ထိုင်း အချမ်းသာဆုံး ၅၀  Forbes စာရင်း CP Group  ညီအစ်ကိုများ နံပါတ်(၁)နေရာ  ဆက်လက်ရရှိ


12 July, 2022

ထိုင်း အချမ်းသာဆုံး ၅၀  Forbes စာရင်း CP Group  ညီအစ်ကိုများ နံပါတ်(၁)နေရာ  ဆက်လက်ရရှိ


စီးပွားရေး ပြန်လည်ဦးမော့လာမှု နှေးကွေးနေချိန်တွင်  Forbes ၏ ၂၀၂၂ ထိုင်းနိုင်ငံ၏ အချမ်းသာဆုံး အယောက် ၅၀ စာရင်းဝင်တို့၏ စုစုပေါင်းကြွယ်ဝမှုမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၅၁ ဘီလီယံအထိ ၆% နီးပါး ကျဆင်းသွားသည်။


Covid-19 ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းဖြင့် ထိုင်းနိုင်ငံ၏ အဓိကကျသော ခရီးသွားလုပ်ငန်းသည် တဖြည်းဖြည်း မြင့်တက်လာသော်လည်း ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ နှစ်စဉ်လာရောက်လည်ပတ်သူဦးရေ သန်း ၄၀ ၏ အစွန်းထွက်ဦးရေအဖြစ်ဖြင့်သာ ရှိနေဆဲဖြစ်သည်။ ယမန်နှစ်က ကြွယ်ဝမှုကို တိုင်းတာခဲ့ပြီးသည့်နောက်  (Stock Exchange of Thailand) SET Index  စံနှုန်းသည် ၃ % ကျော်မျှသာ ကျဆင်းခဲ့ပြီး ဘတ်ငွေ ၁၂% နီးပါး ကျဆင်းခဲ့သည်။ 

အချမ်းသာဆုံးစာရင်း၏ ထိပ်ဆုံး သုံးဦးတို့သည် မနှစ်ကနှင့် အတူတူ ဖြစ်ပြီး လူအပြောင်းအလဲ မရှိချေ။

 

ထိုင်းနိုင်ငံ အချမ်းသာဆုံးသူဌေး ထိပ်တန်း (၁၀)

၁ Chearavanont Brothers; US$26.5 billion

၂ Chalerm Yoovidhya; $26.4 billion

၃ Charoen Sirivadhanabhakdi; $11.2 billion

၄ Sarath Ratanavadi; $11.1 billion

၅ Chirathivat Family; $10.6 billion

၆ Somphote Ahunai; $3.9 billion

၇ Prasert Prasarttong-Osoth; $3.1 billion

၈ Vanich Chaiyawan; $3 billion

၉ Prachak Tangkaravakoon; $2.8 billion

၁၀ Osathanugrah Family; $2.7 billion

(အပြည့်အစုံ စာရင်းကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်)

နံပါတ်(၁)နေရာကို ဆက်ထိန်းထားသူများမှာ  Chearavanont ညီအစ်ကိုတို့ ဖြစ်ပြီး ၎င်းတို့၏ ကြွယ်ဝမှုသည် ကန်ဒေါ်လာ ၃.၇ ဘီလီယံ လျော့ကျသည်။ ကန်ဒေါ်လာဖြင့် တွက်ချက်သည့်အခါ ဒေါ်လာ ၂၆.၅ ဘီလီယံ ချမ်းသာသည်။ 

မွေးချင်း ၄ ယောက်တို့သည် CP ဟု အတိုကောက်အားဖြင့် လူသိများသည့် Charoen Pokphand Group မိသားစုဝင်များ ဖြစ်ကြသည်။ CP သည် တိရစ္ဆာန်အစာနှင့် မွေးမြူရေးထုတ်ကုန်တွင် ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်ရေး လုပ်ငန်း ဖြစ်သည်။ 

၎င်းတို့၏ ဖခင်  Chia Ek Chor သည် ညီအစ်ကိုတော်စပ်သူ Choncharoen Chiaravanont နှင့် အတူ ပြည်ပမှ တင်သွင်းသော မျိုးစေ့များကို လယ်သမားများထံ ရောင်းချသည့် ဆိုင်ကို ၁၉၂၁ တွင် စတင်ခဲ့သည်။ 

၂၀၂၀ မတ်လတွင် CP Group က Tesco ၏ ထိုင်းနှင့် မလေးရှားမှ လုပ်ငန်းကဏ္ဍများကို ကန်ဒေါ်လာ ၁၀.၆ ဘီလျံဖြင့် ဝယ်ယူသိမ်းပိုက်ခဲ့သည်။ 

