မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား RCEP စတင်အသက်ဝင်


03 May, 2022

မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) စတင်အသက်ဝင်

 

မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(RCEP)သည် ယနေ့ မေ ၁ ရက်တွင် စတင်အသက်ဝင်လာခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာ့စီးပွားရေး လုပ်ငန်းများအနေဖြင့် စာချုပ်က ပေးအပ်သည့် အကောက်ခွန်အထူးအခွင့်အရေးတို့ကို အသုံးပြု၍ အကျိုးကျေးဇူးများ ခံစားရရှိနိုင်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ယနေ့ မေ ၁ ရက်တွင် အသိပေးကြေညာခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်က “တရုတ်နိုင်ငံ အပါအဝင် RCEP စာချုပ်ကို အတူတကွ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ သို့သော်လည်းပဲ စာချုပ်အသက်ဝင်တဲ့ Date တွေကတော့ တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ မတူကြပါဘူး ။ ကိုယ့်ရဲ့ ပြည်တွင်းလုပ်ထုံးလုပ်နည်းတွေနဲ့ ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ဒီနေ့ မေလ ၁ ရက်နေ့ကတော့ တရုတ်နိုင်ငံ နဲ့ မြန်မာနိုင်ငံတို့ရဲ့အကြားမှာ စာချုပ်အာဏာသက်ဝင်တဲ့ Date တွေကို နှစ်ဘက်နိုင်ငံကနေ အသိအမှတ်ပြုကြတယ် ။ ဒီလိုစာချုပ်အသက်ဝင်ခြင်းအားဖြင့် တရုတ်နိုင်ငံ နဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်တဲ့အခါမှာ ကုန်စည်အမျိုးအစား ၅,၀၀၀ ကျော် အကောက်ခွန် သက်သာခွင့်တွေ ရမယ် ။ ကင်းလွတ်ခွင့်တွေ ရမယ် ။ တခြား စာချုပ်ဝင် မဟုတ်တဲ့ နိုင်ငံတွေနဲ့ စာလို့ရှိရင် ပိုပြီးတော့ အခွင့်အလမ်း ရရှိမယ်ပေါ့ ။ ဒီလို အကျိုးကျေးဇူးတွေ ရရှိမယ်ဆိုတာ နှစ်ဘက် အတူတူကြေညာကြတာပါ ။ တရုတ်နိုင်ငံဘက်က Ministry of Commerce အဲဒီ website မှာလဲ ကြေညာထားပါတယ် ။ ဒီလိုပဲ ကျွန်မတို့ ဝန်ကြီးဌာနရဲ့ website ရော ၊ သတင်းစာမှာရော အားလုံး ကြေညာတာ ဖြစ်ပါတယ် ”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(Regional Comprehensive Economic Partnership Agreement-RCEP)ကို ၂၀၁၂ ခုနှစ်မှစ၍ ၈ နှစ်ကြာ ညှိနှိုင်းခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ နှင့် တရုတ် ၊ ဂျပန် ၊ ကိုရီးယား ၊ ဩစတြေးလျ နှင့် နယူးဇီလန်နိုင်ငံတို့သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

“တကယ်တမ်းတော့ ထိုင်း ၊ လာအို ၊ ကမ္ဘောဒီးယား အစရှိသဖြင့် ဒီနိုင်ငံတွေနဲ့လည်း အသက်ဝင်ပြီ ဖြစ်ပါတယ် ။ ဒါပေမယ့် ကျန်တဲ့နိုင်ငံတွေကတော့ အာဆီယံထဲက နိုင်ငံတွေပေါ့နော် ။ ဒါပေမယ့် အာဆီယံရဲ့ ပြင်ပဆိုလို့ တရုတ်နိုင်ငံနဲ့ အရင်ဦးဆုံး စပြီး အသက်ဝင်မှု ရှိပါတယ်။ အာဆီယံနိုင်ငံတွေနဲ့ အသက်ဝင်တာမျိုးတွေ ရှိပါတယ်။ သို့သော် အာဆီယံရဲ့ ပြင်ပနိုင်ငံတွေ အနေနဲ့ဆိုရင် တရုတ်နိုင်ငံက ပထမဦးဆုံး စပြီး အသက်ဝင်တာ ဖြစ်ပါတယ်”ဟု ဒေါက်တာဝါဝါမောင်က ဆက်လက် ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံနဲ့ ဒီနေ့ကစပြီးတော့ အသက်ဝင်တာပေါ့ ။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြားထဲမှာ နိုင်ငံအချင်းချင်း ကုန်သွယ်မှုက အိမ်နီးချင်းနိုင်ငံ ဖြစ်နေတဲ့အတွက် တောက်လျောက်ကတော့ ကုန်သွယ်နေတာပေါ့ ။ သို့သော်လည်းပဲ စာချုပ်ရဲ့ ပါဝင်တဲ့ အခွင့်အရေး ခံစားခွင့်ရှိတာက ဒီနေ့ကစပြီး ခံစားခွင့် ရှိတာပေါ့နော် ”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

