တရုတ်-မြန်မာ အဝင်/အထွက်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ Onlineအစည်းအဝေးပြုလုပ်


16 October, 2021

မြန်မာနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တရုတ်နိုင်ငံမှတာဝန်ရှိ ပုဂ္ဂိုလ်များက နှစ်နိုင်ငံ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် ပိတ်ထားသော နယ်စပ်အဝင်/အထွက် ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် Online မှတစ်ဆင့် အစည်းအဝေးတစ်ရပ်ကို အောက်တိုဘာ ၁၄ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် တရုတ်နိုင်ငံဘက်မှ တင်ပြသောအစီအစဉ်၌ တရုတ်နိုင်ငံ တွင်းမှ ကုန်စည်များတင်ဆောင်သော ကား များသာ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထွက် ခွင့်ပြုပြီး မြန်မာနိုင်ငံမှ ကုန်စည်တင်ဆောင် ထားသောကားများအား တရုတ်နိုင်ငံသို့ ဝင် ရောက်ခွင့်မပြုသည့်အစီအစဉ်ကို တင်ပြလာ ရာ မြန်မာနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း ၎င်းအစီအစဉ်အားလက်မခံဘဲ တရုတ်ဘက် မှ ကုန်ကားအစီး ၁၀၀၀ မြန်မာဘက်သို့ ဝင် လျှင် မြန်မာဘက်မှလည်း တရုတ်နိုင်ငံသို့  ကုန် ကားအစီး ၁၀၀၀ ဝင်ခွင့်ပြုရမည်ဟု ကုန် သွယ်ရေးညီမျှမှုအတွက် တင်ပြခဲ့ကြောင်းနှင့် ၎င်းတို့၏ တစ်ဖက်သတ် အစီအစဉ်အား လက် မခံကြောင်းပြောကြားခဲ့ရာ တရုတ်ဘက်က လည်းအထက်သို့ တင်ပြပါမည်ဟုပြော၍ အစည်းအဝေးပြီးဆုံးသွားကြောင်း မူဆယ်နမ့် ခမ်းရှိ ကုန်သည်ကြီးများက ပြောကြားသည်။

တရုတ်၏အစီအစဉ်အား မြန်မာဘက် မှလက်မခံသည်ကို ကြားသိရ၍ နယ်စပ်တွင် လုပ်ကိုင်နေသော ကုန်သည်များက ကြိုဆို ထောက်ခံကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဆိုသည်။

လက်ရှိအချိန်၌ တရုတ်ဘက်မှ ကိုဗစ်ရောဂါ အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံနှင့် နယ် စပ်ကုန်သွယ်ရေးပြုလုပ်လျက်ရှိသော နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုဇုန်အားလုံး၌ ကို ဗစ်ရောဂါ ကာကွယ်ရေးပစ္စည်းများမှလွဲ၍ အခြားကုန်စည် ကူးသန်းရောင်းဝယ်သယ်ယူ မှုများရပ်တန့်နေပြီး  ‘၀’ ဒေသ ပန်ဆိုင်းဂိတ် ပေါက်မှလွဲ၍ ကျန်ဂိတ်အားလုံးကို  တရုတ် ဘက်က ပိတ်ထားခဲ့သည်။

ထိုသို့  တရုတ်နယ်စပ်ဂိတ်များလုံးဝပိတ် သွားသည့်အခြေအနေကြောင့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ၊ သစ်တောထွက် ကုန်များ ၊ သဘာဝဓာတ်ငွေ့၊ သတ္တုတွင်းထွက် များ၊ ရေထွက်ပစ္စည်းများ၊ အဝတ်အထည်၊ ကျောက်စိမ်းနှင့် ကျောက်မျက်စသည့် အဓိက တင်ပို့သည့် ကုန်စည်များ တုံ့ဆိုင်းရပ်တန့်နေ ပြီး အဓိကသွင်းကုန်ပစ္စည်းများ စက်ပစ္စည်း နှင့် အပိုပစ္စည်းများ ၊ ပို့ဆောင်ရေးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ စားသုံးဆီ၊ စားသောက်ကုန်များ၊ ချည်မျှင်နှင့် ပလတ်စတစ်စေ့များ၊ လူသုံးကုန်၊ အလှကုန်များနှင့် ဆက်စပ်ပစ္စည်းများ စျေးကွက်အတွင်း ပြတ်လပ်မှုများကြုံရနိုင် သည့် အခြေအနေများဖြစ်ပေါ်နေသည်။

မြန်မာ-တရုတ်နယ်စပ် ဖြတ်ကျော်  ကုန် သွယ်မှုများ ရပ်တန့်နေ့သည့်အခြေအနေတွင် ပြည်တွင်း ဆန်၊ ပဲ‌၊ ပြောင်း၊ နှမ်းစျေးကွက်ကျ ဆင်းနေပြီး  တောင်သူများအကျိုးအမြတ်မရ ရှိမှုများရှိနေသည်။

