ဒီဇင်ဘာလတွင်  မြန်မာ ထုတ်လုပ်မှု PMI™ သည် ၁၆-လအတွင်း အမြင့်ဆုံးတွင် ရောက်ရှိနေ


03 January, 2022

 

ဒီဇင်ဘာလတွင်  မြန်မာ ထုတ်လုပ်မှု PMI™ သည် ၁၆-လအတွင်း အမြင့်ဆုံးတွင် ရောက်ရှိနေ

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွက် IHS Markit  မြန်မာ ထုတ်လုပ်မှု PMI™ ထုတ်ပြန်ချက်တွင် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ တည်ငြိမ်လုနီးပါး ဖြစ်နေသည့်ကြားတွင် မြန်မာ ထုတ်လုပ်မှု PMI™ သည် ၁၆-လအတွင်း အမြင့်ဆုံးတွင် ရောက်ရှိနေသည်ဟု ဆိုသည်။ 

အဓိက တွေ့ရှိချက်များ

  • ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ဒသမဂဏန်းမျှ ကျဆင်းလာချိန်မှာ PMI သည် ကြားနေအမှတ်ဆီသို့ ရောက်ရှိ
  • အလုပ်နေရာများ အသစ်တဖန် တိုးလာခဲ့သည့်တိုင်အောင် လက်ကျန်အလုပ်များ စံချိန်တင်နှုန်းဖြင့် မြင့်တက်လာ
  • ထုတ်ကုန်နှင့် ထည့်ကုန်ဈေးနှုန်း ငွေကြေးဖောင်းပွမှုမှာ အသင့်အတင့်ဖြစ်ခဲ့သော်လည်း စစ်တမ်းသမိုင်းစဉ်အရ မြင့်မားလျက် ရှိနေသေးခြင်း
     

 

