မြန်မာ ထုတ်လုပ်မှု PMI™ ငွေကြေးဖောင်းပွမှု တိုးလာသည့်အကြားမှာ ထုတ်လုပ်မှု ဆက်လက်ကျဆင်း


01 November, 2021

IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ အစီရင်ခံစာတွင်  ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ တိုးလာသည့်အကြားမှာ ထုတ်လုပ်မှု ဆက်လက်ကျဆင်းနေသည်ဟု ဆိုပါသည်။ 

အဓိက တွေ့ရှိချက်များ

  • ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ တဟုန်ထိုး ကျဆင်းသွားသော်လည်း ဇန်နဝါရီမှစပြီး အပျော့ဆုံး နှုန်းဖြစ်ခဲ့သည်။
  • လက်ကျန် အလုပ်များ စံချိန်တင် နှုန်းဖြင့် စုစည်းလာခဲ့ခြင်း
  • ကုန်ကြမ်း ရှားပါးမှုများကြောင့် ဈေးနှုန်း ဖိအားပေးမှု ပြင်းထန်လာခြင်း

(ဒေတာကို ၂၀၂၁ ပြည့်နှစ် အောက်တိုဘာ ၁၂-၂၁ ရက်များတွင် စုစည်းခဲ့သည်)

အောက်တိုဘာ ဒေတာက မြန်မာနိုင်ငံ တစ်ဝန်းတွင် ထုတ်လုပ်ရေး အခြေအနေများ ထပ်ပြီး အဟုန်ပြင်းစွာ ကျဆင်းလာမှုကို ညွှန်ပြနေသည်။ 
ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ တဟုန်ထိုး ကျသွားပြီး ဝန်ထမ်းဦးရေနှင့် ထုတ်လုပ်မှုအကြို လက်ကျန် စာရင်းများမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။ 
ကုမ္ပဏီများက ကုန်ကြမ်း ရှားပါးမှုကို ဆက်လက် ထောက်ပြနေကြပြီး အကျိုးဆက်အဖြစ် ကုန်ကျစရိတ်များနှင့် ရောင်းဈေးများ သိသာစွာ မြင့်တက်လာကြောင်း ဆိုကြသည်။ 
သို့သော်လည်း၊ ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ ကျဆင်းလာသည့် နှုန်းမှာမူ ဇန်နဝါရီမှစပြီး အားအပျော့ဆုံး ဖြစ်ပါသည်။
ယခုလအတွင်း ယုံကြည်မှုမှာ အပေါင်းလက္ခဏာကို ဆောင်နေခဲ့သော်လည်း ရေရှည်အဆင့်ထက် များစွာမှ နိမ့်ကျနေခြင်းက ကူးစက်မြန်ကပ်ရောဂါ၊ နိုင်ငံရေးမရေရာမှု၊ ကုန်ကြမ်းရှားပါးမှုနှင့် ငွေသားပြတ်တောက်မှုက ယုံကြည်စိတ်အပေါ် လေးလံစွာဖိစီးနေခြင်းကို ပြသနေသည်။

ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်း ဖြစ်သော အဓိက အကျဆုံး IHS Markit မြန်မာ ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ အောက်တိုဘာလတွင် ၄၃.၃ တွင် ဖြစ်ခဲ့ပြီး  စက်တင်ဘာလ၏ ၄၁.၁ ထက် မြင့်တက်လာခဲ့သော်လည်း သိသာထင်ရှားသည့်  အပြောင်းအလဲမရှိ၊ အမှတ် ၅၀.၀ အောက်မှာ သိသာစွာ နိမ့်ကျနေသည်။ 
နောက်ဆုံးကျဆင်းမှုမှာ ယခုနှစ်အစပိုင်းမှစ၍ မြင်တွေ့ခဲ့ရသည်များတွင် အားအပျော့ဆုံးဖြစ်သည့်တိုင် ယခုအခါ ထုတ်လုပ်ရေးအခြေအနေများမှာ ၂၀၂၀ ခုနှစ် စက်တင်ဘာလမှစပြီး လစဉ်တိုင်း ဆုတ်ယုတ်လာနေခဲ့သည်။
ထုတ်လုပ်ရေး ပမာဏများမှာ အောက်တိုဘာလတွင် ဝယ်လိုအား ပျော့လာခြင်း၊ ကုန်ကြမ်း ရှားပါးမှုနှင့် ကျွမ်းကျင်လုပ်သား မလုံလောက်မှုကြောင့် ထပ်မံ ထိခိုက်ခဲ့ရသည်။ 
အကြောင်းရင်းခံများအဖြစ် ပါဝင်ဖြေခဲ့ကြသူတို့က စစ်တပ်မှ အာဏာသိမ်းယူခဲ့ခြင်းနှင့် ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါကို ညွှန်ပြခဲ့ကြပါသည်။

