ဂျပန်ကုမ္ပဏီအသစ် Space One  ဖေဖော်ဝါရီလတွင် ပထမဆုံး ဒုံးပျံလွှတ်တင်ရန် စီစဉ်


17 January, 2023

ဂျပန်ကုမ္ပဏီအသစ် Space One  ဖေဖော်ဝါရီလတွင် ပထမဆုံး ဒုံးပျံလွှတ်တင်ရန် စီစဉ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ဂျပန်ကုမ္ပဏီအသစ် Space One သည် ဖေဖော်ဝါရီလတွင် ပထမဆုံး ဒုံးပျံလွှတ်တင်ရန် စီစဉ်နေပါသည်။
သေးငယ်ပြီး ကုန်ကျစရိတ်သက်သာသော ပို့ဆောင်ရေးနည်းလမ်းသည် ဂြိုလ်တုလုပ်ငန်းကဏ္ဍကို အရှိန်တင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

 


Space One သည် ဖေဖော်ဝါရီလကုန်ပိုင်းတွင် လွှတ်တင်ရန်အတွက် ဂျပန်နိုင်ငံ Wakayama စီရင်စုရှိ ၎င်း၏ Space Port Kii လွှတ်တင်ရေးစင်ကို အသုံးပြုမည်ဖြစ်သည်။
ဂျပန်နိုင်ငံ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ပထမဆုံး ဒုံးပျံလွှတ်တင်ရေးစင် ဖြစ်သည်။
Space Port Kii ဒုံးပျံလွှတ်တင်ရေးစခန်းသည် ၁၅ ဟက်တာကျယ်ဝန်းသည်။
ဒုံးပျံ တပ်ဆင်ရေး၊ စစ်ဆေးရေး၊ ထိန်းကျောင်းရေးတို့အတွက် အဆောက်အဦ ထားရှိသည်။


 
လွှတ်တင်ရေး ဒုံးပျံကို Kairos ဟု အမည်ပေးထားသည်။ အခွင့်အလမ်းကို ရည်ညွှန်းသည့် ဂရိနတ်ဘုရား၏ အမည်ဖြစ်သည်။ 
 Kairos သည် ဂြိုဟ်တုများကို ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၅၀၀ အမြင့်သို့ ပို့ပေးနိုင်သည်။
Kairos ၏ အလျားသည် ၁၈ မီတာ ရှည်သည်။ ဂျပန်နိုင်ငံတွင် ပင်တိုင်သုံးနေသော ဒုံးပျံမှာ H-IIA ဖြစ်ပြီး Kairos ၏ အလျားသည် H-IIA အလျား၏ သုံးပုံတစ်ပုံခန့် ရှိသည်။
Space One သည် အစိုင်အခဲလောင်စာနည်းပညာကို အသုံးပြုသည်။ Japan Aerospace Exploration Agency (JAXA) နှင့် IHI Aerospace တို့ သုံးစွဲနေသည့် အစိုင်အခဲလောင်စာ ဖြစ်သည်။ 
Space One တွင် ရင်းနှီးမြှုပ်နှံထားသူများထဲတွင် IHI Aerospace လည်း ပါဝင်သည်။

အရည်လောင်စာ သုံးစွဲပါက ဟိုက်ဒရိုဂျင်အရည်ကို ဖိအားဖြင့် ထည့်သွင်းပေးရသည်။ အခဲလောင်စာတွင် ထိုအဆင့် မလိုအပ်ချေ။ သို့ဖြစ်ရာ ပြင်ဆင်ချိန် တိုတောင်းသည်။ ဂြိုဟ်တုများ လက်ခံရရှိပြီး ၄ ရက်အကြာတွင် ဒုံးပျံကို လွှတ်တင်ပေးနိုင်မည် ဖြစ်သည်။ 
Space One တွင် Canon Electronics က ၄၄% ပိုင်ဆိုင်သည်။ ထုတ်လုပ်သည့် နည်းပညာပိုင်းကို ကူညီပံ့ပိုးပေးသည်။ 
Space One က ဒုံးပျံစေလွှတ်သည့် ကုန်ကျစရိတ်ကို ထုတ်ဖော်ပြောကြားခြင်း မပြုချေ။
JAXA က ၎င်း၏ Epsilon ဒုံကျည်စေလွှတ်ရာတွင် ယန်း ၂.၅ ဘီလီယံ ( ကန်ဒေါ်လာ ၁၈.၈ သန်း) ဝန်းကျင် ကုန်ကျသည်။ 
Space One သည် မူလက ၂၀၂၂ မတ်လတွင် ပထမဆုံးဒုံးပျံကို စေလွှတ်ရန် စီစဉ်ခဲ့သော်လည်း လိုအပ်သည့် အစိတ်အပိုင်းများ အချိန်မီ မရသဖြင့် ရက်နောက်ဆုတ်ခဲ့ရသည်။

Space One သည် ၂၀၂၅ မှစ၍ တစ်နှစ်လျှင် အကြိမ် ၂၀ ဒုံးပျံ စေလွှတ်ရန် ရည်မှန်းထားသည်။ 

ဂြိုလ်တုဈေးကွက်သည် လျင်မြန်စွာ ကြီးထွားလာ‌နေသည်။ ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပြောကြားချက်အရ ဂြိုဟ်တု ၁,၈၀၉ လုံးကို ယမန်နှစ်က ကမ္ဘာတစ်ဝှမ်းတွင် လွှတ်တင်ခဲ့ကြသည်။ 
သေးငယ်သော ဂြိုလ်တုများကို အများဆုံး လွှတ်တင်ကြသည်။ အသေးစား ဂြိုဟ်တု လွှတ်တင်သည့် ဈေးကွက်သည် ၂၀၂၆ တွင် ကန်ဒေါ်လာ ၇.၄ ဘီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။
အီလွန်မတ်စ်၏ SpaceX သည်လည်း အသေးစား ဂြိုဟ်တုများကို Starlink ဂြိုဟ်တုဆက်သွယ်ရေး ကွန်ရက်အတွက် လွှတ်တင်နေသည်။ Amazon.com ကလည်း ကိုယ်ပိုင် ဆက်သွယ်ရေး ဂြိုဟ်တု ကွန်ရက် တည်ဆောက်နေသည်။
Space One ကို ဖက်စပ်လုပ်ငန်းအဖြစ် ၂၀၁၇ တွင် ထူထောင်ခဲ့သည်။ New Generation Small Rocket Development Planning ဟု အမည်ပေးခဲ့သည်။ ထိုနောက် Space One ဟု အမည်ပြောင်းလဲခဲ့သည်။
Space One တွင် Canon Electronics, IHI Aerospace, Shimizu နှင့် ဂျပန်အစိုးရ ကျောထောက်နောက်ခံ ပြုပေးထားသည့် Development Bank of Japan တို့က ရင်းနှီးမြှုပ်နှံထားကြသည်။
Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

How To Read 510 times