အင်ဒိုနီးရှားတွင် ဟင်းချက်ဆီ ကုမ္ပဏီ ၈ ခု KPPU  စစ်ဆေးရေးဝင်


02 April, 2022

အင်ဒိုနီးရှားတွင် ဟင်းချက်ဆီ ကုမ္ပဏီ ၈ ခု KPPU  စစ်ဆေးရေးဝင်

အင်ဒိုနီးရှား၏ လက်ဝါးကြီးအုပ် တိုက်ဖျက်ရေး ဌာနသည် ဟင်းချက်ဆီထုတ်လုပ်သူများကို စုံစမ်းစစ်ဆေးနေသည်။

လက်ဝါးကြီးအုပ် တိုက်ဖျက်ရေးဌာနကို KPPU ဟု အတိုကောက်အားဖြင့် လူသိများသည်။
KPPU ၏ အကြီးအကဲ Ukay Karyadi က လတ်တလောတွင် သံသယရှိသည့် ကုမ္ပဏီ ၈ ခုကို စစ်ဆေးရေး ဝင်နေကြောင်း မတ်လ ၃၁ ရက် ကြာသပ‌တေးနေ့က ပြောကြားသည်။

ပထမဆုံး စုံစမ်းစစ်ဆေးမှုများကို ဟင်းချက်ဆီ လက်လီရောင်းဈေးများ မြင့်တက်နေစဉ် ဇန်နဝါရီလတွင် စတင်ခဲ့သည်။
ယခု စစ်ဆေးရေး ဝင်နေသော ကုမ္ပဏီ ၈ ခုတို့သည် အင်ဒိုနီးရှား ပြည်တွင်းဈေးကွက်  ၇၀% ကို ထိန်းချုပ်ထားကြောင်း Mr Ukay က ပြောကြားခဲ့ပြီး ကုမ္ပဏီအမည်စာရင်းကို ထုတ်ဖော် ပြောကြားခြင်း မပြုပေ။

ပြည်ပမှ တင်သွင်းသော စားသောက်ကုန်များ ဈေးတက်ခြင်းနှက့်အတူ စာအုန်းဆီကြမ်း ဈေးနှုန်းများလည်း ဈေးတက်ခဲ့သည်။ 
ကမ္ဘာ့စားအုန်းဆီ ဈေးကွက်တွင်လည်း ဝယ်လိုအား ပြန်ကောင်းလာခဲ့ရာ အဓိကတင်ပို့ ရောင်းချသည့် အင်ဒိုနီးရှားနှင့် မလေးရှားတို့သည် ပိုများလာသော ဝယ်လိုအားကို ပြည့်မီအောင် တင်ပို့ရောင်းချနိုင်ခြင်း မရှိသဖြင့် စားအုန်းဆီ အကြမ်းနှင့်အချောတို့ ဈေးမြင့်တက်သည်။

အင်ဒိုနီးရှားသည် စားအုန်းဆီ အများဆုံး တင်ပို့လျက်ရှိသည့် နိုင်ငံဖြစ်သော်လည်း ပြည်တွင်းမှာ စားအုန်းဆီ ဈေးထိုးတက်သည်။ အစိုးရက ဈေးထိန်းရန် ကြိုးပမ်းသည့်အနေဖြင့် ထုတ်လုပ်မှု ပမာဏ၏ ၂၀% ကို မရောင်းမနေရ ပြည်တွင်းမှာ ရောင်းချရမည်ဟု ပြဋ္ဌာန်းသည်။ ထို့ပြင် အမြင့်ဆုံးဈေးနှုန်းကိုလည်း သတ်မှတ်ပြဋ္ဌာန်းပေးလိုက်ရာ ကမ္ဘာ့ဈေးကွက်သို့ တက်ပို့လျှင် ရမည့်ဈေးနှုန်းများထက် များစွာ နည်းနေသည်။ သို့ဖြစ်ရာ ဈေးကွက်ထဲ လက်ကား/လက်လီအရောင်း စားအုန်းဆီများ ကြက်ပျောက်ငှက်ပျောက် ပျောက်သည်။ 

 


 
အစိုးရက ၂၀% သတ်မှတ်ချက်ကို ၁၀% တိုးမြှင့်ပြီး ၃၀% ဟု ပြင်ဆင်သတ်မှတ်ရာ ပရမ်းပတာ မူဝါဒဟု အပြင်းအထန် ဝေဖန်ခံရသဖြင့် ရာခိုင်နှုန်း သတ်မှတ်ချက်ကို ရုပ်သိမ်းလိုက်သည်။ စားအုန်းဆီ ပြည်ပပို့ကုန်အပေါ် စည်းကြပ်သည့် အခွန်နှုန်းထားများကို တိုးမြှင့် လိုက်သည်။ ရရှိလာသည့် အခွန်ငွေဖြင့် ပြည်တွင်း စားအုန်းဆီ ဈေးနှုန်းတွင် အစိုးရက အချို့အဝက် စိုက်ထုတ်ပေးပြီး လျှော့ဈေးဖြင့် ရောင်းချစေသည်။
  လက်ကားဈေးနှုန်းကို ဟင်းချက်ဆီ တစ်လီတာ လျှင် ၁၄,၀၀၀ ရူပီယာထက် မပိုစေရန် အစိုးရက စိုက်ထုတ်ကျခံပေးသည်။
  


Brand ဖြင့်ရောင်းသော ဟင်းချက်ဆီများသည် အမြင့်ဆုံးဈေးနှုန်း သတ်မှတ်ပြဋ္ဌာန်းချက် ရုပ်သိမ်းလိုက်သောအခါ စူပါမားကက်များရှိ စင်များပေါ်သို့ ပြန်ရောက်လာသည်။ သို့သော် ၂ လီတာပါသည့် အထုပ်တစ်ထုပ်ကို ၅၀,၀၀၀ ရူပီယာထက် မြင့်သောရောင်းဈေးဖြင့် ရောင်းချကြသည်။ 

ထိုသို့ ဈေးအမြင့်ဖြင့် ရောင်းရန် ပူးပေါင်းလုပ်ဆောင်ကြသည်ဟု သံသယရှိသဖြင့် KPPU က ကုမ္ပဏီ ၈ ခုကို စစ်ဆေးရေး ဝင်နေခြင်းဖြစ်သည်။

Agriculture & Livestock Read 1399 times