ဒေတာကို ၂၀၂၁ ဒီဇင်ဘာ ၅ - ၁၅ ရက်များတွင် စုစည်းခဲ့သည်။

မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍ၏ PMI™ မှာ ၂၀၂၁ ခုနှစ်၏ နောက်ဆုံးလတွင် တည်ငြိမ်ရေးဖက်ဆီသို့ ဦးတည်လိုက်ခြင်းဖြင့် နာလန်ထူရေး လက္ခဏာများကို ရှေ့ဆက်ပြသလိုက်သည်။ 
ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ နှစ်ခုစလုံး ဒသမဂဏန်းမျှ ကျသွားခဲ့မှုကို အလုပ်နေရာများ ပေါ်ပေါက်ခြင်း ပြန်ဦးမော့လာမှုက ကျားကန်ပေးလိုက်ရာ ခြုံပြောရလျှင် ၁၆-လကြာ လက်ရှိ ကျဆင်းမှု ဖြစ်စဉ်ထဲတွင် လုပ်ငန်း အခြေအနေများ၏ ဆုတ်ယုတ်မှု အနည်းဆုံး ဖြစ်လာစေခဲ့သည်။ 
နိုင်ငံတကာမှ ပစ္စည်းပေးသွင်းမှု ပြတ်တောက်ခြင်းများကတိုးတက်မှုအပေါ် ဖိစီးနေကြောင်း လက္ခဏာများ ရှိမြဲရှိနေသော်လည်း မပြီးဘဲကျန်ခဲ့သည့်
အလုပ်များသည် စစ်တမ်းကာလအတွင်း စံချိန်တင် နှုန်းဖြင့် ထိုးတက်သွားသည်။ တစ်ချိန်တည်းမှာ လုပ်ငန်းများ ပြီးဆုံးရန် ကြာမြင့်ချိန်များမှာ သိသာစွာ တိုးလာခဲ့သည်။ 
သို့သော်လည်း ကုမ္ပဏီများသည် လာမည့် ၁၂ လအတွင်းမှာ ၎င်းတို့၏ ထုတ်လုပ်မှု ပမာဏများ တိုးလာမည်အရေးကိစ္စနှင့် ပတ်သက်၍ အကောင်းမြင်မြဲ မြင်နေကြပြီး လုပ်ငန်းများ တိုးချဲ့ရန်နှင့် စက်ပစ္စည်းများကို မွမ်းမံတပ်ဆင်ရန် စီမံထားကြောင်း မကြာခဏ ထုတ်ဖေါ်ပြသကြသည်။
ဈေးနှုန်းများကိုကြည့်လျှင် ကုန်ကြမ်းများနှင့် ပို့ဆောင်ခများ သမိုင်းဝင် မြင့်မားနေပြီး အခြေမသာသည့် ငွေလဲနှုန်း ကစားမှုများက ကုန်ကျစရိတ်များကို မြှင့်ပေးနေရာ ထုတ်ကုန်နှင့် ထည့်ကုန် ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုမှာ မြင့်မားလျက် ရှိနေပါသည်။ အားရစရာအချက်မှာ နှစ်ခုစလုံး၏ တိုးတက်မှုနှုန်းမှာမူ အသင့်အတင့်ဖြစ်လာသည့် အချက်ဖြစ်သည်။
အဓိကအကျဆုံး IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ အညွှန်းကိန်း – ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်းကို – ဒီဇင်ဘာလတွင် ၄၉.၀ မှာ မှတ်တမ်းတင်ခဲ့ရာ နိုဝင်ဘာလ၏ ၄၆.၇ ထက် မြင့်လာခဲ့သော်လည်းအမှတ် ၅၀.၀ ထက် နိမ့်ကျနေဆဲဖြစ်သည်မှာ အပြောင်းအလဲမရှိချေ။  
လုပ်ကိုင်ရေး အခြေအနေများမှာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှစပြီး လစဉ် ဆုတ်ယုတ်လာခဲ့သော်လည်း အကျဘက် ဦးတည်မှုမှာ ဒီဇင်ဘာလတွင် ငါးလဆက်တိုက် အားနည်းလာနေလျက် လက်ရှိကာလအတွင်းမှာ အားအပျော့ဆုံး ဖြစ်သည်။
မြန်မာနိုင်ငံတွင်း ထုတ်လုပ်သူတို့၏ ထုတ်ကုန် ပမာဏများမှာ ဒီဇင်ဘာလတွင် ရှေ့ဆက်ကျသွားသော်လည်း ကျဆင်းမှု နှုန်းမှာမူ မသိသာခဲ့ဘဲ စစ်တမ်း၏ ရေရှည်ပျမ်းမျှနှင့် ယှဉ်ကြည့်လျှင် သာလွန်ပါသည်။
