နှစ်ပေါင်း ၅၀ ကြာ ဂျပန် ကုန်စုံဆိုင်လုပ်ငန်းများကဏ္ဍ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေစေဖို့ တိုးတက်ပြောင်း


25 May, 2023

နှစ်ပေါင်း ၅၀ ကြာ ဂျပန် ကုန်စုံဆိုင်လုပ်ငန်းများကဏ္ဍ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေစေဖို့ တိုးတက်ပြောင်းလဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဂျပန်နိုင်ငံတွင် ပထမဆုံး ကုန်စုံစတိုးဆိုင်ကို ဖွင့်လှစ်ခဲ့သည်မှာ နှစ်ပေါင်း ၅၀ နီးပါး ရှိပြီဖြစ်သည်။ 

ယခုအခါ ကုန်စုံစတိုးဆိုင်များ နေရာအနှံ့ ရှိနေပြီဖြစ်ပြီး ဈေးဝယ်သူတို့ ဆိုင်ကို လာရောက်ကြသည်မှာ ဝယ်ဖို့ခြမ်းဖို့အတွက်သာမက ငွေကြေးဝန်ဆောင်မှုများ၊ ပစ္စည်းထုပ် ပေးပို့ရေး အစရှိသည့် ဝန်ဆောင်မှုများအတွက်လည်း လာရောက်ကြသည်။
.
မကြာသေးမီနှစ်များအတွင်း ဂျပန် ပြည်တွင်း ကုန်စုံဆိုင်ဈေးကွက်သည် ဆိုင်များ ပြည့်နှက်လာပြီး ပြိုင်ဆိုင်မှုများ အရှိန်မြင့်လာသည်။ ကုန်စုံဆိုင်များ ဖွင့်လှစ်သည့် လုပ်ငန်းများသည် ဝန်ဆောင်မှု အမျိုးမျိုးတို့ကိုပါ ပေးအပ်ကြသည်။
.
ဝန်ထမ်း မရနိုင်ခြင်းသည်လည်း ကြီးမားသည့် ပြဿနာ ဖြစ်လာသည်။ ဝန်ထမ်းမရသဖြင့် အချို့စတိုးဆိုင်များ ၂၄ နာရီပတ်လည် မဖွင့်နိုင်တော့ချေ။ အချို့က ငွေလက်ခံကောင်တာတွင် ဝန်ထမ်း မထားတော့ဘဲ ဈေးဝယ်သူ ကိုယ်တိုင် ပေးချေသည့်စနစ် ကျင့်သုံးကြသည်။ 
.
လက်လီအရောင်းဆိုင်ခွဲများ ဖွင့်လှစ်သည့် Seven-Eleven Japan Co ကို ‌၁၉၇၃ ခုနှစ် နိုဝင်ဘာလတွင် ထူထောင်ခဲ့သည်။ အမေရိကန်အခြေစိုက် Southland Corp ထံမှ Seven-Eleven ဆိုင်ခွဲများ ဖွင့်လှစ်ခွင့် လိုင်စင်ရယူပြီး ပထမဆုံး ကုန်စုံစတိုးဆိုင်ကို တိုကျိုမြို့တော်တွင် ၁၉၇၄ ခုနှစ် မေလတွင် ဖွင့်လှစ်ခဲ့သည်။ 
.
"Seven-Eleven ကို အမေရိကန်မှာ မွေးဖွားခဲ့ပါတယ်။ ဂျပန်မှာ တိုးတက်ကြီးပြင်းခဲ့ပါတယ်။ ဂျပန်ယဉ်ကျေးမှုရဲ့ ထုတ်ကုန်တစ်ခုအဖြစ် ကမ္ဘာတစ်လွှား အသိအမှတ်ပြုထားကြပါတယ်" ဟု Seven-Eleven Japan ဥက္ကဋ္ဌ  Fumihiko Nagamatsu က ပြောကြားသည်။ မကြာသေးခင်က ရွှေရတု နှစ် (၅၀) ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပဲ့သည်။ 

