အိန္ဒိယဖက်စပ်လုပ်ငန်းတွင် ဒေါ်လာ ၁၉.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု Foxconn ရုပ်သိမ်း


11 July, 2023

အိန္ဒိယဖက်စပ်လုပ်ငန်းတွင် ဒေါ်လာ ၁၉.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု Foxconn ရုပ်သိမ်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ထိုင်ဝမ်မှ Foxconn သည် အိန္ဒိယမှ သတ္တုမှ ရေနံအထိ လုပ်ကိုင်သည့် လုပ်ငန်းစု Vedanta နှင့်   ဖက်စပ်လုပ်ငန်းမှ နုတ်ထွက်ခဲ့သည်။

အဆိုပါ ဖက်စပ်လုပ်ငန်းသည် ဆီမီးကွန်ဒတ်တာ ချစ်ပ်များကို အိန္ဒိယတွင် ထုတ်လုပ်ရန်အတွက် ကန်ဒေါ်လာ ၁၉.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ် ရေးဆွဲထားသည်။
 
ကမ္ဘာ့အကြီးဆုံး ကန်ထရိုက်စနစ်ဖြင့် အီလက်ထရွန်နစ်ပစ္စည်း ထုတ်လုပ်သူ Foxconn သည် အိန္ဒိယဝန်ကြီးချုပ်  မိုဒီ၏ ဇာတိ ဂူဂျာရတ်ပြည်နယ်တွင် ဆီမီးကွန်ဒတ်တာနှင့် display ထုတ်လုပ်သည့်စက်ရုံများ တည်ထောင်ရန် ယမန်နှစ်က Vedanta နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

တနင်္လာနေ့ (ဇူလိုင် ၁၀)တွင် Foxconn က ကြေညာချက် ထုတ်ပြန်ခဲ့ရာ၌ "Foxconn သည် Vedanta နှင့် ဖက်စပ်လုပ်ငန်းကို ရှေ့ဆက်မတိုးရန် ဆုံးဖြတ်ထားပြီးဖြစ်သည်" ဟု ဖော်ပြထားသည်။ အကြောင်းရင်းကို မဖော်ပြပါ။

အင်မတန်ကောင်းမွန်သည့် ဆီမီူကွန်ဒတ်တာ စိတ်ကူးကို လက်တွေ့အကောင်အထည် ဖော်ရန်အတွက် Foxconn ကုမ္ပဏီသည် Vedanta နှင့် တစ်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့ပြီး ယခုအခါ ဖက်စပ်လုပ်ငန်း နိဂုံးချုပ်ရန် နှစ်ဖက်စလုံးမှ သဘောတူဆုံးဖြတ်ခဲ့ကြသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ဖက်စပ်လုပ်ငန်းမှ ပိုင်ဆိုင်မှု အမည်ပေါက်ခြင်းကို ဖယ်ရှားမည် ဖြစ်ပြီး ယခုအခါ Vedanta မှ အပြည့်အဝ ပိုင်ဆိုင်ထားကြောင်း Foxconn က ပြောကြားသည်။


Vedanta က ၎င်း၏ ဆီမီးကွန်ဒတ်တာ စီမံကိန်းအတွက် အပြည့်အဝ သံန္နိဋ္ဌာန်ချထားပြီး အိန္ဒိယ၏ ပထမဆုံးဖြစ်မည့် ချစ်ပ်ပုံသွင်းစက်ရုံကို တည်ထောင်ရန် အခြားလုပ်ဖော်ကိုင်ဖက်များ စီစဉ်ထားကြောင်း ပြောကြားသည်။

"Vedanta သည် Modi ၏ အိန္ဒိယနိုင်ငံ ချစ်ပ်ထုန်လုပ်မှု အချက်အချာ ဖြစ်ဖို့ အ‌မြော်အမြင်ကိုဖြည့်ဆည်းရန် ၎င်း၏ ကြိုးပမ်းအားထုတ်မှုကိုနှစ်ဆတိုးမည်" ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ပွဲပျက်သွားရသည့် အကြောင်းရင်းမှာ အစိုးရမှ ပေးအပ်မည့် မက်လုံးများအတွက် အတည်ပြုချက်ပေးရန် ကြန့်ကြာနေခြင်းကြောင့် Foxconn က နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောကြားသည်။
မက်လုံးကို အတည်ပြုပေးရန်အတွက် တင်ပြထားသည့် ကုန်ကျစရိတ် ခန့်မှန်းချက်ကို အစိုးရက မေးခွန်းများ မေးမြန်းခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ အကယ်၍ အတည်ပြုခဲ့ပါက အိန္ဒိယအစိုးရ၏ မက်လုံး အစီအစဉ်အရ ကုန်ကျစရိတ်စုစုပေါင်း၏ ထက်ဝက်ကို အိန္ဒိယအစိုးရက ထောက်ပံ့မည် ဖြစ်သည်။

 Modi သည် ချစ်ပ်ထုတ်လုပ်ရေးကို အိန္ဒိယ၏ စီးပွားရေးမဟာဗျူဟာအတွက် ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားသည်။ အီလက်ထရွန်းနစ် ထုတ်လုပ်ရေးက‌ဏ္ဍ၏ ခေတ်သစ်ဟု ၎င်းက ပြောကြားသည်။

