၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၁ လအတွင်း မြန်မာ-ဂျပန် နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၁၁၉၁ သန်း ကျော်ရှိ


12 October, 2021

၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ သြဂုတ်လအထိ ၁၁ လအတွင်း မြန်မာ - ဂျပန် နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၁၁၉၁ သန်းကျော်ရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု ဒေါ်လာသန်း ၈၅၀ ကျော်ဖြင့် ကုန်သွယ်မှု အသာစီးရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။       

အဆိုပါကာလအတွင်း မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၈၅၅ ဒသမ ၂၀၄သန်း တင်ပို့ထားပြီး ဂျပန်ဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ ၃၃၆ ဒသမ ၂၇၂ သန်းဖြင့်  နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁၉၁ ဒသမ ၄၇၆ သန်း ရရှိထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ သြဂုတ်လအထိ ၁၁ လအတွင်း မြန်မာ -ဂျပန် အပြန်အလှန် ကုန်သွယ်မှုဒေါ်လာ ၁၇၃၁ သန်းကျော်ရှိပြီး မြန်မာဘက်က ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁၂၀၉ သန်းကျော်ဖြင့် ကုန်သွယ်မှုအသာစီး ရရှိထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ သြဂုတ်လကုန်အထိ ၁၁ လအတွင်း မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၁၂၀၉ ဒသမ ၇၂၂ သန်း၊ဂျပန်ဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၅၂၁ ဒသမ ၄၀၆ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၇၃၁ ဒသမ ၁၂၈ သန်း ရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၁၄၁၅ ဒသမ ၇၁၁ သန်း၊ ဂျပန်ဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ ၄၈၀ ဒသမ ၅၇၁ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈၉၆ ဒသမ  ၂၈၃ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ်လကုန်အထိ ၁၁ လအတွင်း မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁ သမ ၁၉၁ ဘီလျံကျော်ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၂၄၆ ဘီလျံကျော် တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ သြဂုတ်လအထိ ၁၁ လအတွင်း မြန်မာ - တရုတ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁၁၉၁ ဒသမ ၈၈၀ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၄၉၄၅ ဒသမ ၂၂၁ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှု တန်ဖိုးဒေါ်လာ ၆၂၄၆ ဒသမ ၆၆၀ သန်း တင်သွင်းထားသည်။

ဂျပန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းထုတ်လုပ်ပြီး အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံများသို့  တင်ပို့မည့်လုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် စိတ်ဝင်စားမှု မြင့်တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Ichiro Maruyama က ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက ပြောကြားထားသည်။

“မြန်မာနိုင်ငံက လူဦးရေများတဲ့အတွက် ပြည်တွင်းစျေးကွက်ကိုလည်း အင်မတန်မှ စိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေ များပါတယ်။ မြန်မာနိုင်ငံဆိုရင် ထိုင်းနိုင်ငံတို့ အိန္ဒိယတို့ တရုတ်နိုင်ငံတို့နဲ့ ထိစပ်နေပါတယ်။ အဲဒီကြောင့်မို့ ဥပမာမြန်မာပြည်မှာထုတ်တဲ့ ပစ္စည်းများကို အိမ်နီးနားချင်းနိုင်ငံများကို Export လုပ်ဖို့ အဲဒီမှာစိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေ များပါတယ်” ဟု H.E Mr. Ichiro Maruyama က ပြောကြားသည်။

ထို့ပြင် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကုန်ကြမ်းများတင်သွင်းပြီး ကုန်ချောပြန်လည်ထုတ်လုပ်ကာ ပြည်တွင်းစျေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းများကိုလည်း စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

“အိမ်နီးနားချင်းနိုင်ငံများက ကုန်ကြမ်းကို မြန်မာနိုင်ငံကိုသွင်းပြီး အဲဒီကုန်ကြမ်းကို အသုံးပြုပြီး ပစ္စည်းထုတ် အဲဒီပစ္စည်းကို မြန်မာနိုင်ငံ ပြည်တွင်းစျေးကွက်ကိုရောင်းမယ့် အဲဒီလိုလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေ များပါတယ်” ဟု ၎င်းကပြောကြားသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းပေါင်း ၁၁၇ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ထို့အပြင် အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်အတွင်း လာရောက်ရင်းနှီးမြှပ်နှံထားသည့် လုပ်ငန်းပေါင်း ၃၉ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာသန်း ၆၇၀ ကျော်အထိရှိသည်။

news-eleven.com

Export, Import Read 184 times