တစ်ပတ် ၄ ရက်သာ အလုပ်လုပ်သည့်ပုံစံ Panasonic စတင်ကျင့်သုံး


13 January, 2022

တစ်ပတ် ၄ ရက်သာ အလုပ်လုပ်သည့်ပုံစံ Panasonic စတင်ကျင့်သုံး

တစ်ပတ် ၄ ရက် အလုပ်လုပ်ပုံစံ နေရာပိုရလာနေပြီး Panasonic ကလည်း တစ်ပတ် ၄ ရက် အလုပ်လုပ်တဲ့ ပုံစံ (4-day workweek)ကျင့်သုံးနေသော ကုမ္ပဏီစာရင်းထဲ ပါဝင်လိုက်ပါသည်။
အလုပ်-ဘဝ ဟန်ချက်ညီခြင်း တိုးတက်ကောင်းမွန်စေဖို့အပြင် သင်တန်းပို့ချရေးနှင့် လူတော်များကို ဆွဲဆောင်နိုင်ရေးတို့အတွက်လည်း ရည်ရွယ်ကြောင်း Panasonic က ပြောကြားသည်။ 
 စိတ်ပါဝင်စားသူများအတွက် အလုပ်လုပ်ရက် သုံးရက်မြောက်နေ့ကို အားလပ်ရက်အဖြစ် စတင်သတ်မှတ်ပေးမည်ဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့သည်။ 
Panasonic က လုပ်သားများကို စေတနာ့ဝန်ထမ်း လုပ်ကိုင်ခြင်းဖြစ်စေ၊ ဘေးပန်းအလုပ်တစ်ခု လုပ်ကိုင်ခြင်းဖြစ်စေ ၎င်းတို့ စိတ်ဝင်တစား ဖြစ်သည်ကို လုပ်ကိုင်ဖို့ အချိန်ပိုပေးနိုင်ရန် မျှော်လင့်သည်။ 
"ကျွန်‌တော်တို့က မိမိတို့ရဲ့ ဝန်ထမ်းများ ကောင်းကောင်းမွန်မွန် ကျန်းမာချမ်းသာရေးကိုပံ့ပိုးပေးရပါမယ်" ဟု ဥက္ကဋ္ဌနှင့်အဖွဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူ Yuki Kusumi မှရင်းနှီးမြုပ်နှံသူများအား ရှင်းလင်တင်ပြရာတွင်ပြောကြားခဲ့သည်။

ကျန်းမာရေး၊ အလုပ်သမားနှင့် သက်သာချောင်ချိရေး ဝန်ကြီးဌာနမှ ၂၀၂၀ တွင်ပြုလုပ်သော စစ်တမ်းအရ တစ်ပတ် ၂ရက်ထက် ပိတ်ရက် ပိုများရန် အာမခံချက် ပေးသော ဂျပန်ကုမ္ပဏီမှာ ၈% မျှသာ ရှိ‌သည်။ 
ထိုကုမ္ပဏီများသည် များသောအားဖြင့် လုပ်သားများ ကိုယ်ရေးကိုယ်တာဘဝ လိုအပ်ချက်များ ဖြည့်ဆည်းရာ၌ ကူညီပေးရန်အတွက် အလုပ်ပိတ်ရက် တိုးမြှင့်ပေးကြခြင်း ဖြစ်သည်။ Yahoo Japan နှင့် Sompo Himawari Life Insurance တို့သည် ၂၀၁၇ ခုနှစ်မှစ၍ တတိယနေ့ကို အလုပ်ပိတ်ရက် ပေးခဲ့ရာ၌ ကလေးသူငယ်များ သို့မဟုတ် သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ပေးနေရသူများကိုသာ ‌ပိတ်ရက်ပေးခြင်းဖြစ်သည်။

ယထခုအခါ တစ်ပတ် အလုပ်လုပ်ရက် ၄ ရက် သတ်မှတ်ခြင်းကြောင့် ပိုမိုရရှိသည့် အကျိုးထူးများကို မြင်သည့် ကုမ္ပဏီ ပိုများလာသည်။
COVID-19 တိုက်ဆေး လုပ်ကိုင်သည့် Shionogi သည် ဧပြီလမှစ၍ တတိယနေ့ အလုပ်ပိတ်ရက် ပေးသည့်ပုံစံကို ရွေးချယ်စရာအဖြစ် ပေးထားမည် ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှု ကဲ့သို့သော ကုမ္ပဏီ၏ လုပ်ငန်းနယ်ပယ်အသစ်သို့ ဝင်ရောက်ရန် တတ်ကျွမ်းမှုအသစ်များ သင်ယူဖို့ လုပ်သားများ အချိန်ရရှိစေရန် ရည်ရွယ်သည်။

