မလေးရှား ရာဘာလက်အိတ်လုပ်ငန်း Supermax ကို အမေရိကန် ပိတ်ပင်


22 October, 2021

အမေရိကန်ပြည်ထောင်စုက မလေးရှားနိုင်ငံမှ ရာဘာလက်အိတ်လုပ်ငန်း Supermax ၏ ထုတ်ကုန်များ တင်သွင်းခြင်းကို ပိတ်ပင်လိုက်သည်။ လုပ်သားများကို မတရားသဖြင့် စေခိုင်းခြင်းများ ဖြစ်ပွားနေသည်ဟူသော စွပ်စွဲချက်ဖြင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

 မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား သန်းချီ ရှိနေပြီး ကုန်ထုန်လုပ်မှုကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် ရရာအလုပ် လုပ်ကိုင်လျက် ရှိကြသည်။ 

US Customs and Border Protection (CBP) က ကြေညာချက် ထုတ်ပြန်ရာတွင် စုံစမ်းမှု ပြုခဲ့ပြီးသည့်နောက်တွင် အဆိုပါ ရာဘာလက်အိတ်လုပ်ငန်းသည် ကုန်ထုန်လုပ်မှုများ လုပ်ကိုင်ရာတွင် အတင်းအကျပ်စေခိုင်းခြင်းများ ရှိနေသည့် အရိပ်လက္ခဏာများ တွေ့ရှိခဲ့သည်။ CBP တွင် ရရှိထားသော အထောက်အထား အများအပြားတို့အရ Supermax နှင့် ယင်း၏ လက်အောက်ခံ လုပ်ငန်းများက လက်အိတ်များ ထုတ်လုပ်ရာတွင် အမေရိကန် ကုန်သွယ်ရေး ဉပဒေ ချိုးဖောက်သည်ဟု ကောက်ချက်ချသည်။
Supermax နှင့် ယင်း၏ လက်အောက်ခံ လုပ်ငန်းများက အတင်းအကျပ် စေခိုင်းခြင်း ကင်းကြောင်း သက်သေပြနိုင်ခြင်း မရှိသေးသရွေ့ ယင်းတို့၏ ထုတ်ကုန်များ အမေရိကန်သို့ တင်သွင်းခြင်းကို လက်မခံကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။ စွပ်စွဲချက်အတွက် အသေးစိတ် အချက်အလက်များ ထုတ်ပြန်ခြင်း မပြုချေ။

Supermax ရာဘာလက်အိတ် လုပ်ငန်းသည် ထုတ်ကုန်များကို နိုင်ငံပေါင်း ၁၆၀ သို့ တင်ပို့လျက်ရှိသည်။ တစ်နှစ်လျှင် လက်အိတ် ခုရေ ၂၄ ဘီလျံအထိ ထုတ်လုပ်နိုင်စွမ်း ရှိသည်။

လက်အိတ်စက်ရုံများတွင် ဖြစ်လေ့ဖြစ်ထ ရှိသည်မှာ ရွှေ့ပြောင်းလုပ်သားများကို စက်ရုံဝင်း အပြင်သို့ ထွက်ခွင့်မပြုခြင်း၊ နေထိုင်ရသည့်အခန်းတွင် အတူနေရသူ လူများခြင်း၊  လုပ်ခလစာကုိ အကြိမ်ကြိမ် ဉပဒေမဲ့ ဖြတ်တောက်ခြင်းတို့ ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုက မလေးရှားနိုင်ငံမှ ကမ္ဘာ့အကြီးမားဆုံး ရာဘာလက်အိတ်လုပ်ငန်း Top Glove ကိုလည်း လုပ်သားများအား မတရားသဖြင့် စေခိုင်းသည်ဟူသော စွပ်စွဲချက်ဖြင့် ယင်း၏ ထုတ်ကုန်များ တင်သွင်းခြင်းကို ပိတ်ပင်ခဲ့ဖူးသည်။ ပြီးခဲ့သည့် စက်တင်ဘာလတွင် ပိတ်ပင်ထားခြင်း ရုပ်သိမ်းပေးခဲ့သည်။

မလေးရှားမှ စားအုန်းဆီ လုပ်ငန်းများ ဖြစ်သော  Sime Darby Plantation နှင့် FGV Holdings တို့ကိုလည်း အလားတူစွပ်စွဲချက်ဖြင့် ၂၀၂၀ ခုနှစ်တွင် ယင်းတို့၏ ထုတ်ကုန်များ အမေရိကန်နိုင်ငံသို့ တင်သွင်းခြင်းကို ပိတ်ပင်ခဲ့သည်။

 BangkokPost.com

Global News Export, Import Read 3429 times