မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ဥက္ကဋ္ဌနှင့် စပ်လျဉ်း၍ ဗဟိုဘဏ် သတင်းထုတ်ပြန်


27 April, 2022

မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ဥက္ကဋ္ဌနှင့် စပ်လျဉ်း၍ ဗဟိုဘဏ် သတင်းထုတ်ပြန်


MAB ဘဏ်ဥက္ကဋ္ဌ ဦးချစ်ခိုင် ထိန်းသိမ်းခံထားရသဖြင့် ဒါရိုက်တာဘုတ်အဖွဲ့က ဦးချစ်ခိုင် နေရာတွင် ဒုဥက္ကဋ္ဌဖြစ်သူ ဒေါ်ခင်စိုးဝေ (ဦးချစ်ခိုင် ၏ ဇနီး) ကို  ဥက္ကဋ္ဌအဖြစ် ပြောင်းလဲခန့်အပ်ထားသည်ဟု သိရပါသည်။ 
မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်သည် ရန်ကုန်၊ မန္တလေးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့ရှိ မြို့ကြီးများမှာ ဘဏ်ခွဲပေါင်း ၁၀၂ ခု ဖွင့်လှစ်လုပ်ကိုင်လျက်ရှိပါသည်။


မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်တို့ အရေးယူခံရသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်းထုတ်ပြန်သည်ကို ဖော်ပြအပ်ပါသည်။



သတင်းထုတ်ပြန်ချက်


မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေးစနစ်တည်ငြိမ် ရေးနှင့် ထိရောက်သော ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ခိုင်မာတိုးတက်ရေးစသည့် ရည်ရွယ်ချက်များတိုးတက်အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်တို့အား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ အရ တရားစွဲဆိုအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသဖြင့် ယင်းဘဏ်က အထက်ပါပုဂ္ဂိုလ်များတာဝန် ထမ်းဆောင်မှုကို ရပ်ဆိုင်းပြီးဖြစ်ကြောင်းတင်ပြလာပြီး မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်တို့အား ပြောင်းလဲခန့်အပ်ခွင့်တင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေတို့ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ယင်းခန့်အပ်မှုကို ၂၇-၄-၂၀၂၂ ရက်နေ့တွင် အတည်ပြုပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်အား ကြီးကြပ်စစ်ဆေး လျက်ရှိရာ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၏ ငွေရေးကြေးရေးအခြေအနေများသည် တည်ငြိမ်ခိုင်မာ မှုရှိကြောင်း၊ ယင်းဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ 
ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၏ ငွေကြေး လွယ်ကူမှုအခြေအနေ၊ အပ်ငွေအသွင်း၊အထုတ်အခြေအနေများအား အနီးကပ်စောင့်ကြည့်လျက် ရှိပြီး လိုအပ်ပါက ငွေကြေးပံ့ပိုးပေးရန် (Liquidity Support) များပေးအပ်လျက်ရှိပါသဖြင့် ငွေအပ် နှံသူများ (Depositors) အနေဖြင့် စိုးရိမ်ပူပန်စရာမရှိဘဲ စိတ်ချယုံကြည်စွာ ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်ရယူသုံးစွဲနိုင်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
သို့ဖြစ်ပါ၍ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူ၊ ဘဏ်တွင်ငွေစုဆောင်းထားရှိသူများ အနေဖြင့် စိုးရိမ်ပူပန်ရန် မလိုကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ် (၂၇-၄-၂၀၂၂)

Banking & Loan Read 14456 times