မလေးရှား အချမ်းသာဆုံး သူဌေးကြီး Robert Kuok အသက် ၁၀၀ ပြည့်


07 October, 2023

မလေးရှား အချမ်းသာဆုံး သူဌေးကြီး Robert Kuok အသက် ၁၀၀ ပြည့်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Robert Kuok သည် ဒုတိယကမ္ဘာစစ်ပြီးနောက် ဒေသတွင်း လွတ်လပ်ရေး ရရှိသော နိုင်ငံများတွင် စီးပွားရေးအင်ပါယာများ တည်ဆောက်ခဲ့သော ထိပ်တန်းအာရှသူဌေးကြီးများအကြား မြင့်မြင့်မားမား ရပ်တည်နေသူဖြစ်သည်။


၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်သည် သက်ရှိထင်ရှား ရောဘတ်ကွတ်၏ နှစ် ၁၀၀ ပြည့် မွေးနေ့ ဖြစ်ပါသည်။ 

Bloomberg ၏ ဘီလျံနာအညွှန်းကိန်းစာရင်းမှာ Kuok သည် ခန့်မှန်းခြေ အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၅.၁ ဘီလီယံဖြင့် ကမ္ဘာ့ ၁၁၂ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပါသည်။

တချိန်က သူ့ကို "သကြားဘုရင်" ဟု ခေါ်ဝေါ်ခဲ့ကြပြီး သူ့ စီးပွားရေးအင်ပါယာသည် ထောက်ပံ့ပို့ဆောင်ရေး၊ ဟိုတယ်များ၊ အိမ်ခြံမြေ၊ သင်္ဘောလိုင်း၊ စားသောက်ကုန် လုပ်ငန်း စသဖြင့် အမျိုးအမည်များစွာကို ကျယ်ပြန့်စွာ ဖြန့်ကျက် လွှမ်းခြုံထားသည်။

ကွတ်သည် ယခုအခါ Sule Shangri-La ဟု အမည်ပြောင်းထားသည် Traders Hotel နှင့် ကန်တော်ကြီးအနီးရှိ Shangri-La Twin Towers တို့ကို ဆောက်လုပ်ခဲ့သူ ဖြစ်ပါသည်။ 


သူ၏ နိုင်ငံရေး ကျွမ်းကျင်မှုနှင့် ကျယ်ပြန့်သော ဆက်သွယ်မှုများကြောင့် Kuok သည် ဒုတိယကမ္ဘာစစ်ပြီးနောက် ဒေသတွင်း လွတ်လပ်‌ေရး ရရှိသော နိုင်ငံများတွင် စီးပွားရေးအင်ပါယာအသစ်များတည်ဆောက်ခဲ့သော အာရှစွန့်ဦးတီထွင်သူများထဲမှာ မြင့်မြင့်မားမား ရပ်တည်နေပါသည်။ 

မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းတွင် လုပ်ကိုင်နေသော Wilmar Myanmar ၏ မိခင်လုပ်ငန်းWilmar International ကို သူ့တူ Kuok Khoon Hong က ဦးစီးပါသည်။ Wilmar International သည် စားအုန်းဆီ ကမ္ဘာ့အများဆုံး ထုတ်လုပ်သည့် လုပ်ငန်းကြီးများထဲတွင် တစ်ခု အပါအဝင် ဖြစ်ပါသည်။
သူ့သား အငယ်ဆုံး Kuok Khoon Hua သည် ဟောင်ကောင်အခြေစိုက် Kerry Properties ၏ ဥက္ကဋ္ဌနှင့် စီအီးအို ဖြစ်ပါသည်။

ဟောင်ကောင်မှ ထိပ်တန်းသတင်းစာ  South China Morning Post (SCMP) ကို ယခင်က Kuok ပိုင်ဆိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဂျက်မား၏ Alibaba Group က ဝယ်ယူခဲ့ပါသည်။