RCEP သဘောတူစာချုပ်သည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်း ၊ ကမ္ဘာ့စီးပွားရေး၏ ၃၀ ရာခိုင်နှုန်း ၊ ကမ္ဘာ့ကုန်သွယ်မှု၏ ၂၉ ရာခိုင်နှုန်း နှင့် ကမ္ဘာ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုက်ရိုက်စီးဝင်ခြင်း၏ ၃၀ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည့် ကမ္ဘာ့အကြီးမားဆုံး စည်းမျဉ်းအခြေခံနိုင်ငံစုံကုန်သွယ်မှုသဘောတူစာချုပ်တစ်ခု ဖြစ်ကြောင်း သိရသည်။

“လူဦးရေအားဖြင့်လည်း ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံကျော် ရှိတယ် ။ GDP အားဖြင့်လည်း ကမ္ဘာ့ GDP ရဲ့ သုံးပုံတစ်ပုံလောက် ရှိတယ်ဆိုတဲ့ ဈေးကွက်ကြီးက နည်းတဲ့ ဈေးကွက်ကြီး မဟုတ်ဘူး ။ ဒီဈေးကွက်ကြီးထဲမှာပဲ ရောင်းဝယ်ဖောက်ကားပါအုန်းပေါ့ ။ သိပ်အဝေးကြီး မကြည့်ဘဲနဲ့ ဒီဈေးကွက်ထဲမှာပဲ ကိုယ်ရောင်းနိုင်တာ ကိုယ်ဝယ်နိုင်တာ ၊ ကိုယ်ဝယ်ချင်တဲ့ပစ္စည်း ကိုယ်ရောင်းချင်တဲ့ပစ္စည်းတွေကို တင်ပို့မယ် ၊ တင်သွင်းမယ် ဆိုလို့ရှိရင် နိုင်ငံရဲ့ စီးပွားရေးက ကောင်းမွန်စွာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာမယ် ။ နောက်ပြီး ရင်းနှီးမြှုပ်နှံမှုရော ၊ ကုန်သွယ်မှုရော ၊ နောက်တစ်ခုက ဒေသတွင်း ရောင်းလိုအား ကွင်းဆက်တွေ အစရှိသဖြင့် ဒီအပိုင်းတွေကို ဆောင်ရွက်နိုင်မယ် ။ နောက်တစ်ခုက လုပ်သားပေါ့ ။ လုပ်သားလို့ ပြောတဲ့နေရာမှာ ကျွမ်းကျင်မှုလုပ်သားတွေ ၊ နည်းပညာတွေ ဒါကြောင့်မို့ တကယ့်ကို မိမိရရ အသုံးချမယ်ဆိုလို့ရှိရင် ဒါကြီးက နည်းတဲ့ Group ကြီး မဟုတ်ပါဘူး ။ ဒါကိုလဲ အများပြည်သူ သိရှိပြီးတဲ့အခါကြတော့ အားလုံး တင်ပို့မယ့်သူတွေရော ၊ တင်သွင်းမယ့်သူတွေရော သိရှိပြီးတော့ ဒီအခွင့်အရေးကို ရအောင် ယူနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအတွက်လည်း ကျွန်မတို့ ဝန်ကြီးဌာနကနေပြီးတော့ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ”ဟု ၄င်းက ဆက်ပြောသည်။

