၂၀၂၁ ကမ္ဘာ့စီးပွားဖွံ့ဖြိုးမှုနှုန်း IMF လျှော့ချခန့်မှန်း


13 October, 2021

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါကနေ ကမ္ဘာ့စီးပွားရေး ပြန်လည် နာလန်ထမှု နှေးကွေးနေပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ပိုဖြစ်လာနိုင်တဲ့ အန္တရာယ်က များလာနေကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF က အင်္ဂါနေ့မှာ ပြောပါတယ်။

ကမ္ဘာ့ စီးပွားရေး အင်အား အကြီးဆုံး အမေရိကန် ပြည်ထောင်စုရဲ့ ၂၀၂၁ ခုနှစ် ဖွံ့ဖြိုးမှုနှုန်းကို အရင် ၇ ရာခိုင်နှုန်း ခန့်မှန်းချက်ကနေ ၁ ရာခိုင်နှုန်း လျှော့ချလိုက်ပြီး ၆ ရာခိုင်နှုန်းအဖြစ် လျှော့ချ သတ်မှတ်ပါတယ်။

အမေရိကန် စီးပွားရေးရဲ့ ၇၀ ရာခိုင်နှုန်း ဖြစ်တဲ့ စားသုံးသူတွေရဲ့ ငွေကြေးသုံးစွဲမှု နှေးကွေးလာတဲ့ အချက်၊ ပြည်ပ ဆိပ်ကမ်းတွေကနေ ကုန်စည် သယ်ယူပို့ဆောင်ရေး နှောင့်နှေးမှုတွေကြောင့် အမေရိကန်ရဲ့ ဖွံ့ဖြိုးမှု ခန့်မှန်းချက်ကို လျှော့ချလိုက်တာ ဖြစ်ကြောင်း IMF က ပြောပါတယ်။ ဒီနှစ် အတွက် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကို ၅ ဒသမ ၉ ရာခိုင်နှုန်း အဖြစ် IMF က ခန့်မှန်းပါတယ်။

ဗီအိုအေ

ဒီခန့်မှန်းချက်ဟာဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်က ခန့်မှန်းထားချက်ထက် ဒသမ ၁ ရာခိုင်နှုန်း လျော့သွားတာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၂ ခုနှစ် အတွက် ၄ ဒသမ ၉ ရာခိုင်နှုန်း ဖွံ့ဖြိုးမှုနှုန်း သတ်မှတ်ချက်ကတော့ မပြောင်းလဲပါဘူး။ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ Delta ကူးစက်မှု မြန်ဆန်လာပြီး ဗီဇပြောင်း မျိုးကွဲသစ်တွေရဲ့ ခြိမ်းခြောက်မှုကြောင့် ကပ်ဘေးရောဂါကြီးကို မြန်မြန် ကျော်လွှားနိုင်ရေး မရေမရာ ဖြစ်စေတယ်လို့လည်း IMF က ပြောဆိုထားပါတယ်။

မူဝါဒ ရွေးချယ်မှု ပိုပြီး ခက်ခဲလာစေတယ်၊ အဘက်ဘက်က အခက်အခဲတွေနဲ့ ကြုံလာရပြီး အလုပ်အကိုင် ဖွံ့ဖြိုးမှုကို အဟန့်အထား ဖြစ်စေကြောင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်လာမှု၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ လူ့စွမ်းအား အရင်းအမြစ် စုဆောင်းမှု လျော့ပါးမှု၊ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် လှုပ်ရှားဆောင်ရွက်မှုတွေမှာ အကန့်အသတ် ဖြစ်စေတယ်လို့လည်း IMF က ပြောဆိုထားပါတယ်။ အမေရိကန် အပြင် ကမ္ဘာမှာ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ ဂျပန်နဲ့ ဂျာမနီရဲ့ ၂၀၂၁ ခုနှစ် ဖွံ့ဖြိုးမှုနှုန်းကိုလည်း IMF က လျှော့ချ ခန့်မှန်းထားပါတယ်။

VOA

Global News Industry Reviews Read 436 times