 


စွမ်းအားဖြည့် အချိုရည် Red Bull မှာ ကမ္ဘာတစ်လွှား ရောင်းအားဆက်လက်ကောင်းနေဆဲ ဖြစ်ပြီး Red Bull ကို ပူးတွဲပိုင်ဆိုင်သူ Chalerm Yoovidhya ၏ ကြွယ်ဝမှု ကန်ဒေါ်လာ ၁.၉ ဘီလီယံ တိုးသည်။ အသားတင်တန်ဖိုး ကန်ဒေါ်လာ ၂၆.၄ ဘီလျံဖြင့် ဒုတိယနေရာကို ရရှိထားပြီး ပထမနေရာနှင့် အနည်းငယ်သာ ကွာခြားသည်။ 

Red Bull အားဖြည့်အချိုရည်သည် ကမ္ဘာတစ်လွှားတွင် ၂၀၂၁ တွင် ဘူးစုစုပေါင်း ၉.၈ ဘီလီယံ ရောင်းချခဲ့သည်။ 

 


Thai Beverage ပါဝင်သော စီးပွားရေး အင်ပါယာ၏ သူဌေး Charoen Sirivadhanabhakdi က တတိယနေရာကို ဆက်ထိန်းထားသည်။ ယမန်နှစ်ထက် ကန်ဒေါ်လာ ၁.၅ ဘီလီယံ လျော့ကျခဲ့ပြီး အသားတင်တန်ဖိုး ကန်ဒေါ်လာ ၁၁.၂ ဘီလီယံ ရှိသည်။ 

လမ်းဘေးဈေးသည်တစ်ဦး၏ သားဖြစ်သူ Charoen Sirivadhanabhakd သည် ထိုင်းနိုင်ငံ၏ အကြီးမားဆုံး အရက်ချက်လုပ်ငန်းဖြစ်သည့် Thai Beverage ကို ထိန်းချုပ်ထားသည်။ အထင်ရှားဆုံး အမှတ်တံဆိပ်မှာ Chang ဘီယာဖြစ်သည်။ F&N ဟု အတိုကောက်အားဖြင့် လူသိများသည့် စင်ကာပူ အဖျော်ယမကာလုပ်ငန်း Fraser & Neave ကိုလည်း ပိုင်ဆိုင်သည်။  လက်လီအရောင်းကဏ္ဍတွင် ဟိုက်ပါမားကက်များ ဖွင့်လှစ်ထားသည့် Big C Supercenter ကို ၂၀၁၆ တွင် ကန်ဒေါ်လာ ၆ ဘီလျံဖြင့် ဝယ်ယူခဲ့သည်။ 

Asset World Corp ကို ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ရာမှ ၂၀၁၉ တွင် အများပိုင်လုပ်ငန်းအဖြစ်သို့ ပြောင်းလဲခဲ့သော်လည်း ရှယ်ယာအများစုကို ဆက်လက်ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ Asset World တွင် ဟိုတယ် ၁၉ ခုရှိပြီး အခန်းပေါင်း ၅,၂၀၀ ရှိသည်။ 

 


အချမ်းသာဆုံး သူဌေး ၅၀ စာရင်းဝင် အချို့တို့၏ အသားတင်တန်ဖိုး ယမန်နှစ်ထက် ပိုများလာခဲ့သည်။ စွမ်းအင်တိုင်ကွန်း  Sarath Ratanavadi က ၂၀၂၁ တွင် တယ်လီကွန်း မဟာလုပ်ငန်းကြီး  InTouch Holdings မှ ရှယ်ယာများအပြင် ၎င်း၏ လက်အောက်ခံ ဝါယာလက်လုပ်ငန်း Advanced Info Service (AIS)၏ အစုရှယ်ယာများကိုလည်း ဝယ်ယူပြီး  တယ်လီကွန်းနယ်ပယ်ထဲ လျှောက်လှမ်းခဲ့ရာ အကျိုးအမြတ်များ ဖြစ်ထွန်းခဲ့ပြီး စတုတ္ထနေရာကို ရယူထားသည်။ အသားတင်တန်ဖိုး ကန်ဒေါ်လာ ၂.၂ ဘီလီယံ တိုးခဲ့ပြီး ကန်ဒေါ်လာ ၁၁.၁ ဘီလျံသို့ ရောက်ရှိနေသည်။ 

