အာရှ LNG တင်သွင်းမှု အရှေ့မြောက်ဖျားတွင် ပိုများ


25 November, 2021

ကုန်ပစ္စည်း အတိုင်ပင်ခံလုပ်ငန်း Kpler မှ ထုတ်ပြန်သော ဒေတာများအရ သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) အများဆုံး ဝယ်ယူသော သုံးနိုင်ငံ ဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား တို့သည် နိုဝင်ဘာလတွင် တန်ချိန် ၁၇.၇၇ သန်း တင်သွင်းကြလိမ့်မည်။

အောက်တိုဘာလတွင် တန်ချိန် ၁၅.၄၁ သန်း တင်သွင်းခဲ့သည်ထက် ပိုများမည် ဖြစ်သည်။ ပြီးခဲ့သည် ဖေဖော်ဝါရီလနောက်ပိုင်း အများဆုံး ဝယ်ယူသည့် ၃ နိုင်ငံ၏ စုစုပေါင်းပမာဏ အများဆုံး ဖြစ်သည်။ ‌ေဖဖော်ဝါရီလတွင်  တန်ချိန် ၁၉.၀၁ တင်သွင်းခဲ့ကြပါသည်။

အာရှ၏ အရှေ့မြောက်ဘက် အကျဆုံး ၃ နိုင်ငံတို့ တင်သွင်းမှု များလာ‌ချိန်တွင် အာရှတောင်ပိုင်း နိုင်ငံများသည်  LNG ကာလပေါက်ဈေး စံချိန်တင် မြင့်တက်နေသဖြင့် ဝယ်ယူတင်သွင်းမှု ျလျာ့ကျလျက် ရှိသည်ကို တွေ့ကြရသည်။

 

အိန္ဒိယ LNG တင်သွင်းမှု

အိန္ဒိယသည် နိုဝင်ဘာလတွင် တန်ချိန် ၁.၅၁ သန်း မျှသာ တင်သွင်းသည်။ ၂၀၂၀ ဧပြီလနောက်ပိုင်း အနည်းဆုံးပမာဏ ဖြစ်သည်။ ပောက်တိုဘာလ ဆိပ်ကမ်းဆိုက်ရောက်ပမာဏ တန်ချိန် ၂.၃၃ သန်းထက် များစွာလျော့နည်းနေပါသည်။  ယခင်နှစ်ဖြစ်သော၂၀၂၀ နိုဝင်ဘာလက တန်ချိန် ၂.၃၃ သန်း တင်သွင်းခဲ့သည်ထက်လည်း များစွာ လျော့နည်းနေကြောင်း Kpler ၏ ဒေတာများအရ သိကြရသည်။

 

ပါကစ္စတန် LNG တင်သွင်းမှု

ပါကစ္စတန်၏ နိုဝင်ဘာလ တင်သွင်းမှုပမာဏသည် တန်ချိန် ၇ သိန်း ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။ ဇွန်လနောက်ပိုင်း လစဉ်တင်သွင်းပမာဏ အနည်းဆုံး ဖြစ်သည်။ အောက်တိုဘာလက တန်ချိန် ၇၃၀,၀၀၀ တင်သွင်းခဲ့သည်နှင့် မတိမယိမ်းဖြစ်သည်။ 

 

 ဘင်္ဂလားဒေ့ရှ် LNG တင်သွင်းမှု
 
ဘင်္ဂလားဒေ့ရှ်သည် နိုဝင်ဘာလတွင် တန်ချိန် ၃၆၀,၀၀၀ တင်သွင်းမည် ဖြစ်သည်။ အောက်တိုဘာလတွင် တန်ချိန် ၅၃၀,၀၀၀ တင်သွင်းခဲ့သည်ထက် လျော့နည်းပါသည်။

 