“ဆန်စပါးပေါ်ချိန်မှာ တရုတ်ကို နယ်စပ် ကနေတစ်ဆင့် တင်ပို့ခွင့်မရတာကြောင့် တောင်သူတွေ အကျိုးအမြတ်မရနိုင်တော့ ဘူး။ အရင်က Oversea နဲ့စာရင် နယ်စပ်က နေ ဆန်တင်ပို့ရတာ မြန်လည်းမြန်တယ်။ စျေး လည်းပိုရတယ်။ တောင်သူတွေ အကျိုးအမြတ် ပိုရှိတယ်။ ဆန်‌ပေါ်ချိန်မှာ‌ တောင်သူ‌တွေ မ ခံစားရဘူး။ တရုတ်ပြည်နယ်စပ်ဂိတ်တွေပိတ် ထားလို့  အခုဘယ်ကဝယ်လည်းဆိုတော့  Oversea သမားတွေ ဝယ်တယ်ဆိုပေမဲ့လည်း ဒေါ်လာစျေးအတက်အကျပေါ် မူတည်ပြီး တော့ အရှုံးအမြတ်ရှိတယ်။ ဒီအတွက် ထိုက် သင့်သလောက် တောင်သူတွေ အကျိုးခံစား ခွင့်မရဘူး။ ဆန်သစ်ပေါ်ချိန်မှာ စျေးတက်မှ တောင်သူတွေ ခံစားခွင့်ရှိတာ။ စိုက်ပျိုးရေး ကုန်ကျစရိတ် အရမ်းမြင့်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ် ဓာတ်မြေဇြာတစ်အိတ်ကို နှစ်သောင်းနီးပါး ရှိခဲ့ရာက‌နေအခု  ငါးသောင်းလောက်နဲ့စိုက် နေရတာကြောင့် စိုက်ပျိုးစရိတ်မြင့်တက်ခဲ့တာ ကြောင့် တောင်သူတွေနစ်နာခဲ့တယ်” ဟု မူ ဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦး မင်းသိန်းက ပြောကြားသည်။

 ယခင်က ကာလတူလများ၌ တစ်ရက် လျှင် ဆန်အိတ်ရေ ငါးသောင်းဝန်းကျင် မူဆယ် နယ်စပ်မှတစ်ဆင့် ပုံမှန်တင်ပို့နေသော်လည်း ယခုအချိန်၌ ရပ်တန့်နေပြီး ဆန်စပါးပဲပြောင်း နှမ်းများ ကားအစီးရေ ၃၀၀၀ နီးပါး သောင် တင်နေကာ အချို့မှာ မြန်မာပြည်အောက် ပိုင်းသို့ ပြန်လည်သယ်ယူခဲ့မှုများရှိသည်။

တရုတ်ဘက်က ဂိတ်များပိတ်ထားခြင်း ကြောင့် တရုတ်ကုန်စည်များ စျေးကွက်အတွင်း ပြတ်လပ်မှုအချို့ ကြုံတွေ့နေရပြီး ကုန်စျေး နှုန်းများတက်လာမည်ကို ကုန်သည်လုပ်ငန်း ရှင်များက စိုးရိမ်နေကြောင်း သိရသည်။

“ဘာမှမကြည့်နဲ့ဗျာ။ တရုတ်ဂက်စ်မီးခြစ် အရင်က ၁၅၀ ကျပ်၊ အခု ၅၀၀ ကျပ်ဖြစ်သွား တယ်။ စားသုံးဆီစျေးလည်း တက်သွားတယ်၊ နှစ်လပိုင်းက‌တော့ တစ်ပိဿာကို နှစ်ထောင် ကျော်ပဲရှိရာကနေ အခု ၅၅၀၀ လောက်ဖြစ် သွားပြီ။ စက်သုံးဆီစျေးနှုန်း မြင့်တက်တဲ့အ တွက် သယ်ယူစားရိတ်မှာလည်း တစ်တန်ကို ကျပ် ၁၄၀၀၀ တက်သွားတယ်။ စားသောက် ကုန်ခြောက်တွေလည်း တက်တယ်။ ခေါက်ဆွဲ ခြောက်တစ်ဖာကို ၅၀၀၀ ကျော်တက်သွား တယ်။ သကြားက တစ်အိတ်ကို နှစ်သောင်း ကျော်လောက် တက်သွားတယ်။ ငွေလဲနှုန်းနဲ့ စက်သုံးဆီစျေးနှုန်း ပြန်တည်ငြိမ်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် အခြေခံလူတန်းစားတွေ အ ခက်အခဲမျိုးစုံ ဖြစ်ပေါ်လာနိုင်တယ်။ ကုန်သည် တွေလည်း ရောင်းရှုံးဖြစ်ပြီး ပင်ပန်းတာပဲ အဖတ်တင်မှာ” ဟု မူဆယ်မြို့ရှိ ကုန်မျိုးစုံ လက်လီလက္ကားရောင်းဝယ်မှုပြုလုပ်‌နေသူ ကိုချိုအေးက ပြောကြားသည်။

မူဆယ်၌ တရုတ်သို့ပို့ရန် လယ်ယာထွက် ကုန် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း တန်ချိန် ငါးသောင်း ကျော်သောင်တင်နေပြီး တရုတ်နိုင်ငံ ကျယ် ဂေါင်မြို့ လော့ဒေါင်းကာလ၌ ပိတ်မိနေသော ကုန်ပစ္စည်းမျိုးစုံ တန်ငါးသောင်းနီးပါးရှိနေ ကြောင်း သိရသည်။

တရုတ်နိုင်ငံက နယ်စပ်ဂိတ်များအား COVID-19 ရောဂါအကြောင်းပြချက်ဖြင့် ပိတ်ထားမှုကြောင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးအမြတ်များမှာထိုးကျလာလျက်ရှိပြီး ထိုဂိတ်များအား စည်းစနစ်ကျပြန်လည်ဖွင့် လှစ်ပြီး ကုန်သွယ်ရေးညီမျှစေရန် တရုတ်ဘက် က အလေးထားဆောင်ရွက်ရန်လိုကြောင်း ကုန်သည်များက ဆိုသည်

news-eleven.com

 

Export, Import Read 424 times