ယခုနှစ်တွင် စာရင်းထဲသို့ အသစ်ဝင်လာသူ ၃ ဦးရှိသည်။ နံပါတ် (၃၇) အသားတင်တန်ဖိုး ကန်ဒေါ်လာ ၈၃၅ သန်း ရှိသူ Adisak Sukumvitaya သည် Jay Mart ထူထောင်သူ စီအီးအို ဖြစ်သည်။ ကျန် ၂ ဦးတို့မှာ Apple  ပစ္စည်းများ ထိုင်းဈေးကွက်တွင် အကြီးအကျယ် ဖြန့်ဖြူးသည့် Com7 ၏ ရှယ်ယာတန်ဖိုးများ မြင့်တက်သဖြင့် စာရင်းထဲသို့ ရောက်လာကြသူများ ဖြစ်သည်။ တစ်ဦးမှာ Com7 ပူးတွဲထူထောင်သူ စီအီးအို Sura Khanittaweekul  သည် နံပါတ်(၄၉)တွင် အသားတင်တန်ဖိုး ဒေါ်လာ ၆၇၀ သန်းဖြင့် နေရာရယူသည်။ ကျန်တစ်ဦးမှာ အလှပြင်ဆေးခန်းများ တသီတတန်း ဖွင့်လှစ်လုပ်ကိုင်သူ ဆရာဝန်နှင့် ရင်းနှီးမြှုပ်နှံသူ Pongsak Thammathataree ဖြစ်သည်။ သူက နံပါတ်(၅၀) နေရာတွင် ရှိနေပြီး အသားတင်တန်ဖိုးမှာ ကန်ဒေါ်လာ ၆၅၅ သန်း ဖြစ်ပါသည်။ ထိပ်တန်း(၅၀) စာရင်းထဲ ဝင်လာရသည်မှာ Com7 ရှယ်ယာများ ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်သည်။ 

 စာရင်းအပြင်သို့ ရောက်နေခဲ့ပြီးမှ ပြန်ဝင်လာသူ ၃ ဦး ရှိသည်။ တစ်ဦးမှာ Gunkul Engineering ထူထောင်သူ  Gunkul Dhumrongpiyawut ဖြစ်သည်။ နံပါတ်(၄၄) နေရာကို ရရှိထားပြီး အသားတင်တန်ဖိုးမှာ ကန်ဒေါ်လာ ၇၆၅ သန်း ဖြစ်သည်။ စာရင်းအပြင်ဘက် ၄ နှစ်တိုင်တိုင် ရောက်နေခဲ့ပြီး ယခုနှစ်တွင် စာရင်းထဲ ပြန်ပါလာသည်။ ပြန်ပြည့်မြဲ စွမ်းအင် ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းအသစ်မှာ မကြာသေးခင်က ဆေးဝါးနှင့် စက်မှုလုပ်ငန်းသုံးအဖြစ် စိုက်ပျိုးထုတ်လုပ်ခွင့် တရားဝင် ခွင့်ပြုလိုက်သော ဆေးခြောက်လုပ်ငန်း ဖြစ်သည်။ 

စာရင်းထဲ ပြန်ပါလာသူ ကျန်နှစ်ဦးမှာ DTAC  တယ်လီကွန်းတိုင်ကွန်း Boonchai Bencharongkul ( နံပါတ် ၄၆ ၊ အသားတင်တန်ဖိုး ကန်ဒေါ်လာ ၇၃၅ သန်း)နှင့် Jasmine International မှ Pete Bodharamik (နံပါတ် ၄၈ ၊ ကန်ဒေါ်လာ ၆၈၅ သန်း) တို့ဖြစ်ပါသည်။ 

 

ယခုစာရင်းကို ပြုစုရာတွင် ပုဂ္ဂိုလ်တစ်ဦးတည်း ပိုင်ဆိုင်မှုအပြင် မိသားစုအနေဖြင့် ပိုင်ဆိုင်မှုကိုပါ ထည့်သွင်းထားသည်။ မိသားစုများနှင့် လူပုဂ္ဂိုလ်များ၊ စတော့အိတ်ချိန်းများနှင့် လေ့လာသုံးသပ်သူများ၊ ထိုင်းစတော့အိတ်ချိန်း (SET) နှင့် စည်းမျဉ်းစည်းကမ်း အေဂျင်စီများမှ ရရှိသော အစုရှယ်ယာများနှင့် ငွေကြေးဆိုင်ရာ အချက်အလက်များအရ တွက်ချက် ထားသည့်စာရင်း ဖြစ်သည်။

#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U
Source: forbes

 

 

Tips Read 11927 times