 ခြုံပြောရလျှင် ကျဆင်းမှု အရှိန်ပြင်းထန်ခဲ့သော်လည်း ဇန်နဝါရီမှစပြီး အားအပျော့ဆုံးနှုန်း ဖြစ်ခဲ့သည်။
အလားတူစွာ အော်ဒါ အသစ်များမှာ တဟုန်ထိုး ကျသွားခဲ့ရာ ဆယ့်လေးလဆက်တိုက် ကျဆင်းမှု ဖြစ်လာသည်။ 
ကုမ္ပဏီများက ငွေသား ပြတ်တောက်မှု၊ ကုန်ကြမ်း ရှားပါးမှုနှင့် ၎င်းတို့နှင့် ဆက်စပ်လျက် ရောင်းဈေးများ မြှင့်တင်ခဲ့ရခြင်းတို့က ဝယ်လိုအားကို ဖိစီးနေကြောင်း ထောက်ပြကြသည်။ 

ကျဆင်းမှုမှာ စစ်တမ်းသမိုင်းစဉ် စံနှုန်းများအရ ထင်ရှားခဲ့သော်လည်း သုံးလဆက်တိုက် အားပျော့လာခဲ့သည်။
မိမိတို့ဆန္ဒအလျောက် အလုပ်မှု နှုတ်ထွက်မှုများနှင့် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက် အချို့တို့ကြောင့် လုပ်သားများ မိမိတို့ ဇာတိဒေသများသို့ ပြန်သွားကြရသည်။ 
ဝယ်လိုအားမှာ နိမ့်ကျနေခဲ့သော်လည်း ကုမ္ပဏီများသည် ထုတ်လုပ်မှုကို မတိုးနိုင်ကြဘဲ မပြီးဘဲကျန်ရစ်သည့် အလုပ်များမှာ စံချိန်တင်နှုန်းဖြင့် စုပုံများပြားလာခဲ့သည်။
မပြီးဘဲ ကျန်ရှိနေသည့် အလုပ်များ ၁၂-လဆက်တိုက် တိုးမြင့်လာခဲ့ရာ စစ်တမ်းသမိုင်းထဲတွင် အကြာရှည်ဆုံး မြင့်တက်လာမှုဖြစ်သည်။
နိုင်ငံတကာ ကုန်ကြမ်းရှားပါးမှုကြောင့်လည်း မပြီးဘဲကျန်ရစ်နေသည့် အလုပ်များ စံချိန်တင်စုပုံနေခြင်းကို ဖြစ်ပေါ်စေခဲ့သည်။
ပစ္စည်းပေးသွင်းရေး ကွင်းဆက်များမှာ ကူးစက်မြန်ကပ်ရောဂါကြောင့် ပြတ်တောက်သွားကြပြီး ဆုတ်ယုတ်မှု လက္ခဏာများကို ပြသနေလျက် ပေးသွင်းမှု ကြာမြင့်ချိန်များမှာ အောက်တိုဘာတွင် စစ်တမ်းတွင် တတိယ အကြာရှည်ဆုံး ကာလဖြစ်လာသည်။
ဤအတောအတွင်း ကုန်စည်ထုတ်လုပ်သူတို့၏ ဝယ်ယူရေးလုပ်ငန်းများ အရှိန်ကျလာခြင်းကို ထောက်ပြနေသော်လည်း နှုန်းမှာ နှေးလာပါသည်။ 
ကုန်ချော သိုလှောင်ထားမှုပါ ယခင်လနှင့်စာလျှင် နိမ့်ကျသွားပြီး ကုန်ခမ်းလာမှု နှုန်းမှာမူ စစ်တမ်း သမိုင်းထဲတွင် ဒုတိယ အများဆုံးဖြစ်သည်။
ထုတ်လုပ်ရေး ပစ္စည်းများ ပေးသွင်းရေး ကွင်းဆက်ကို အောက်တိုဘာလတွင် ရောင်းသူများက လွှမ်းမိုးနေခဲ့ကြပြီးး ထုတ်လုပ်မှု စရိတ် ဖောင်းပွမှုမှာ ငါးလအတွင်း အမြင့်ဆုံး ဖြစ်လာပြီး မှတ်တမ်းထဲတွင် ဒုတိယ အများဆုံး ဖြစ်ပါသည်။ 
ကုန်ကြမ်းများနှင့် ပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်လာလျက် ငွေလဲနှုန်း ဆိုးလာခြင်းက ထုတ်လုပ်မှု စရိတ်များကို မြှင့်တင်ရန် ဖိအားပေးလာသည်။ 
စက်ရုံများ၏ ရောင်းဈေးများပါ အလားတူ အရှိန်ဖြင့် မြင့်တက်သွားခဲ့ရာ ယနေ့အထိ စစ်တမ်းထဲက တတိယ အားအကောင်းဆုံး ထိုးတက်သွားမှုဖြစ်သည်။

