ယူကရိန်း စစ်ပွဲကြောင့် တနင့်တပိုး ပေးဆပ်ကြရလိမ့်မည်ဟု OECD သတိပေး


20 June, 2022

ယူကရိန်း စစ်ပွဲကြောင့် တနင့်တပိုး ပေးဆပ်ကြရလိမ့်မည်ဟု OECD သတိပေး

ကမ္ဘာ့စီးပွားရေးက ရုရှားက ယူကရိန်းကို ကျူးကျော်ခြင်းအတွက် တနင့်တပိုး ပေးဆပ်ကြရလိမ့်မယ်လို့  OECD က ပြောကြားပါတယ်။ ၂၀၂၂ ကြီးထွားနှုန်း ကြိုတင်ခန့်မှန်းချက်ကိုလည်း လျှော့ချလိုက်ပြီး ငွေဖောင်းပွနှုန်း ကြိုတင်ခန့်မှန်းချက်ကို တိုးမြှင့်လိုက်ပါတယ်။ 

ကမ္ဘာ့စီးပွားရေးသည် ယူကရိန်းစစ်ပွဲဂယက်မှာ  ဖွံ့ဖြိုးမှုအားနည်းခြင်း၊ ပိုအားကောင်းနေသော ငွေကြေးဖောင်းပွမှုနှင့် ထောက်ပံ့ရေးကွင်းဆက်များအဖို့ ကြာရှည်စွာ ပျက်စီးနိုင်ခြေရှိခြင်းတို့ကြောင့် တနင့်တပိုး  ပေးဆပ်ရလိမ့်မည်လို့ OECD က ပြောကြားခဲ့ပါတယ်။


ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် OECD (Organisation for Economic Co-operation and Development) မှာ နိုင်ငံပေါင်း ၃၈ နိုင်ငံ ပါဝင်ပြီး အားလုံးနီးပါးတို့က ဖွံ့ဖြိုးပြီး နိုင်ငံများ ဖြစ်ပါတယ်။ 

OECD က ရုရှားယူကရိန်း ပဋိပက္ခကြောင့် စားသောက်ကုန်ဈေးနှုန်းများနှင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်သဖြင့် ဂျီဒီပီ ကြီးထွားနှုန်း ကြိုတင်ခန့်မှန်းထားတာကို လျှော့ချလိုက်ပါတယ်။ 

OECD  ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စီးပွားရေး ရှေ့အလားအလားမှာ ကမ္ဘာ့ဂျီဒီပီ gross domestic product  က ၂၀၂၂ မှာ ၃% တိုးလိမ့်မယ်လို့ ပြင်ဆင်လိုက်ပါတယ်။ ၂၀၂၁ ဒီဇင်ဘာလမှာ ၄.၅%  တိုးလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းထားတာကို လျှော့ချခန့်မှန်းလိုက်တာ ဖြစ်ပါတယ်။  ၂၀၂၃ မှာ ကမ္ဘာ့စီးပွားကြီးထွားနှုန်း ၂.၈% အထိ နှေးသွားလိမ့်မယ်လို့ ခန့်မှန်းပါတယ်။


OECD က ငွေဖောင်းပွမှုကို ကြိုတင်ခန့်မှန်းတာကို ၂ ဆ တိုးမြှင့်ခန့်မှန်းပါတယ်။ အမေရိကန်၊ ဩစတေးလျ၊ ဂျပန်၊ လက်တင်အမေရိက၊ ဥရောပနိုင်ငံများမှာ ၈.၅%  လို့ ခန့်မှန်းပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံး ရေချိန် ဖြစ်ပါတယ်။ 

"ရုရှားက ယူကရိန်းကို စစ်တိုက်တာအတွက် ကမ္ဘာက တနင့်တပိုး ပေးဆပ်ရလိမ့်မယ်" လို့ OECD ရဲ့  စီးပွားရေးပညာရှင် အကြီးအကဲနှင့် တွဲဘက်အထွေထွေ အတွင်းရေးမှူး Laurence Boone က ပြောကြားပါတယ်။ “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းက ကျွန်တော်တို့ ရှေ့မှောက်မှာ ပေါ်လွင်လာနေပါပြီ" လို့ သူက ပြောကြားပါတယ်။ 

"ကြီးထွားနှုန်း ဘယ်အတိုင်းအထာအထိ လျော့ကျမလဲ၊ ငွေဖောင်းပွမှု ဘယ်လောက်အထိ မြင့်တက်မလဲဆိုတာက စစ်ပွဲ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ ဒါပေမဲ့ ပြတ်ပြတ်ထင်ထင် သေချာတာက အဆင်းရဲဆုံးတွေ အထိအနာဆုံး ဖြစ်ကြလိမ့်မယ်" လို့ Boone  က ပြောကြားပါတယ်။ 
"ဒီစစ်ပွဲအတွက် ပေးဆပ်ရမယ့် တန်ဖိုးက ကြီးမားနေတယ်။ မျှဝေကျခံကြဖို့ လိုအပ်လိမ့်မယ်" လို့ သူက ပြောကြားပါတယ်။ 

