မြန်မာဘရူဝါရီကုမ္ပဏီ ဖျက်သိမ်းဖို့တရားရုံးလျှောက်ထားခြင်းကို Kirin ကန့်ကွက်


25 November, 2021

ဂျပန်နိုင်ငံ ကီရင်ဘီယာကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အကျိုးတူပူးပေါင်းသည့် မြန်မာဘီယာထုတ်လုပ်သော မြန်မာဘရူဝါရီကုမ္ပဏီကို ဖျက်သိမ်းရန်  ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးသို့ ဦးတိုက်လျှောက်ထားချက်အရ မြန်မာဘရူဝါရီလီမိတက်ကို တရားရုံး၏ အမိန့်အရ စာရင်းရှင်းလင်းဖျက်သိမ်းရန် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မ ၂၉၈ (စ) အရ လျှောက်ထားသောအမှုတွင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီဘက်က နိုဝင်ဘာ ၁၉ ရက်တွင် တရားရုံးသို့ တင်ပြလျှောက်ထားခဲ့ ပါတယ်။  
အဆိုပါလျှောက်ထားမှုကို ဒီဇင်ဘာ ၁၀ ရက်မှာ အနောက်ပိုင်းခရိုင် တရားရုံးက ကြားနာစစ်ဆေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါတယ်။
အဆိုပါကုမ္ပဏီကို ဖျက်သိမ်းရန် အမိန့်ထုတ်ပေးခြင်းအပေါ် ယင်းကုမ္ပဏီ၏ ကြွေးမြီ ကူညီပေးဆပ်သူ၊ အစုရှယ်ယာပါဝင်သူ (သို့မဟုတ်) မြီရှင် (အကြွေးရှင်) တစ်ဦးဦးတို့က ကန့်ကွက်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။ 
Kirin က ကြေညာချက် ထုတ်ပြန်တာမှာ ယခုလုပ်ရပ်ဟာ ဖက်စပ်လုပ်ငန်း သဘောတူညီချက်ကို ချိုးဖောက်တာလို့ ဆိုပါတယ်။ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနဲ့လည်း မညီညွတ်ဘူးလို့ ဆိုပါတယ်။
Kirin က MEHL နဲ့ စီးပွားဖက် ပြုထားတာကို အဆုံးသတ်ဖို့ ဖေဖော်ဝါရီလကတည်းက ဆောင်ရွက်ခဲ့ပေမဲ့ သိသာထူးခြားတဲ့ တိုးတက် ဖြစ်ပေါ်မှု မရှိသေးပါဘူး။ 
Kirin က ဖက်စပ်လုပ်ငန်းမှ MEHL ရဲ့ ရှယ်ယာတွေကို ဝယ်ယူပြီး Kirin က အပြည့်အဝပိုင်ဆိုင်ထားတဲ့ လုပ်ငန်းအဖြစ် မြန်မာပြည်မှာ ဆက်လက် လုပ်ကိုင်သွားဖို့ ကြံရွယ်ထားပါတယ်။ 
Kirin Holdings က ဖက်စပ်လုပ်ငန်း အဆုံးသတ်ဖို့ အစွမ်းကုန် ကြိုးပမ်းအားထုတ်ခဲ့ပေမဲ့ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် Myanma Economic Holdings Public Company Limited (MEHPCL) က ဆွေးနွေးမှုများမှာ အဆိုပြုချက်ကို ပယ်ချခဲ့တယ်လို့ Kirin Holdings က ပြောကြားပါတယ်။
Kirin ရဲ့ အကြီးအကဲနဲ့ စီအီးအို Yoshinori Isozaki က Kirin အနေဖြင့် ဖက်စပ်လုပ်ငန်း အဆုံးသတ်ပြီးတဲ့အခါ မြန်မာပြည်မှ စီးပွားရေးကို ဆက်လက်ထိန်းသိမ်း လိုကြောင်း ပြောကြားခဲ့ပါတယ်။
 Kirin Holding က ၂၀၁၅ ခုနှစ်တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိ တက်လက်အောက်ရှိ Myanmar Brewery ရဲ့ အစုရှယ်ယာများကို အမေရိကန်ဒေါ်လာ ၅၆၀ သန်းဖြင့် ဝယ်ယူခဲ့ပါတယ်။  မြန်မာဘီယာ၊ မန္တလေးဘီယာများကို ပူးထုတ်လုပ်လျက်ရှိရာ  Myanmar Brewery ရဲ့ရှယ်ယာ ၅၁ %ကို  Kirin က ပိုင်ဆိုင်ထားပြီး MEHPCL က  ၄၉% ပိုင်ဆိုင်ပါတယ်။
်မြန်မာဘရူဝါရီလုပ်ငန်းအတွက် တတိယသုံးလပတ်အမြတ်ငွေမှာ ယခင်နှစ်ကာလတူ နှိုင်းယှဉ်မှုအရ ဂျပန်ယန်းငွေနှင့် တွက်လျှင် ၄၉ ဒသမ ၄ ရာခိုင်နှုန်း၊ မြန်မာကျပ်ငွေနှင့် တွက်ပါက ၄၃ ဒသမ ၉ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ ကီရင်အုပ်စုက ထုတ်ပြန်ကြေညာခဲ့ပါတယ်၊ ၊ 
 

Investment/Divestment Read 2715 times