ဂျပန်တွင် Seven-Eleven စတင်ခဲ့ပြီး မရှေးမနှောင်းတွင် Lawson Inc နှင့် FamilyMart Co တို့က ဆိုင်ခွဲဖွင့်လိုသူတို့ကို လိုင်စင်များ ချပေးပြီး ဆိုင်ခွဲများ ဖွင့်လှစ်ခဲ့ကြသည်။
၎င်းလုပ်ငန်းများ၏ အားသာချက်မှာ ဆိုင်ခွဲများကို ၂၄ နာရီပတ်လည် ပိတ်ရက်မရှိ ဆက်တိုက် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ 
 ပထမဆုံး ၂၄ နာရီပတ်လည် ပိတ်ရက်မရှိ ဆိုင်ခွဲကို ၁၉၇၅ တွင် စတင်ခဲ့သည်။ ပလတ်စတစ်ဖြင့် ပတ်ပြီး ထုတ်ပိုးထားသော ထမင်းဆုပ်များ ရောင်းချခဲ့ရာ ရောင်းအား အလွန်ကောင်းခဲ့သည်။ ယခင်က ထမင်းဆုပ်ကို အိမ်မှာသာ လုပ်စားကြသည်။ အသင့်စား ထမင်းဆုပ် ရောင်းချသည့် ဆိုင်ဟူ၍ မရှိခဲ့ချေ။ 
 ၁၉၈၇ ခုနှစ်တွင်  လျှပ်စစ်ခွန်(မီတာခ)၊ ရေခွန် အစရှိသည်တို့ကို ကုန်စုံစတိုးဆိုင်များမှာ ပေးချေနိုင်သည့် ဝန်ဆောင်မှု စတင်ခဲ့သည်။
၁၉၉၉ ခုနှစ်တွင် ATM များ စတင်ထားရှိခဲ့သည်။
.
ဂျပန်တွင် သက်သောင့်သက်သာဖြင့် အနီးအနားမှာ ဝယ်လို့ရနေစေသည့် ၂၄ နာရီပတ်လည် ပိတ်ရက်မရှိ ကုန်စုံစတိုးဆိုင် အရေအတွက်သည် ၁၉၈၃ ဘဏ္ဍာနှစ်တွင် ၆,၃၀၈ ဆိုင် ရှိခဲ့ပြီး ၂၀၁၈ ဘဏ္ဍာနှစ်တွင် ၉ ဆဖြစ်လာပြီး ၅၈,၃၄၀ ဆိုင် ရှိလာခဲ့သည်။ သို့သော် ၂၀၂၁ တွင် ၅၇,၅၄၄ ဆိုင်သို့ ပြန်လျော့သွားသည်။ ဆိုင်အရေအတွက် လိုအပ်သည်ထက် ပိုများနေခြင်းကြောင့် ပြန်လျော့ကျခြင်း၊ ကိုဗစ်ကာလကြောင့်လည်းကောင်း လျော့ကျသွားရသည်ဟု ယူဆရပေသည်။
.
ဆိုင်များသို့ လာဝယ်သူဦးရေသည် ကိုဗစ်အကြိုကာလကဲ့သို့ ပြန်မများသေးဟု SMBC Nikko Securities Inc. မှ ဆန်းစစ်သူ Tsuyoshi Yoshikawa က ပြောကြားသည်။
.
ယခုအခါ ဝန်ထမ်း မရသဖြင့် အချို့ဆိုင်ပိုင်ရှင်တို့သည် ဆိုင်ဖွင့်ထားချိန်ကို လျှော့ချကြရခြင်းကြောင့်လည်း လာဝယ်သူ ဦးရေ လျော့ကျနေစေသည်။
ဝန်ထမ်း မရသည့် ပြဿနာကို ကျော်လွှားရန် FamilyMart က ငွေရှင်းကောင်တာတွင် ဝန်ထမ်း မထားတော့သည့်စနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ထိုနည်းဖြင့် ဝန်ထမ်းလိုအပ်ချက် လျှော့ချပြီး ဆိုင်အသစ်များ ဖွင့်လှစ်သွားမည်။ ၂၀၂၆ မတိုင်ခင် ဆိုင်ပေါင်း ၁,၀၀၀ ထပ်တိုးမည့် အစီအစဉ် ရှိသည်။
.
ဆိုင်ကို ဈေးလာဝယ်ကြအောင် ကုန်စုံစတိုးဆိုင်များအကြား ပြိုင်ဆိုင်နေကြရာ၌ အချို့ဆိုင်များက  နာမည်ကြီး စားသောက်ဆိုင်ကြီးများမှ ချက်ပြုတ်ပြီးသား စားစရာများကို အေးခဲထားပြီး ရောင်းချသည်။ ဆိုင်မှ ချက်ပြုတ်သော ဟင်းလျာများလည်း ရောင်းချသည်။

“ယခုအခါ ကုန်စုံစတိုးဆိုင်များဟာ လာဝယ်ကြသူတွေ ရနေဖို့နဲ့ ဆိုင်မှာ ငွေသုံးတဲ့ ပမာဏ ပိုများစေဖို့ ရောင်းစရာ အမျိုးအမည် အသစ်များ ဆိုင်မှာ တင်ပေးပြီး ပြိုင်ဆိုင်ကြရတယ်" ဟု Tsuyoshi Yoshikawa က ပြောကြားသည်။
Source KYODO
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 597 times