အနာဂတ်သို့ မျှော်ကြည့်ရာတွင် ထုတ်လုပ်သူတို့အကြား လာမည့် တစ်နှစ်ကာလကို အကောင်းမြင်သူ တိုးလာပါသည်။ ခြုံပြောရလျှင် တိုးတက်ရေး မျှော်လင့်ချက်များမှာ အနည်းငယ် အပြုသဘော ဆောင်ခဲ့သော်လည်း နိုင်ငံရေး မရေရာမှု၊ နိုင်ငံတကာမှ ပစ္စည်းပေးသွင်းမှု၊ ကူးစက်မြန် ကပ်ရောဂါနှင့် ငွေသား ပြတ်တောက်မှု အားလုံးက ယုံကြည်မှုရေချိန်ပေါ်သို့ ဖိစီးခဲ့ကြသည်။


သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားသွားသည်မှာ-
"အောက်တိုဘာ ဒေတာမှ နိုင်ငံတကာ ပေးသွင်းမှုများ ပြတ်တောက်လာနေခြင်းက ဝယ်လိုအားနှင့် ပစ္စည်းပေးသွင်းမှု အပေါ်သို့ လေးလံစွာ ဖိစီးနေလျက် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေး ကဏ္ဍသည် စိန်ခေါ်မှုများ ရှေ့ဆက် ရင်ဆိုင်နေရခြင်းကို ထောက်ပြနေပါသည်။
သမိုင်းစဉ်အရ ကုန်ကြမ်း ဈေးနှုန်းများ မြင့်တက်လာမှုက ကုမ္ပဏီများအား ၎င်းတို့၏ ရောင်းဈေးများကို စစ်တမ်း မှတ်တမ်းထဲက စံချိန်တင် နှုန်းများနီးပါးသို့ မြှင့်တင်ရန် လှုံ့ဆော်ခဲ့သည်။ ငွေသား ပြတ်တောက်မှု ပြဿနာမှာ ရှိမြဲရှိနေသော်လည်း၊ ဖောက်သည်များသည် မြန်မာနိုင်ငံအတွင်း ထုတ်ကုန်များကို ဝယ်ယူမှု လျှော့ချလာခဲ့ကြသည်။
"ကုန်ကြမ်းများ ရှားပါးလာချိန်မှာ ကုမ္ပဏီများ အနေနှင့် ကျွမ်းကျင် လုပ်သားများကို ရှာဖွေရာတွင် အခက်အခဲ ရှိလာပြီး မကြာခဏဆိုသလို လစာပိုရသည့် နေရာများသို့ ရွှေ့ပြောင်းသွားကြ၍ ၎င်းတို့၏ ဝန်ထမ်းများကို ဆုံးရှုံးလာရသည်။ မပြီးဘဲကျန်ရစ်သည့် အလုပ်များမှာ စစ်တမ်း သမိုင်းအတွင်း အမြင့်ဆုံးနှုန်းဖြင့် တိုးလာခဲ့ရာ ကုန်ထုတ်စွမ်းအားဆိုင်ရာ အခြေအနေများ ပြင်းထန်မှုကို ဖေါ်ပြနေသည်။
"မြန်မာနိုင်ငံ၏ စီးပွါးရေးမှာ ၂၀၂၁ ခုနှစ်တွင် အာရှတိုက်ထဲက အပြင်းထန်ဆုံး ထိုးနှက်ခံခဲ့ရသည့် စီးပွားရေးများထဲမှ တစ်ခုအဖြစ် ကျန်ရှိနေပါသည်။ နောက်ဆုံး သုံးလပတ်အစက အားကောင်းသည့် ကျဆင်းမှုများကို ညွှန်ပြနေသော်လည်း ကျဆင်းမှုနှုန်းသည် နှစ်ဆန်းမှစပြီး အားအပျော့ဆုံး ဖြစ်လာနိုင်မည့် မျှော်လင့်ချက် လက္ခဏာများ ရှိပါသည်။
ပစ္စည်းပေးသွင်းမှုဆိုင်ရာ ဖိအားပေးမှုများကို ၂၀၂၂ နှစ်တွင်ပါ မြင်ရဖွယ်ရှိသော်လည်း ကုမ္ပဏီများက နိုင်ငံတကာ ရှားပါးမှုများမှာ အားပျော့သွားပြီး ဈေးနှုန်းများ ကျဆင်းလာကာ ဝယ်လိုအား ပြန်ကောင်းလာမှာကို မျှော်လင့် နေကြပါသည်"


တွက်ချက်နည်း

