်လာ ၁.၃ သန်း ရှိခဲ့သည်။

“ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းအားလုံး အခွန်မဆောင်မီ အမြတ်အစွန်းရရန် သေချာနေပါပြီ။ လုပ်ငန်းအမျိုးအစား အကုန်လုံးမှာ အခွန်မဆောင်မီ အမြတ်အစွန်း ရရှိတာ ပထမဆုံးအကြိမ်ပါ”ဟု Mr Pun က ပြောကြားသည်။
“ကျွန်တော်တို့ရဲ့ ကြွေးမြီတွေ စုစုပေါင်း ပမာဏကိုလည်း လျှော့ချနိုင်ခဲ့ပါတယ်။ တစ်ချိန်ချိန်မှာတော့ ရှယ်ယာရှင်တွေကို အမြတ်ဝေစု ငွေသား ပြန်ပေးနိုင်ပါလိမ့်မယ်" ဟု ၎င်းက ပြောကြားသည်။ 

ဘဏ္ဍာရေး အခြေအနေ တိုးတက်ကောင်းမွန်လာသော်လည်း  Yoma Strategic ရှယ်ယာများ၏ ဈေးနှုန်းသည် ၂၀၂၃ ခုနှစ်တွင် ၃၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။
နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ၎င်းတို့သည် ၁၀ နှစ်တာတွင် အနိမ့်ဆုံး ဈေးနှုန်း ၇.၄ ဆင့်ဖြင့် ဈေးပိတ်ခဲ့သည်။ ကုမ္ပဏီဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၁၅၇.၆ သန်းသာ ရှိတော့သည်အထိ ကျဆင်းသည်။

“ကျွန်တော်တို့ရဲ့ ရှယ်ယာဈေးနှုန်းဟာ ကုမ္ပဏီရဲ့ အရင်းခံတန်ဖိုးနဲ့ ဆက်နွှယ်မှု မရှိပါဘူး။ နိုင်ငံရေးအခြေအနေ မရှင်းမလင်းဖြစ်တဲ့အခါ အစုရှယ်ယာတွေ ဈေးကျဖို့  ဖိအားအောက် ကျရောက်ပါတယ်" ဟု Mr Pun က ပြောသည်။

အစိုးရ၏ တရားဝင်မှု မရှိလျှင် နိုင်ငံခြားသားများနှင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများ မြန်မာနိုင်ငံသို့ ပြန်လာရန် မဖြစ်နိုင်ကြောင်းနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန်အတွက် လိုအပ်သော စွမ်းရည်နှင့် အရည်အချင်းများ ကင်းမဲ့သွားကြောင်း Mr Pun က ပြောသည်။

Yoma Strategic က အိမ်ခြံမြေ၊ မိုဘိုင်း ငွေကြေးဝန်ဆောင်မှု၊ အစားအသောက်နှင့် အဖျော်ယမကာ (F&B) နှင့် မော်တော်ယာဥ်ငှားရမ်းခြင်း စသည့် စီးပွားရေးလုပ်ငန်းများကို လည်ပတ်နေသည့် မြို့ကြီးများ ဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ၀ယ်လိုအား ပြန်လည်ကောင်းမွန်လာကြောင်း Mr Pun မှ မှတ်ချက်ပြုသည်။

ချမ်းသာသောသူများသည် ၎င်းတို့၏ ငွေကို မြှုပ်နှံရန် အိမ်ခြံမြေကို ရွေးချယ်ကြသောကြောင့် ကုမ္ပဏီ၏ အကြီးဆုံးလုပ်ငန်းကဏ္ဍ ဖြစ်သော အိမ်ခြံမြေလုပ်ငန်းကဏ္ဍတွင် ဝယ်လိုအားသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ခုန်တက်သွားခဲ့သည်။
“အိမ်ခြံမြေဈေးကွက်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကျွန်တော်တို့က မြန်မြန်ဆန်ဆန် လုပ်‌ဆောင်ပါတယ်။ စျေးနှုန်းသက်သာတဲ့ တိုက်ခန်းငယ်များကို စတင်တည်ဆောက်ပါတယ်။ သေးငယ်တဲ့ တိုက်ခန်းတွေက ဈေးလည်း သက်သာပါတယ်။ ကျွန်တော်တို့အဖို့မှာလည်း ဆောက်လုပ်ရန် ပိုမိုလွယ်ကူပါတယ်" ဟု Mr Pun က ပြောသည်။

 စက်တင်ဘာလ ၃၀ ရက်အထိ Yoma Strategic သည်  ပြီးစီးခဲ့သော တိုက်ခန်းများနှင့် အိမ်ကြီးရခိုင်များ  ၂၁၀၂ ခုအနက်မှ ၂,၀၀၇ ခုကို ရောင်းချခြင်း၊   ကြိုတင်စာရင်းသွင်း လက်ခံခြင်းများ လုပ်ဆောင်နိုင်ခဲ့သည်။

Yoma Strategic သည် မြန်မာနိုင်ငံတွင် ၎င်း၏ F&B လုပ်ငန်းကဏ္ဍ၏ တစ်စိတ်တစ်ပိုင်းအဖြစ် KFC ကြက်ကြော်ဆိုင်များ လုပ်ကိုင်လျက်ရှိသည်။
ယခင်က အရှုံးပြသဖြင့် KFC ကြက်ကြော်ဆိုင်များတွင် အနည်းဆုံး လေးပုံတပုံကို ပိတ်ထားခဲ့ရသည်။ ယခုအခါ ဝယ်လိုအား ပြန်ကောင်းလာသဖြင့် အမြတ်အစွန်းများ ရရှိနေပြီ ဖြစ်သည်။

ကိုဗစ်နှင့် အာဏာသိမ်းခြင်း မတိုင်ခင်က ရန်ကုန်တွင် ရင်းနှီးမြှုပ်နှံပြီး စီးပွားကြီးထွားဖို့ လုပ်ဆောင်သူများ တရားလွန် များပြားနေခဲ့သည်။ သို့သော် ရောင်းလိုအားကို ပြည့်မီအောင် ဝယ်လိုအား မရှိခဲ့ချေ။ ပြည်ပမှ ကစားသမားများ အားလုံးနီးပါး မြန်မာမှ  ထွက်သွားကြပြီ ဖြစ်သည်။ စီးပွားရှာသည့် ပြည်တွင်းကစားသမားများ မဆိုစလောက်သာ ကျန်ရှိတော့သည်။ ယခုအခါ ဝယ်လိုအားက ပိုများနေပြီး ရောင်းလိုအားက ဝယ်လိုအားထက် လျော့နည်းနေပြီ ဖြစ်ပါသည်။

Yoma Strategic အတွက် လုပ်ငန်းကဏ္ဍများ  စီးပွားရေး ထွန်းကားလာရသည့် အကြောင်းရင်းတစ်ခုမှာ ပြိုင်ဘက်များ ကင်းမဲ့နေခြင်းဖြစ်သည်ဟု Mr Pun မှ မှတ်ချက်ပြုခဲ့သည်။
Source straitstimes 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Investment/Divestment Read 329 times