စစ်တမ်းကောက်ရာတွင် ပါဝင်ဖြေဆိုပေးကြသူတို့က ထည့်ကုန်များကို ရှာယူရန် ခဲယဉ်းခဲ့သော်လည်း လုပ်သားဦးရေ တိုးလာခြင်းက အချို့နေရာများတွင် ထုတ်လုပ်မှုကို ပံ့ပိုးပေးခဲ့သည်ဟု ဆိုကြသည်။
အလားတူစွာ အော်ဒါအသစ်များမှာ ဒီဇင်ဘာတွင် ဒသမဂဏန်းမျှ ကျသွားခဲ့ပြီး နှုန်းမှာမူ ၁၆ လအတွင်းမှာ အားအပျော့ဆုံး ဖြစ်လာသည်။ ထုတ်လုပ်မှု တိုးလာကြောင်း ထောက်ပြခဲ့ကြသည်။
စစ်တမ်းကောက်ရာတွင် ပါဝင်ဖြေကြသူတို့က ဖောက်သည်လုပ်ငန်းများ ပြန်စတင်လာခြင်းနှင့် အချို့ကဏ္ဍများ ပြန်လည်ဖွင့်လာခြင်းကို ဖေါ်ပြကြသည်။ ကျဆင်းမှုကို ဖေါ်ပြခဲ့ကြသည့် ကုမ္ပဏီများကမူ နိုင်ငံရေး မတည်ငြိမ်မှုကို အလေးပေး ညွှန်ပြခဲ့ကြသည်။
ထုတ်လုပ်မှုနှင့် အော်ဒါအသစ် ပမာဏများ တည်ငြိမ်ရန် နီးစပ်နေခြင်းက ကုမ္ပဏီများအား ၎င်းတို့၏ ဝန်ထမ်းဦးရေကို အားဖြည့်ရန် တွန်းအားပေးခဲ့သည်။ 
ထုတ်လုပ်မှုကို တိုးချဲ့နိုင်ရန်အတွက် ကျွမ်းကျင် လုပ်သားများကို ရှာဖွေပြီး ဝန်ထမ်းဦးရေကို ထပ်ဖြည့်နိုင်ခဲ့ကြကြောင်း အစီရင်ခံကြသည့် ကုမ္ပဏီများ ရှိပါသည်။
နိုင်ငံတကာတွင် ကုန်ကြမ်းများ ရှားပါးနေပြီး ပို့ဆောင်ရေးလုပ်ငန်းများ တစ်ဆို့နေကြောင်း သတင်းများအကြားမှာ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များတွင် ပြတ်တောက်မှုများ ဆက်လက်ရင်ဆိုင်ခဲ့ရသည်။ 
ထည့်ကုန်များ ရယူရန် ပျမ်းမျှကြာမြင့်ချိန်များမှာ ဒီဇင်ဘာတွင် ထပ်ပြီး တိုးလာခဲ့ပြန်သည်။
၂၀၂၁ ခုနှစ်၏ နောက်ဆုံးလထဲတွင် ကုန်ကြမ်းများ ဝယ်ယူရေး အခက်အခဲများ ရှိမြဲရှိနေခဲ့ရာ လက်ကျန် အလုပ်များမှာ သိသာစွာ မြင့်တက်လာခဲ့သည်။ လက်တွေ့တွင် စုစည်းမှုနှုန်းမှာ ခြောက်နှစ်တာ စစ်တမ်းကာလအတွင်း အထင်ရှားဆုံး ဖြစ်ခဲ့ပြီး အောက်တိုဘာလ၏ ယခင်စံချိန်ကို ကျော်တက်လိုက်သည်။ ယင်းအတောအတွင်း ထည့်ကုန်ဝယ်ယူရေး လုပ်ငန်းများသည် နှစ်ဆယ့်နှစ်လ ဆက်တိုက် ကျဆင်းလာခဲ့သည်။
ဒီဇင်ဘာ စစ်တမ်းဒေတာက ထုတ်ကုန်ဈေး နှင့် ထည့်ကုန်ဈေး နှစ်ခုစလုံး ရှေ့ဆက်မြင့်တက်လာခြင်းကို ဖေါ်ထုတ်ပြသနေသည်။ ကုန်ကြမ်း ရှားပါးမှုနှင့် ပို့ဆောင်ခများ မြင့်တက်လာမှုက ကုန်ကျစရိတ်များကို တွန်းတင်ပေးခဲ့ကြောင်း အစီရင်ခံစာများ ရှိပါသည်။
သို့ဖြစ်၍ ကုမ္ပဏီများက ဝန်ထုပ်ဝန်ပိုး အချို့ကို တစ်ဆင့်လွှဲဖို့ချခဲ့ကြသော်လည်း နှစ်ခုစလုံး၏ ငွေကြေးဖောင်းပွမှုမှာ အားပျော့လာသည်။
နောက်ဆုံးအနေနှင့် ကုမ္ပဏီများသည် လာမည့် ၂၀၂၂ ခုနှစ်ထဲတွင် ၎င်းတို့၏ ထုတ်လုပ်မှု ပမာဏများ တိုးချဲ့နိုင်မည်ဟု ယုံကြည်မြဲ ယုံကြည်နေကြသည်။ အများအားဖြင့် စက်ပစ္စည်းများကို မွမ်းမံပေးလျက် ထုတ်လုပ်မှု တိုးချဲ့ရန် စီမံကိန်းများကို ထည့်သွင်းဖေါ်ပြကြသည်။

