ဗဟိုဘဏ် Online Trading ဖြင့် နိုင်ငံခြားငွေအပြင် ရွှေ၊ အိမ်ခြံမြေ၊ ကား အရောင်းအဝယ်ပြုရန် အကြံပြု


13 August, 2023

ဗဟိုဘဏ် Online Trading ဖြင့် နိုင်ငံခြားငွေအပြင် ရွှေ၊ အိမ်ခြံမြေ၊ ကား အရောင်းအဝယ်ပြုရန် အကြံပြု

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဦးဆောင်၍ ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၂ ရက် နေ့လယ် ၂ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော် ရုံးအမှတ် (၅၅) ၌ ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရွှေနှင့်ငွေကြေး ဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များက Online Virtual ဖြင့်တက်ရောက်ခဲ့ကြပါသည်။

 အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ပို့ကုန်တင်ပို့သူနှင့်သွင်းကုန် တင်သွင်းသူများအကြား သဘောတူညီချက်များဖြင့် နိုင်ငံခြားငွေရောင်းဝယ်ခဲ့ခြင်း၊ ဈေးကွက်၏ အမှန် ရောင်းလိုအား၊ ဝယ်လိုအားကို မလျော်ညီသော လဲလှယ်နှုန်းများဖြင့် ရောင်းဝယ်ခဲ့ကြခြင်းနှင့် အခြားပြင်ပအကြောင်းအချက်များကိုမူတည်၍ ဆောင်ရွက်ခဲ့ကြခြင်းကြောင့် ၂၂-၆-၂ဝ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဦးဆောင်ပြီး AD လိုင်စင်ရဘဏ်များနှင့် Customer များအကြား ၊ Customer အချင်းချင်းအကြား၊ရောင်းဝယ်ခြင်းကို Online Trading အစီအစဉ်ဖြင့်စတင်ဆောင်ရွက် ခဲ့ကြောင်း၊ ယင်းအစီအစဉ်တွင် ပါဝင်မည့် ပို့ကုန်တင်ပို့သူ၊ သွင်းကုန်တင်သွင်းသူများ၊ ဘဏ်များ လိုက်နာရမည့်အခြေခံသတ်မှတ်ချက်များအား သတ်မှတ်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ 

ဤကဲ့သို့ တရားဝင်နိုင်ငံခြားငွေရောင်းဝယ်သော Online Trading အစီအစဉ်ပေါ်ပေါက်လာခြင်းကြောင့် နိုင်ငံခြားငွေရောင်းချသူများနှင့် ဝယ်ယူလိုသူတို့အကြား တရားဝင်နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဖော်ဆောင်လာနိုင်ပါကြောင်း၊ 

ထိုသို့ဆောင်ရွက်ခြင်းကြောင့် သွင်းကုန်တင်သွင်းသူများသာမက ပို့ကုန်တင်ပို့သူများအနေဖြင့်ပါ ရသင့်ရထိုက်သည့် ဈေးကွက်လဲလှယ်နှုန်းကိုရရှိခြင်း၊ ဈေးကွက်၏ ဝယ်လိုအားရောင်းလိုအားကို အချိန်နှင့်တစ်ပြေးညီသိရှိခြင်း၊ ဗဟိုဘဏ်ကလိုအပ်သလို နိုင်ငံခြားငွေ လိုအပ်ချက် Liquidity ဖြည့်ဆည်းပေးနိုင်ခြင်းတို့ကြောင့် Online Trading အစီအစဉ်ကြောင့် နိုင်ငံခြားငွေရယူလိုသူများ တရားဝင်ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ပါကြောင်း၊ 

Online Trading အစီအစဉ်တွင် နိုင်ငံခြားငွေရောင်းလိုအားနှင့် ဝယ်လိုအားမျှတရန် ဗဟိုဘဏ်အနေဖြင့်လိုအပ်သလို ငွေကြေးပံ့ပိုးပေးနိုင်ခြင်း Financing ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ 

နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်နှင့်ဘတ်တို့အသုံးပြုကာပေးချေနိုင်သည့်အခြေအနေမှ ပုံမှန်ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင်လည်း ယွမ်နှင့်ဘတ်ဖြင့် ပေးချေနိုင်ပြီဖြစ်ပါကြောင်း၊ 

