သိန်း (၅၀၀) ရရှိနိုင်မည့် ရိုးမဘဏ်၏ “Grow Together BizPitch” သို့ စတင် လျှောက်ထားနိုင်


04 October, 2023

ရိုးမဘဏ်၏ နှစ် (၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ်အနေဖြင့် MSME နှင့် Start-up လုပ်ငန်းများအတွက် “Grow Together BizPitch” အစီအစဥ်ကို စတင် ဆောင်ရွက်လိုက်ပြီ ဖြစ်ကြောင်း အောက်တိုဘာလ (၂) ရက်နေ့တွင် မိတ်ဆက်ခဲ့သည်။ 

 

အဆိုပါ အစီအစဉ်သည် ပြည်တွင်းရှိ MSME နှင့် Start-up လုပ်ငန်းများကို လက်တွဲမြှင့်တင်ရန်၊ ထောက်ပံ့ ကူညီပေးရန်နှင့် စီးပွားရေးအခန်းကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုဖို့အတွက် ရည်ရွယ်သည့် ရိုးမဘဏ်၏ ကြိုးပမ်း ဆောင်ရွက်မှုတစ်ခု ဖြစ်သည်။

 

ရိုးမဘဏ်၏ နှစ် (၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ်အနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်  "Grow Together BizPitch" အစီအစဥ်တွင် စွန့်ဦးတီထွင်ကဏ္ဍနှင့် နယ်ပယ်အသီးသီးတွင် အောင်မြင်နေသော ပညာရှင်များမှ ပါဝင်ထားပြီး အစီအစဉ် တစ်လျှောက်တွင် လိုအပ်သော ပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကို သင်တန်းများ ပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။ 

 

ရိုးမဘဏ်၏ သက်မှတ်ချက်နှင့် ပြည့်မီသော MSME များနှင့် Start-up လုပ်ငန်းများအနေဖြင့် အခမဲ့ ပါဝင် လျှောက်ထားနိုင်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်အတွင်း လျှောက်ထားနိုင်မည် ဖြစ်သည်။ 

 

လိုအပ်သော အထောက်အထားများကို အောက်ပါလင့်ခ်မှတစ်ဆင့် ပေးပို့ လျှောက်ထားနိုင်သည်။ 

> https://yomabank.net/grow-together-bizpitch/  

 

“ရိုးမဘဏ်ရဲ့ နှစ် (၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ်အနေနဲ့ ဒီအစီအစဉ်ကို အကောင်အထည်ဖော် ဖြစ်ခဲ့တာအတွက် အထူးပဲ ဝမ်းမြောက်မိပါတယ်။ BizPitch အစီအစဉ်ကနေ တစ်ဆင့် အလားအလာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးပေးပြီး ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို အတူဖန်တီးပေးဖို့ ရိုးမဘဏ်အနေနဲ့ စိတ်အားထက်သန်လျက် ရှိပါတယ်။ 

 

အနာဂတ်မှာလည်း ကျွန်မတို့ ရိုးမဘဏ်က MSME နဲ့ Start-up လုပ်ငန်းတွေ တိုးတက်လာမှုကနေ တစ်ဆင့် မြန်မာနိုင်ငံမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းကို ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝနဲ့ အနာဂတ်တွေကို ပိုင်ဆိုင်စေဖို့ တစ်ဖက်တစ်လမ်းကနေ အစဉ်တစိုက် ကူညီ ထောက်ပံ့ပေးသွားမှာပါ” ဟု ရိုးမဘဏ်၏ Head of SME Banking ဖြစ်သူ မမေစန္ဒီသိန်းဇော် က ပြောကြားခဲ့သည်။

 

"Grow Together BizPitch" အစီအစဥ်၏ သတ်မှတ်ကာလ ပြည့်ပြီးနောက် လက်ခံရရှိသည့် လျှောက်လွှာများကို ပရိုဂရမ်ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက စိစစ်သုံးသပ်မည် ဖြစ်ပြီး အရည်အချင်း ပြည့်မီသော လုပ်ငန်းစုစုပေါင်း (၂၀၀) ကို ရွေးချယ်သွားမည်ဟု သိရသည်။

 