 

သုံးသပ်ချက်
နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင်၊ IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel ပြောကြားသွားသည်မှာ-
"၂၀၂၁ ခုနှစ်၏ နောက်ဆုံးလက မြန်မာနိုင်ငံထုတ်လုပ်ရေးကဏ္ဍ၏ PMI မှာ ၁၆ လအတွင်း အမြင့်ဆုံး ၄၉.၀ တွင် ရှိနေရာ မှန်ကန်သည့်ဘက်သို့ ဦးတည်နေခြင်းကို ညွှန်ပြနေသည်။ အဓိက အညွှန်းကိန်းကို ကျဆင်းမှု နယ်ပယ်ထဲတွင် မှတ်တမ်း တင်ဖြစ်ခဲ့သော်လည်း၊ တည်ငြိမ်ရေးဘက်ဆီသို့ ရှေ့ရှုနေကြောင်း ပြတ်သားသည့် လက္ခဏများ ရှိနေပြီး ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များမှာ ဒသမဂဏန်းမျှသာ ကျဆင်းခဲ့ကာ လက်ရှိ ကျဆင်းမှု အစဉ်ထဲတွင် အားအပျော့ဆုံး ဖြစ်ခဲ့သည်။ ကုမ္ပဏီများသည် ဝယ်လိုအား တိုးလာမှာကို ထည့်တွက်လျက် ထုတ်လုပ်မှုကို တိုးချဲ့နိုင်ရန် ကျွမ်းကျင် အလုပ်သမားများကို ရှာဖွေနိုင်ခဲ့ကြခြင်းမှာ ဒီဇင်ဘာ ဒေတာထဲက အပြုသဘော နောက်တစ်ချက် ဖြစ်သည်။
"မည်သို့ပင်ဖြစ်စေ မြန်မာနိင်ငံသည် အာရှတိုက်ထဲက စီးပွားရေး အထိခိုက်ခံခဲ့ရဆုံး နိုင်ငံအဖြစ် ကျန်ရစ်နေပြီး ကုန်ကြမ်း ရှားပါးမှုများ၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် ကိုဗစ်-၁၉ ကို ပူးပေါင်းလျက် ခံစားနေရပါသည်။ ထို့အပြင် တစ်ကမ္ဘာလုံးမှာ Omicron မူကွဲ ကူးစက်မှုများ လျင်မြန်စွာ တိုးလာနေရာ နိုင်ငံတစ်ဝန်း ကာကွယ်ဆေး ထိုးနှံပေးရေးမှာ ပိုတင်းကျပ်သည့် အစီအစဉ်များ ချမှတ်ရမှုကို ဟန့်တားရန် အရေးတကာ့ အရေးကြီး ဖြစ်ပါလိမ့်မည်။"

တွက်ချက်နည်း
IHS Markitမြန်မာ ထုတ်လုပ်မှု PMI™ ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်ကုန် ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများ အတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ပါသည်။ ဤအဖွဲ့တွင် GDP အား ထောက်ပံ့မှုကို အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့်လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့သည်။
စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။
စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နှံ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကို ညွှန်ပြ ပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။
အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI) ဖြစ်ပါသည်။
PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်- 
အော်ဒါသစ်များ (၃၀%)၊ 
ထုတ်လုပ်မှု (၂၅%)၊
အလုပ်နေရာ (၂၀%)၊ 
ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့် 
သိုလှောင်ထားသည့် ထည့်ကုန်များ (၁၀%)။ 

PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်း များနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။
ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရမည့်အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။
ဒေတာကို ၂၀၂၁ ဒီဇင်ဘာ ၅ - ၁၅ ရက်များတွင် စုစည်းခဲ့သည်။
PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး [email protected] သို့ ဆက်သွယ်ပါ။

IHS Markit အကြောင်း
IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် ဈေးကွက်များဆိုင်ရာ
အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီ ဖြစ်ပါသည်။ 
မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ
သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံ စိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ 
IHS Markit ထံတွင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ ထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။
IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ 
အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။
© 2022 IHS Markit Ltd. မူပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားသည်။


PMI အကြောင်း
ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက ihsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။
 

Industry Reviews Read 414 times