ကုန်သွယ်ရေးသဘောတူညီချက် RCEP ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင် အသက်ဝင်မည်


08 November, 2021

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးသဘောတူညီချက်ဖြစ်သော ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်၌ စတင်အသက်ဝင်မည်ဖြစ်ကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အတွင်းရေးမှူးချုပ်ရုံးက နိုဝင်ဘာ ၃ ရက်တွင် ကြေညာခဲ့သည်။ 


အတွင်းရေးမှူးချုပ်ရုံးက အာဆီယံအဖွဲ့ဝင် ခြောက်နိုင်ငံဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများအပြင် အာဆီယံအဖွဲ့ဝင်မဟုတ်သော နိုင်ငံ လေးနိုင်ငံအဖြစ် ဩစတြေးလျ၊ တရုတ်၊ ဂျပန်နှင့် နယူးဇီလန် နိုင်ငံများမှ အတည်ပြုလက်မှတ်ရေးထိုးခြင်း အချက်အလက်များ လက်ခံရရှိခဲ့ကြောင်းဆိုသည်။ 


“လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတွေအနေနဲ့ လျင်မြန်တဲ့ အတည်ပြုလက်မှတ်ရေးထိုးခြင်းလုပ်ငန်းက ဒေသတွင်းနဲ့ ကမ္ဘာကြီးရှိ ပြည်သူတွေရဲ့ အကျိုးကျေးဇူးအတွက် မျှတပြီး ပွင့်လင်းတဲ့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်သော ကုန်သွယ်ရေးစနစ်အတွက် ကျွန်တော်တို့ အခိုင်အမာကတိပြုထားမှုရဲ့ မှန်ကန်တဲ့ရောင်ပြန်ဟပ်မှုပဲဖြစ်ပါတယ်” ဟု အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Dato Lim Jock Hoi က ပြောကြားခဲ့သည်။ 


သဘောတူညီချက် အကောင်အထည်ဖော်ခြင်းက ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်လည်နာလန်ထူရေး ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်ဖြင့် မြှင့်တင်ရန် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူးချုပ်က အလေးထားပြောကြားခဲ့သည်။ 
RCEP သဘောတူညီချက်အား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံနှင့် မိတ်ဖက်နိုင်ငံ ၅ နိုင်ငံတို့က သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ 


အဆိုပါ သဘောတူညီချက်အရ RCEP အကောင်အထည်ဖော်ခြင်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံ အနည်းဆုံး ခြောက်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်မဟုတ်သောနိုင်ငံ အနည်းဆုံး သုံးနိုင်ငံတို့က အတည်ပြုလက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၆၀ အကြာတွင် စတင်အသက်ဝင်မည်ဖြစ်သည်။  

Xinhua

Export, Import Read 473 times