သို့ဖြစ်၍ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ရောင်းလိုအားနှင့်ဝယ်လိုအားမျှတပြီး နိုင်ငံခြားဘဏ်များကပါ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ 

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေဈေးကွက်အတွင်း ယုံကြည်မှု တိုးတက်လာပြီး တရားဝင်ငွေ လဲလှယ်နှုန်းကိုလည်း ပြည်သူများအကြားတွင် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်သည့်အကျိုးကျေးဇူးများ ရှိလာမည်ဖြစ်ကြောင်း၊ 

အမေရိကန်ဒေါ်လာဖြင့် ပေးချေမှုများကို လျှော့ချပြီး ယွမ်နှင့်ဘတ်ကို တိုးမြှင့်သုံးစွဲခြင်းဖြင့် ယွမ်နှင့်ဘတ် လဲလှယ်နှုန်းများ ပြင်ပသက်ရောက်မှုများကြောင့် အတက်အကျ မများဘဲ လဲလှယ်နှုန်းတည်ငြိမ်စေရေးအတွက် Online Trading အစီအစဉ်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်းဆွေးနွေးခဲ့ပါသည်။

ယင်း Online Trading အစီအစဉ်အရ ပို့ကုန်တင်ပို့သူများသည် သတ်မှတ်ကာလအတွင်း နိုင်ငံခြားငွေကို ပြည်တွင်းသို့ ပြန်လည်လွှဲပို့နိုင်သည့်အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ 

Online Trading အစီအစဉ်တွင် ရောင်းဝယ်လျက်ရှိသောနိုင်ငံခြားငွေလဲလှယ်နှုန်းကို ဘဏ်များ၏ Website တွင် တွေ့ရှိနိုင်သကဲ့သို့ ယင်းလဲလှယ်နှုန်းသည် တရားဝင်လဲလှယ်နှုန်းများ ဖြစ်ကြောင်း၊ 

ဈေးကွက်အတွင်းပါဝင်ဆောင်ရွက်သူများသည် အခြားတရားမဝင် လဲလှယ်နှုန်းများကို အသုံးပြုပြီး နိုင်ငံခြားငွေလွှဲပြောင်းပါက ဆုံးရှုံးနိုင်ခြေအန္တရာယ်မြင့်မားပြီး လိုင်စင်မရှိဘဲ ရောင်းဝယ်မှုများအတွက် တရားဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းစသည်ဖြင့် Online Trading အစီအစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ 

ငွေကြေးဈေးကွက်တွင် နိုင်ငံခြားငွေကြေး ဈေးကစားသူများသည်ကောလာဟလ သတင်းအမျိုးမျိုးထုတ်လွှင့်ပြီး ငွေကြေးဈေးကွက်ကမောက် ကမဖြစ်စေရန် လှုံ့ဆော်နေသည်ကို အားလုံးသိရှိနိုင်ပါကြောင်း၊ 

နိုင်ငံခြားငွေကြေးများအား တရား မဝင်သောနည်းလမ်းများဖြစ်သည့် ဟွန်ဒီနည်းလမ်း၊ ငွေသားများ လက်သိပ်ထိုးရောင်းသောနည်းလမ်း၊ နယ်စပ်ဒေသရှိ တရားမဝင်လုပ်ငန်းများမှ ဝယ်ယူရောင်းချနေသူများ ရှိပါကြောင်း၊ ယင်းသို့ ပါဝင် ပတ်သက်ဆောင်ရွက်သည့်ပုဂ္ဂိုလ်များအား ကျော်ဇောသတင်းများအရ စစ်ဆေးဖော်ထုတ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌသည် နိုင်ငံခြားငွေကြေးဈေးကွက်တွင် Online Trading အစီအစဉ်ဆောင်ရွက်သကဲ့သို့ ရွှေတုံး၊ ရွှေခဲရောင်းဝယ်မှုများအတွက် Online Trading အစီအစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  