တရုတ် LNG တင်သွင်းမှု

တရုတ်နိုင်ငံသည် နိုဝင်ဘာလတွင် တန်ချိန် ၇.၃၇ သန်း တင်သွင်းမည်ဟု ခန့်မှန်းထားသည်။ အောက်တိုဘာလတွင် တန်ချိန် ၆.၁၉ သန်း တင်သွင်းခဲ့သည်ထက် ပိုများသည်။ ဇန်နဝါရီလ နောက်ပိုင်းတွင် အများဆုံးပမာဏ ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် ဩစတေးလျနှင့် ဆက်ဆံရေး တင်းမာနေပြီး ဩစတေးလျမှ မီးထိုးသည့် ကျောက်မီးသွေးများ တင်သွင်းခြင်းကို ပိတ်ပင်ထားသော်လည်း LNG တင်ပိုခြင်းကိုမူ မငြင်းဆန်ပေ။ ဩစတေးလျမှ တင်သွင်းသည့် ဘာလီ၊ ကျောက်ပုစွန်အစရှိသည့် ကုန်စည်များအပေါ် အခွန်‌တိုးကောက်လျက်ရှိသည်။
နိုဝင်ဘာလတွင် တရုတ်နိုင်ငံသည် ဩစတေးလျမှ LNG တန်ချိန် ၂.၉၉ သန်း တင်သွင်းမည်ဟု ခန့်မှန်းထားသည်။ 

 

ဂျပန် LNG တင်သွင်းမှု
အာရှတွင် LNG တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်သော ဂျပန်သည် နိုဝင်ဘာလတွဂ် တန်ချိန် ၆.၀၄ သန်း တင်သွင်းရန် စီစဉ်ထားသည်။ အောက်တိုဘာလတွင် တန်ချိန် ၅.၁၉ သန်း တင်သွင်းခဲ့သည်ထက် ပိုများသော်လည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် တန်ချိန် ၆.၃ သန်း တင်သွင်းခဲ့သည်ထက် လျော့နည်းပါသည်။
 

တောင်ကိုရီးယား LNG တင်သွင်းမှု
LNG တင်သွင်းမှု အများဆုံးနိုင်ငံများတွင် တတိယနေရာတွင် ရှိသော တောင်ကိုရီးယားသည် နိုဝင်ဘာလတွင် တန်ချိန် ၄.၃၆ သန်း တင်သွင်းမည် ဖြစ်သည်။ အောက်တိုဘာလတွင် တန်ချိန် ၄.၇ သန်း တင်သွင်းခဲ့သည်ထက် ပိုများလာသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် တန်ချိန် ၃.၈၆ သန်း တင်သွင်းခဲ့သည်ထက်လည်း ပိုများပါသည်။

ခြုံငုံသုံးသပ်ကြည့်လျှင် မြောက်ပိုင်းဆောင်းရာသီ အအေးဆုံးကာလ မတိုင်ခင် အာရှအရှေ့မြောက်ဖျား ၃ နိုင်ငံတို့သည် လိုအပ်ချက်မြင့်မားလာမည့် LNG ကို ကြိုကြိုတင်တင် တင်သွင်းနေကြသည်။ 


ဈေးနှုန်းက တောင်အာရှ ဝယ်လိုအားကို ထိခိုက်

LNG ဈေးကွက်ထဲ ကာလပေါက်ဈေး မြင့်တက်နေခြင်းသည် တောင်အာရှ ဝယ်လိုအားကို ဘောင်ခတ်ပေးသည်။ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် တို့သည် ချက်ချင်းလက်ငင်းဈေးဖြင့် ဝယ်ယူကြသည့် နိုင်ငံများ ဖြစ်သည်။

မြောက်အာရှသို့ ပို့ပေးသည့် LNG အပတ်စဉ် အညွှန်းဈေးနှုန်းသည် British thermal units  တစ်သန်း(mmBtu)လျှင် အမေရိကန်ဒေါ်လာ ၃၆.၇၀ သို့ နိုဝင်ဘာလ ၁၉ ရက်တွင် ရောက်ရှိလာသည်။ ယခင်အပတ်က အမေရိကန်ဒေါ်လာ ၃၁.၅၀ ဈေးပေါက်ခဲ့သည်။

ချက်ချင်းလက်ငင်း အညွှန်းဈေးနှုန်းသည် Btu တစ်သန်းလျှင် အမေရိကန်ဒေါ်လာ ၃၈.၅၀ ဖြစ်သည်။  ယခင်နှစ်ကထက် ၄၇၃% ပိုများပါသည်။ သို့ဖြစ်ရာ တောင်အာရှ နိုင်ငံတို့သည် LNG ကို ဈေးကြီးနေသည့်ကြားမှာ မဖြစ်မနေ တင်သွင်းရသဖြင့် ဖြစ်နိုင်သရွေ့ လျှော့ပေါ့ တင်သွင်းကြပါသည်။
 

Global News Export, Import Read 774 times