 စနစ်များ ဖန်တီးထုတ်လုပ်ပေးသော Encourage Technologies သည် ၂၀၂၁ ခုနှစ် ဧပြီလတွင် တစ်ပတ် ၄ ရက်သာ အလုပ်လုပ်ခြင်းကို စတင်ခဲ့သည်။"ငယ်ရွယ်သော အလုပ်သမားများသည် ၎င်းတို့၏ အားလပ်ချိန်များကို တန်ဖိုးထားသည်၊ ထို့ကြောင့် အလုပ်ခန့်ရန် လူရဖို့အတွက် ကျွန်ုပ်တို့ တစ်ပန်းသာနေစေသည်" ဟု ကုမ္ပဏီက ဆိုသည်။

ယူကေတွင် ကုမ္ပဏီများ၏ ၆၀% သည် တစ်ပတ် ၄ ရက် အလုပ်လုပ်သည့်ပုံစံကို ကျင့်သုံးခဲ့ကြရာ အကျိုးဖြစ်ထွန်းမှု တိုးတက်ကောင်းမွန်ခဲ့ကြောင်း University of Reading မှ ၂၀၁၉ စစ်တမ်းတွင် တင်ပြထားသည်။
၂၀၁၉ ခုနှစ်တွင် Microsoft Japan က တစ်ပတ် ၄ ရက် အလုပ်လုပ်ခြင်းကို စမ်းသပ်ခဲ့ရာ လုပ်သား ၉၀% က သဘောကျကြသည်။ လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ် သက်သာသည့် ရလဒ်ကို ကုမ္ပဏီ ရရှိခဲ့သည်။

၂၀၂၀ ဒီဇင်ဘာလတွင် တစ်ပတ် ၄ ရက် အလုပ်လုပ်သည့်ပုံစံကို  Unilever က နယူးဇီလန်တွင် လစာကို အပြည့်ပေးပြီး စမ်းသပ်ခဲ့သည်။ စုစုပေါင်း အလုပ်လုပ်သည့် နာရီများနှင့် အလုပ်ပြီးမြောက်ဖြစ်ထွန်းမှုအပေါ် သက်ရောက်ပုံအပေါ် မူတည်ပြီး အခြားနိုင်ငံများတွင်လည်း တစ်ပတ် ၄ ရက် အလုပ်လုပ်ခြင်းပုံစံကို ကျင့်သုံးမည် ဖြစ်သည်။

တစ်ပတ် အလုပ်လုပ်ရက် ၄ ရက် စိတ်ကူးကို အကောင်အထည်ဖော်ရာတွင် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်စလုံးအတွက် ဆီလျော်သည့် လုပ်နည်းကိုင်ဟန်ကို ရှာဖွေ သုံးစွဲသင့်သည်။ ထိုအချက်သည် အခရာကျသည်။ ရေသန့်စင်ရေးလုပ်ငန်း Metawater သည် တစ်ပတ် အလုပ်လုပ်ရက် ၄ ရက်ကို ၂၀၁၉ တွင် စတင်ကျင့်သုံးသည်။ အလုပ်ချိန်နာရီအရ တွက်ချက်ပြီး ပေးရာတွင် ယခင်ဝင်ငွေအတိုင်း ရနေစေရန် အလုပ်ဆင်းသည့်ရက်တွင် အလုပ်လုပ်ချိန် နာရီထပ်တိုးပြီး လုပ်ကိုင်စေသည်။

ဆန်စက် ထုတ်လုပ်သည့် Satake က ကုမ္ပဏီတစ်ခုလုံးကို တတိယနေ့ အလုပ်ပိတ်ပေးခြင်းကို ၂၀၁၇ ခုနှစ် နွေရာသီတွင် ကျင့်သုံးခဲ့သည်။ သို့သော် ဖောက်သည်များက ရက်တိုး အလုပ်ပိတ်ထားသည်ကို မကြိုက်ကြသဖြင့် အလှည့်ကျ ပိတ်ရက် ရယူကြသည်။

Global News Read 424 times