Foxconn ၏ ဆုံးဖြတ်ချက်သည် အိန္ဒိယ၏ အစီအစဉ်များအပေါ် သက်ရောက်မှုမရှိဟု လက်ထောက် အိုင်တီဝန်ကြီး Rajeev Chandrasekhar က ပြောကြားခဲ့သည်။
ကုမ္ပဏီနှစ်ခုလုံးသည် နိုင်ငံအတွင်း တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံသူများဖြစ်သည်ဟု ဆိုသည်။

 "ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုက လက်တွဲဖို့ ဒါမှမဟုတ် လက်မတွဲဖို့ ‌ဆုံးဖြတ်ကြတာ ဘာကြောင့်ပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရက ဝင်ပါစရာ အကြောင်းမရှိပါဘူး" ဟု ၎င်းက ပြောကြားသည်။
 
 Foxconn သည် iPhone များ အပါအဝင် Apple ထုတ်ကုန်များ တပ်ဆင်ခြင်းအတွက် လူသိများသည်။ လတ်တလော နှစ်များအတွင်း ချစ်ပ် ထုတ်လုပ်ရေးကို စတင်ခဲ့ပြီး လုပ်ငန်းနယ်ပယ်သစ် တိုးချဲ့ခဲ့သည်။
Vedanta-Foxconn အကျိုးတူလုပ်ငန်းသည် ဂူဂျာရတ်တွင် ၎င်း၏ ချစ်ပ်ပြုလုပ်ရေး အစီအစဉ်များကို ပြီးခဲ့သည့် စက်တင်ဘာလက ကြေညာခဲ့သည်။
သို့သော် အကောင်အထည်ဖော်ရာတွင် နှေးကွေးနေသည်။ ထို့ပြင် အိန္ဒိယအစိုးရက ဘဝင်မကျသည့် အချက် ရှိလာသည်။


 Foxconn တွင် ချစ်ပ်ထုတ်လုပ်ရေးအတွက် အခရာကျသည့် နည်းပညာပိုင်း မရှိချေ။ လိုအပ်သည့် မူပိုင်ခွင့်များလည်း မရှိချေ။ ချစ်ပ် ထုတ်လုပ်သည့် အတွေ့အကြုံလည်း မရှိချေ။ Vedanta သည်လည်း ထိုနည်းလည်းကောင်း ဖြစ်သည်။
သို့ဖြစ်ရာ ပြင်ပမှ နည်းပညာမိတ်ဖက်ကို အားကိုးပြီး ချစ်ပ်ထုတ်လုပ်ကြရမည်ဖြစ်သည်။ 
စီမံကိန်းတွင် ဥရောပ ချစ်ပ်ပြုလုပ်သူ STMicroelectronics သည် နည်းပညာမိတ်ဖက်အဖြစ် ပါဝင်သည်။ STMicro ထံမှ နည်းပညာလိုင်စင်အတွက် ပါဝင်စေရခြင်း ဖြစ်သည်။ 

ထိုအခါ အိန္ဒိယအစိုးရက လိုင်စင်ခွင့်ပြုရုံဖြင့် ပါဝင်ခြင်းကို လက်မခံနိုင်ကြောင်း၊ လိုင်စင်ခွင့်ပြုချက် သက်တမ်းကုန်သည့်အခါ သက်တမ်းမတိုးလျှင်ဖြစ်စေ၊ လိုင်စင်ကြေး မတန်တဆ တောင်းလျှင်ဖြစ်စေ ချစ်ပ်စက်ရုံကို ထိခိုက်မည်။ သို့ဖြစ်ရာ STMicro သည် အတိုင်းအတာတသ်ခြအထိ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားရမည်ဟု တောင်းဆိုသည်။ 
STMicro က လိုင်စင် ရောင်းချရန်သာ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပြုရန်ဆန္ဒ မရှိချေ။

စင်ကာပူ အခြေစိုက် IGSS Ventures နှင့် ISMC တို့သည်လည်း အလားတူ အဖြစ်ကို ကြုံကြသည်။ 

ISMC ၏ ကန်ဒေါ်လာ ၃ ဘီလီယံ စီမံကိန်း ချစ်ပ် ထုတ်လုပ်မည့် အစီအစဉ်တွင် Tower Semiconductor ကို နည်းပညာမိတ်ဖက်အဖြစ် ထည့်သွင်းထားသည်။ Tower Semiconductor ကို Intel က ဝယ်ယူလိုက်သဖြင့် ISMC သည် နည်းပညာမိတ်ဖက် ဆုံးရှုံးသွားသည်။ 

IGSS Ventures က အဆိုပြုလွှာကို နောက်တစ်မျိုး အသစ်ပြန်တင်မည်ဟု ပြောကြားပြီး လက်ရှိအဆိုပြုလွှာကို ဆိုင်းငံ့ထားလိုက်သည်။ 

သို့ဖြစ်ရာ အိန္ဒိယအစိုးရ၏ ကန်ဒေါ်လာ ၁၀ ဘီလီယံ မက်လုံးအစီအစဉ်အတွက် အတည်ပြုပေးရန် ရင်းနှီးမြှုပ်နှံသူ မရှိတော့သဖြင့် ကုမ္ပဏီများကို အဆိုပြုလွှာ တင်သွင်းရန် ထပ်မံ ဖိတ်ခေါ်ထားသည်။
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 247 times