ယင်းလုပ်ငန်းစုစုပေါင်း (၂၀၀) ထဲမှ ပရိုဂရမ် ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆန်ခါတင်လုပ်ငန်း (၃၀) ကို ထပ်မံ ရွေးချယ်သွားမည် ဖြစ်ကာ ယင်းဆန်ခါတင်လုပ်ငန်း (၃၀) ၏ တင်ပြချက်များနှင့် လုပ်ငန်းအဆိုပြုချက်များအပေါ် အခြေခံ၍ ပရိုဂရမ် ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေး ကော်မတီအဖွဲ့ဝင်များက နောက်ဆုံးဆု‌ ရရှိမည့် လုပ်ငန်း (၄) ခုကို ထပ်မံ ရွေးချယ်သွားမည် ဖြစ်သည်။ 

 

နောက်ဆုံးရွေးချယ်ခံရသူ လုပ်ငန်း (၄) ခုကို ရိုးမဘဏ်က လုပ်ငန်းတစ်ခုစီအတွက် လုပ်ငန်းရင်းနှီးမြှပ်နှံရန် ဆုကြေးငွေ ကျပ် သိန်း (၅၀၀) စီ ပေးအပ်သွားမည် ဖြစ်သည်။ ရိုးမဘဏ်က လုပ်ငန်းအမျိုးအစားပေါ် မှုတည်၍ ဆုကြေးငွေသုံးစွဲမှုကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

“Grow Together BizPitch” အစီအစဥ်၏ ပရိုဂရမ်ဒါရိုက်တာဖြစ်သူ ဦးစိုးဟိန်းက “MSME နဲ့ Start-up တွေ ဖွံ့ဖြိုးတိုးတက်မှုတွေကို လုပ်ဆောင်ပေးတဲ့ အခုလိုမျိုး အစီအစဉ်မျိုးကို ကြိုဆိုပါတယ်။ ကျွန်တော့်အနေနဲ့လည်း အစီအစဉ်တစ်လျှောက်မှာ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ အကြံဉာဏ်တွေကို ပေးသွားမှာ ဖြစ်ပါတယ်။ ပါဝင်တဲ့ လုပ်ငန်းတွေအနေနဲ့လည်း ဆုမရရှိခဲ့ရင်တောင် ရရှိခဲ့တဲ့ ဗဟုသုတတွေအပေါ် မူတည်ပြီး မိမိတို့လုပ်ငန်းအတွက် အကျိုးရှိရှိ အသုံးချကြဖို့ တိုက်တွန်းလိုပါတယ်” ဟု  ပြောကြားခဲ့သည်။

 

ယခု အစီအစဉ်တွင် MSME နှင့် Startup လုပ်ငန်းများ ပိုမိုပါဝင်နိုင်ရန်၊ လုပ်ငန်းများအချင်းချင်း ချိတ်ဆက်နိုင်ရန်၊ စီးပွားရေး အခွင့်အလမ်းများ ပိုမို အားကောင်းစေရန်၊ "Grow Together BizPitch" အစီအစဥ်အကြောင်း ပိုမို သိရှိစေရန်၊ စီးပွားရေးအကြံဉာဏ်နှင့် အသိပညာပေးလုပ်ငန်းများ မျှဝေပေးရန်အတွက် ရိုးမဘဏ်နှင့် စီးပွားရေးအကြံပေးပညာရှင်များက ဤအစီအစဉ်တွင် ပါဝင် လျှောက်ထားနိုင်သော ကာလအတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် ပုသိမ်မြို့ကြီးများတွင် ဟောပြောပွဲများ ပြုလုပ် ကျင်းပသွားမည် ဖြစ်သည့်အပြင် စိတ်ဝင်စားသူများပါ တက်ရောက်နိုင်ရန် Online ဟောပြောပွဲများနှင့် ရေဒီယိုစကားဝိုင်းများကိုလည်း ထည့်သွင်း ပြုလုပ်ပေးသွားမည် ဖြစ်သည်။

 

အဆိုပါ မြို့ကြီးများတွင် ဟောပြောပွဲများ ကျင်းပမည့် နေ့ရက်နှင့် အချိန်များကို Yoma Bank Limited ၏ တရားဝင် Facebook Page  နှင့် Yoma Bank ၏ ဝက်ဘ်ဆိုက်  တို့တွင် ကြေညာသွားမည်ဖြစ်ပြီး "Grow Together BizPitch" အစီအစဥ်  အချက်အလက်တွေကိုလည်း ဖော်ပြပေးထားမည် ဖြစ်ကြောင်း သိရသည်။

Investment/Divestment Local News Read 1245 times