ယင်းရွှေဈေးကွက်တည်ငြိမ်ခိုင်မာရေးအတွက် အလေးချိန် သတ်မှတ်ချက် စံချိန်စံညွှန်း၊ အရည်အသွေး သတ်မှတ်ချက် စံချိန်စံညွှန်းနှင့် ဈေးနှုန်း သတ်မှတ်တွက်ချက်သည့် လုပ်ငန်းအစီအစဉ် (Mechanism) များအတိုင်း တရားဝင်မှတ်ပုံတင် လက်မှတ်ရှိသူများသာ Online Trading အစီအစဉ်တွင် တရားဝင် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ ရောင်းဝယ်ခွင့်ပြုရန်လိုအပ်ကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။ 

မန္တလေးတွင် လတ်တလောဖြစ်ပွားခဲ့သည့် ရွှေကြိုရောင်း၊ ကြိုဝယ်ဆောင်ရွက်ခြင်းဖြင့် လိမ်လည်မှုများ ပေါ်ပေါက်ခဲ့သည့်အမှုတွင်လည်း သတင်းပို့အဖွဲ့အစည်းများအနေဖြင့် ပုံမှန်သတင်းပေးပို့ရန် ပျက်ကွက်မှုများကြောင့် ဆုံးရှုံးနိုင်ခြေများပါကြောင်း၊ ကြီးကြပ်စစ်ဆေးသူများအနေဖြင့် ရွှေဆိုင်များသည် ဈေးနှုန်းများတည်ငြိမ်မှု မရှိစေရန်နှင့် ကမောက်ကမဖြစ်အောင် ဈေးကစားသူများတွင် ပါဝင်နေခြင်း ရှိ/ မရှိ၊ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များနှင့် လိုအပ်သည့်မှတ်ပုံတင်လက်မှတ်များ ရှိ/ မရှိ၊ အမှန်တကယ် တရားဝင်အရောင်းအဝယ် ပြုလုပ်နေသည့် ဈေးနှုန်းများ၊ ငွေပေးချေသည့် နည်းလမ်းများစသည့်အချက်များကို သေချာစွာ စိစစ်ရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က လက်ရှိနိုင်ငံခြားငွေကြေးနှင့် ရွှေဈေးကွက်များအပြင် အိမ်ခြံမြေနှင့် မော်တော်ယာဉ်ရောင်းဝယ်သူများကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆောင်ရွက်လျက်ရှိသော Online Trading အစီအစဉ်ကဲ့သို့ သတ်မှတ်စည်းမျဉ်းစည်းကမ်းများချမှတ်ပြီး တရားဝင် အရောင်းအဝယ်ဆောင်ရွက်စေခြင်းဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ စိစစ်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ 

အလားတူ Social Media များနှင့် Internet Website များတွင်တရားဝင်လုပ်ကိုင်ခွင့်လိုင်စင် မရှိသော မှတ်ပုံတင်ထားခြင်းမရှိသော နိုင်ငံခြားငွေရောင်း ဝယ်သူများ၊ ရွှေဈေးကစားသူများ၏ မဟုတ်မမှန်ဈေးနှုန်းဖော်ပြပြီး အကျိုးအမြတ်ရရှိစေရန် မသမာ သောနည်းလမ်းဖြင့် ဆောင်ရွက်နေသူများအား စစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာဥပဒေများ နှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း၊ 

ယင်းတရားမဝင် နိုင်ငံခြားငွေ/ ရွှေဈေးနှုန်းဖော်ပြချက်များသည် အာမခံချက်မရှိဘဲ မသမာသောနည်းလမ်းများ အသုံးပြုနေခြင်းဖြစ်သောကြောင့် ဆုံးရှုံးနိုင်ခြေများသဖြင့် အများပြည်သူတို့သည် တရားဝင် ခွင့်ပြုချက်ရထားသည့် လုပ်ငန်းရှင်များမှတစ်ဆင့်သာ ရောင်းဝယ်လဲလှယ်သွားရန်လိုအပ်ကြောင်း၊ 
တရားမဝင်လုပ်ငန်းများနှင့် ဆက်သွယ်ခြင်းဖြင့် ဆုံးရှုံးနိုင်ခြေမြင့်မားပြီး တရားဥပဒေနှင့် မညီညွတ်သောကြောင့် ရှောင်ကြဉ်သွားရေး အများပြည်သူသို့ အသိပေး ပြောကြားသွားရန် လိုအပ်ကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ညနေ ၆ နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။
 


 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 612 times