စစ်ပွဲ မဖြစ်ပေါ်ခင်ကာလမှာ ၂၀၂၂-၂၃ ရှေ့အလားအလာက ကျယ်ကျယ်ပြန့်ပြန့် ကောင်းမယ်ပုံ ရနေခဲ့ပါတယ်။  Covid-19 ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ လွန်မြောက်ခဲ့ပြီးနောက်မှာ ကြီးထွားနှုန်းနှင့် ငွေဖောင်းပွမှုတို့ ပုံမှန်အနေအထားကို ပြန်လည် ရရှိခဲ့ကြပါတယ်  လို့ OECD က ပြောကြားပါတယ်။ 
ထိုသို့ ရှိစဉ် ယူကရိန်း ကျူးကျော်မှူ၊ တရုတ်နိုင်ငံမှာ zero-Covid  မူဝါဒအရ ကိုဗစ်ကူးစက်မှု ထိန်းချုပ်ဖို့ အဓိက မြို့ကြီးများနှင့် ဆိပ်ကမ်းများ လော့ဒေါင်းချခြင်းတို့ကြောင့် ဆိုးရွားတဲ့ ရှော့ခ် အစုံအတွဲ အသစ်တစ်ခုကို ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

OECD  ရဲ့ မူလအစီအစဉ်မှာ ရှေ့အလားအလာ ကြိုတင်ခန့်မှန်းချက်ကို ၂၀၂၂ မတ်လမှာ ထုတ်ပြန်ဖို့ လျာထားခဲ့ပါတယ်။ စစ်ပွဲကြောင့် ဖြစ်‌ပေါ်နေတဲ့ မတည်မငြိမ် မရေမရာတာတွေကြောင့် ထုတ်ပြန်ဖို့ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ မတ်လမှာတုန်းက စစ်ပွဲပဋိပက္ခက ကမ္ဘာ့ ဂျီဒီပီ ကြီးထွားနှုန်းကို ၁% သာသာ လျော့ကျစေလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ 

 


ကမ္ဘာဘဏ်ကလည်း ကမ္ဘာ့စီးပွား ကြီးထွားနှုန်းကို ၄.၁% မှ ၂.၉% သို့ ပြင်ဆင်လျှော့ချ ခန့်မှန်းခဲ့ပါတယ်။ ကမ္ဘာ့ငွေကြေးရန်ပုံငွေ IMF ကလည်း အလားတူပင် လျှော့ချခဲ့ရာ ၃.၆ % လို့ ခန့်မှန်းပါတယ်။ 

 

ရုရှားနှင့် ယူကရိန်းတို့မှ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှု လျော့ကျကုန်တဲ့အတွက် ပေါ်ထွန်းစဈေးကွက် စီးပွားရေးများ စားနပ်ရိက္ခာ မဖူလုံမယ့် အရေး ဖြစ်ပေါ်နေစေတယ်လို့ ဆိုပါတယ်။ 

ရုရှားက ဥရောပသို့ တင်ပို့ရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို ပိတ်ထားတဲ့အခါ စစ်ပွဲကြောင့် အကျိုးသက်ရောက်မှုတွေက ထင်ထားကြတာထက် ပိုကြီးမားလိမ့်မယ် လို့ ဆိုပါတယ်။ 

 

 

ကမ္ဘာတစ်လွှားမှ ဗဟိုဘဏ်တွေက ငွေဖောင်းပွနှုန်း မြင့်တက်တာကို ထိန်းဖို့ အတိုးနှုန်းများ တိုးမြှင့် သတ်မှတ်ကြပါတယ်။ အဲဒီအတွက် စီးပွားကြီးထွားနှုန်းကို ထိခိုက်နိုင်ပါတယ်။ 

 


ကမ္ဘာတစ်ဝှမ်းရှိ ဗဟိုဘဏ်များသည် မတည်မငြိမ်ဖြစ်‌နေတဲ့ ငွေကြေးဖောင်းပွမှုရဲ့ ဖိအားများကို တိုက်ဖျက်ရန် ကြိုးပမ်းတဲ့အနေဖြင့်  မူဝါဒဆိုင်ရာ လုပ်ပိုင်ခွင့်များကို  ပိုမိုထုတ်သုံးလာကြပါတယ်။အများစုက အတိုးနှုန်း  တိုးမြှင့်သတ်မှတ်ကြပါတယ်။ကမ္ဘာတစ်လွှားမှာ ဗဟိုဘဏ် ၅၀ ခုကျော်တို့က အနည်းဆုံး  အတိုးနှုန်း တိုးမြှင့်သတ်မှတ်ခဲ့ကြပါတယ်။  အချို့က  အတိုးနှုန်းကို တစ်ကြိမ်မက တိုးမြှင့် သတ်မှတ်ခဲ့ကြပါတယ်။


ယနေ့ကမ္ဘာ့ငွေကြေးဖောင်းပွမှု ရေချိန် ရောက်ရှိအောင် တွန်းတင်ပေးခဲ့တဲ့ သွင်းအားစု ၃ ခုကတော့ အထွတ်အထိပ်ကို ရောက်ပြီးသွားလို့ ပြန်ဆင်းတဲ့ဘက်ကို ရောက်နေပါပြီလို့ ဆိုပါတယ်။

 


 ၎င်းတို့မှာ ကွန်ပျူတာတွေမှာ သုံးစွဲတဲ့ DRAM ဈေးနှုန်းများ၊ ကွန်တိန်နာ ရေကြောင်းပို့ဆောင်ရေး တန်ဆာခနှုန်းထားများ နှင့် ဓာတ်မြေဩဇာ ဈေးနှုန်းများ ဖြစ်ပါတယ်။ 
#MyanmarIndustryGuide

 

MIG
 

Industry Reviews Read 561 times