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ထုတ်လုပ်သူ ၂,၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်မျာှေေ အပေါ်အခြေခံပြီး IHS Markit မှ တွက်ချက် ပါသည်။ ယင်းနိုင်ငံများသည် အာဆီယံထုတ်လုပ်သူများ၏ ထပ်တိုး တန်ဖိုး ၉၈% ကို ထုတ်လုပ် ပေးကြပါသည်*။ မေးမြန်းရန် ရွေးချယ်ခံရသူများကို GDP အားထောက်ပံ့မှုအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။

စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကိုညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နှံ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြားရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကိုညွှန်ပြ ပါသည်။

ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွှန်းများကို တစ်နိုင်ငံစီ၏ အညွှန်းများအားချိန်ဆလျက် စုပေါင်း တွက်ယူပါသည်။ နိုင်ငံများအလိုက် ချိန်ဆမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည်*။အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI)ဖြစ်ပါသည်။

PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်-

  • အော်ဒါသစ်များ (၃၀%)၊
  • ထုတ်လုပ်မှု (၂၅%)၊
  • အလုပ်နေရာ (၂၀%)၊
  • ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့်
  • သိုလှောင်ထားသည့်ထည့်ကုန်များ (၁၀%)။

PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်းများနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက်ညှိပေးရမည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ်သက်ရောက်မှု ရှိနိုင်ပါသည်။ဒေတာကို ၂၀၂၁ ခုနှစ် မေလ ၁၁-၂၄ ရက်များတွင် စုစည်းခဲ့သည်။

 

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့်ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံစိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင်စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။ © 2021 IHS Markit Ltd. မူပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားသည်။

 

PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိအထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့်လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကိုနောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့်လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက
ihsmarkit.com/products/pmi.html
သို့ ဝင်ရောက်ကြည့်ရှုပါ။
 

Industry Reviews Read 1231 times