စင်ကာပူနယ်စပ်အနီး မလေးရှားမှ ဂျိုဟိုးတွင် ၁၉၂၃ ခုနှစ်တွင် Kuok ကို မွေးဖွားခဲ့ပြီး သား ၃ ယောက် ရှိသည့်အနက် သူသည် သားအငယ်ဆုံး ဖြစ်ပါသည်။ ဖခင်သည် တရုတ်ပြည် ဖူကျင်ပြည်နယ်မှ ပြောင်းရွှေ့အခြေချသူ ဖြစ်ပြီး အောင်မြင်သော စီးပွားရေးသမား တဦး ဖြစ်ပါသည်။

ကွတ်သည် အစောပိုင်း ပညာရေးကို အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားသောကျောင်းတွင် ပညာသင်ယူခဲ့သည်။ ထို့နောက် စင်ကာပူမှ Raffles College တွင် ပညာဆည်းပူးခဲ့သည်။

မလေးရှားကို ဂျပန် သိမ်းပိုက်ထားစဉ် Mitsubishi ၏ ဆန်ဖြန့်ဖြူးရေး လုပ်ငန်းတွင် စာရေးအဖြစ် ဝငါရောက်လုပ်ကိုင်ခဲ့သည်။ ရာထူးအကြိမ်ကြိမ် တိုးခံရပြီး ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်တွင် ဌာနမှူး ဖြစ်နေပြီ ဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် ဖခင် ကွယ်လွန်သည်။ ညီအစ်ကိုများ အတူတကွ လုပ်ကိုင်ကြရန် Kuok Brothers အမည်ဖြင့် လုပ်ငန်း ထူထောင်သည်။ သူက မိသားစု၏ ဆန်ဖြန့်ဖြူးရေးလုပ်ငန်းကို တာဝန်ယူသည်။ 
ဗြိတိသျှက မလေးရှားကို လွတ်လပ်ရေး ပေးသည့် အချိန်ကာလတွင် Kuok Brothers သည် လုပ်ငန်းဘအမျိုးအမည် အတော်များများတွင် ဦးဆောင်သူများထဲ ပါဝင်သည်။

အကြီးအကျယ် ကြီးပွားသွားခဲ့သည်မှာ သကြားလုပ်ငန်းဖြစ်သည်။

 ဂျပန်လုပ်ငန်းရှင် စီးပွားဖက်၏ အကူအညီဖြင့် ပီနန်ကျွန်းတွင် သကြားစက်ရုံ တရုံ ထူထောင်ပြီး သကြား ထုတ်လုပ်သည်။ သကြားကို ကမ္ဘာတလွား လိုက်လံရောင်းချသည်။ "အရှေ့တိုင်းရဲ့ သကြားဘုရင်" ဟု အမည်တွင်သည်။

သကြားစက်လုပ်ငန်းကို ၄၅ နှစ်ကြာ လုပ်ကိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် သကြားစက်လုပ်ငန်းမှ ထွက်ခွာသည်။ သူ့သကြားထုတ်လုပ်ရေး လုပ်ငန်း Malayan Sugar Manufacturing (MSM) ကို Felda Global Ventures ထံ ရောင်းချသည်။ ထိုအချိန်တွင် MSM သည် မလေးရှား သကြားဈေးကွက်တွင် ဈေးကွက်ဝေစု ၈၀%ကို ချုပ်ကိုင်ထားသည့် အထွတ်အထိပ် ရောက်ရှိနေချိန် ဖြစ်သည်။
Kuok သည် သကြား အောင်မြင်ပြီးနောက် ဂျုံနှင့် စားအုန်ဆီတို့ကိုလည်း လုပ်ကိုင်သည်။ ထို့နောက် နိုင်ငံတကာ ကုမ္ပဏီစုကြီး ဖြစ်လာအောင် လုပ်ငန်းအမျိုးမျိုး လုပ်ကိုင်ပြီး တည်ဆောက်သည်။ ၎င်းကုမ္ပဏီစုကြီးသည် ယနေ့တိုင် ခိုင်ခိုင်မာမာ ရပ်တည်နေသည်။


Source fmt
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 272 times