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(Regional Comprehensive Economic Partnership Agreement-RCEP) သည် ယင်းသဘောတူစာချုပ်၏ အပိုဒ်(၂၀.၆) စာချုပ်အသက်ဝင်ခြင်းအရ မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြားတွင် ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှ စတင်အသက်ဝင်ပြီ ဖြစ်ကြောင်း သိရသည်။

 

နန်နင်းအကောက်ခွန်ဌာနမှ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ RCEP စီမံကိန်း ပထမဆုံး မြန်မာနိုင်ငံသို့ ပို့ကုန်  ပင်ရင်းသက်သေခံလက်မှတ် ထုတ်ပေး

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (RCEP) သည်  မြန်မာနိုင်ငံတွင် မေ ၁ ရက်က စတင် အသက်ဝင်ခဲ့သည်။ ထိုနေ့တွင်ပင် နန်နင်း အကောက်ခွန်ဌာနလက်အောက်ခံ ရုန်းကျိုးအကောက်ခွန်ဌာနက တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ဒေသ၏  RCEP စီမံကိန်း ပထမဆုံးသော မြန်မာနိုင်ငံသို့ ပို့ကုန် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (Certificate of Origin)အား ထုတ်ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါလက်မှတ်ကို GUANGXI GOLDEN-STRIDE IMPORT & EXPORT CO.,LTD.က လျှောက်ထားခြင်းဖြစ်ပြီး ကုန်ပစ္စည်းမှာ မြန်မာနိုင်ငံသို့ တင်ပို့သော Sodium saccharin ဖြစ်ရာ တန်ဖိုးအားဖြင့် ယွမ် ၁ သန်း ခန့် ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အကောက်ခွန်သက်သာခွင့် ယွမ် ၁ သောင်း နီးပါး ရှိနိုင်သည်ဟု ခန့်မှန်းကြောင်း သိရသည်။

ကုမ္ပဏီအနေဖြင့် နှစ်စဉ် မြန်မာနိုင်ငံသို့ တင်ပို့သော ကုန်ပစ္စည်းSodium saccharinသည် တန်ဖိုးအားဖြင့် ယွမ် သန်း ၇၀ ကျော်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် RCEP စတင်အသက်ဝင်ပြီးနောက်ပိုင်း ဤကုန်ပစ္စည်းများသည် ပို၍သက်သာခွင့်ရရှိမည် ဖြစ်ရာ ကုမ္ပဏီပို့ကုန်ပစ္စည်းများ နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရာတွင် များစွာအကူအညီဖြစ်စေကြောင်း GUANGXI GOLDEN-STRIDE IMPORT & EXPORT CO.,LTD. ပြည်ပကုန်သွယ်ရေးဝန်ဆောင်မှုဌာန မန်နေဂျာ လီကျင့်က ဆိုသည်။ 

ယခုနှစ်ပထမသုံးလပတ်တွင် ကွမ်ရှီး၏ မြန်မာနိုင်ငံပို့ကုန်သွင်းကုန်ပမာဏ စုစုပေါင်း ယွမ် သန်းပေါင်း ၁၉၀ ရှိသည်ဟု နန်နင်းအကောက်ခွန်ဌာန၊ အကောက်ခွန်ရုံး အကြီးအကဲ ကျန်ကျစ်ဟွန်က ဆိုသည်။ 

RCEPအသက်ဝင်ပြီးနောက်ပိုင်း နန်နင်းအကောက်ခွန်ဌာနမှ RCEP ပင်ရင်းသက်သေခံလက်မှတ် ၅၀၀ နီးပါးထုတ်ပေးခဲ့ရာ လက်မှတ်ထုတ်ပေးသည့် ပမာဏသည် ငွေကြေးအားဖြင့် ယွမ် သန်း ၃၀၀ နီးပါး ရှိပြီဖြစ်ကြောင်း သိရသည်။ 

 

(Xinhua) 

 

Export, Import Read 618 times