ဂြိုလ်တု ပြုတ်ကျလာရာမှ လူ ထိခိုက်သေကြေစေလိမ့်မည်ဟု FAA ပြောကြား


20 October, 2023

ဂြိုလ်တု ပြုတ်ကျလာရာမှ လူ ထိခိုက်သေကြေစေလိမ့်မည်ဟု FAA ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အမေရိကန်နိုင်ငံ ပြည်ထောင်စု လေကြောင်းညွှန်ကြားမှု ဦးစီးဌာန Federal Aviation Administration (FAA) ၏ အစီရင်ခံစာသစ်အရ  လာမည့်နှစ်များအတွင်း ဂြိုလ်တု ပြုတ်ကျလာရာမှ လူ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေကြေခြင်း ပျမ်းမျှအားဖြင့် ၂ နှစ်လျှင် တစ်ကြိမ် ကြုံရနိုင်ဖွယ် ရှိသည်။

FAA မှ တာဝန်ပေးအပ်သော အစီရင်ခံစာတွင် SpaceX သည် စီစဉ်ထားသည့်အတိုင်း ဂြိုလ်တုများကို ဆက်လက်လွှတ်တင်နေပါက ၂၀၃၅ ခုနှစ်မှစ၍  ဂြိုဟ်တု အပျက်အစီး အပိုင်းအစများ ခုရေ ၂၈,၀၀၀ ခန့်သည် ကမ္ဘာ့လေထုထဲသို့ နှစ်စဉ်ရောက်ရှိလာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 


၎င်းအပိုင်းအစများအနက် ပြုတ်ကျလာစဉ် လုံးလုံးလျားလျား လောင်ကျွမ်းသွားခြင်း မရှိသော အပိုင်းအစအချို့သည် မြေပြင်သို့ ရောက်ရှိလာပြ္း လူကို ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေကြေခြင်း ဖြစ်ပွား‌မည်။ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ၀.၆ ကြိမ် ဖြစ်ပွားမည်။ သို့ဖြစ်ရာ ၂ နှစ်လျှင် တကြိမ် ဖြစ်ပွားနိုင်ခြေ ရှိသည်။ 

SpaceX ၏ Starlink ဂြိုဟ်တုအင်တာနက်သည် ဂြိုဟ်တုများကို ကမ္ဘာပတ်လမ်း အနိမ့် Low Earth Orbit (LEO) တွင် ထားရှိဖို့ လိုအပ်သဖြင့် အပိုင်းအစများ ပြုတ်ကျလာဖို့ ဖြစ်နိုင်ခြေ မြင့်မားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 ပြုတ်ကျလာသည့် ဂြိုဟ်တု အပိုင်းအစများသည် ပျံသန်းနေသည့် လေယာဉ်များအတွက်လည်း အန္တရာယ် ရှိသည်။ ၂၀၃၅ ခုနှစ်မှစ၍ ဂြိုဟ်တု အပိုင်းအစကြောင့် လေယာဉ်ထိခိုက်ပျက်စီးသည့် ဖြစ်ရပ်များ ဖြစ်ပွားနိုင်ခြေသည် တစ်နှစ်လျှင် ၀.၀၀၀၇ ကြိမ် ရှိသည်ဟု FAA က ဆိုသည်။

FAA သည် အာကာသအတွင်း အပျက်အစီး အပိုင်းအစများ၏ ရေချိန်နှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ဖော်ပြထားသည်။
 
မကြာသေးမီနှစ်များအတွင်း၊ SpaceX ကဲ့သို့သော အမှတ်တံဆိပ်များသည် အာကာသထဲသို့ ဂြိုလ်တုများကို နှစ်စဉ် ပိုမိုလွှတ်တင်လာကြသည်။

 အဆိုပါ လွှတ်တင်မှုနှုန်းသည် အာကာသတွင် ဝင်တိုက်မိသည့် အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

 အာကာသအတွင်းမှ မြေပြင်သို့ အပျက်အစီးများ ပြုတ်ကျခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကို အကဲဖြတ်ရန် ရည်ရွယ်သည့် ၎င်းအစီရင်ခံစာတွင် အန္တရာယ်အချို့ကို ပိုမိုကောင်းမွန်သော စည်းမျဉ်းများ ပြဋ္ဌာန်းပေးခြင်းဖြင့် လျှော့ချနိုင်မည်ဟု အကြံပြုထားသည်။

အာကာသအတွင်း မဖြေရှင်းသည့် ပြဿနာများစွာ ရှိနေရာ၌ လက်ရှိတွင် ကမ္ဘာကြီးသည် အာကာသထဲမှ အပျက်အစီးများ၊ ဂြိုလ်တုအသစ်များနှင့် ၎င်းတို့ကြောင့်ဖြစ်ပေါ်စေမည့် အန္တရာယ်များအတွက် ကမ္ဘာလုံးဆိုင်ရာ ဖြေရှင်းနည်းများ ကင်းမဲ့နေကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

SpaceX သည် ကမ္ဘာ့အနိမ့်ပတ်လမ်းတွင် ဂြိုဟ်တုငယ် အမြောက်အမြား အုပ်သင်းဖွဲ့လျက် ရှိသည်။ ဂြိုဟ်တု ၅,၀၀၀ လွှတ်တင်ထားပြီးပြီ။ နောက်ထပ် သိသိသာသာ ထပ်တိုးဦးမည်။
မြေပြင်မှ လူများအတွက် အန္တရာယ် ရှိနေစေရာ၌ ၈၅% မှာ SpaceX  ကြောင့်ဟု FAA က စွပ်စွဲထားသည်။ 
တရုတ် အပါအဝင် အခြားနိုင်ငံများမှ လွှတ်တင်ထားသည့် ဂြိုဟ်တုကွန်ရက်များ၊ လွှတ်တင်ဖို့ အစီအစဉ် ရှိသည့် ဂြိုဟ်တုကွန်ရက်များကို အစီရင်ခံစာတွင် ထည့်သွင်းတွက်ချက်ပြထားခြင်း မရှိသဖြင့် ၎င်းအစီရင်ခံစာသည် SpaceX အတွက်သက်သက် ဖြစ်နေသည်။

SpaceX က အစီရင်ခံစာက အချက်အလက်  ကိန်းဂဏန်းများကို တွက်ချက်ရာတွင် အသုံးပြုသည့် ခွဲခြမ်းစိတ်ဖြာမှုမှာ အကြီးအကျယ် မှားယွင်းလွဲချော်နေသည်ဟု ချေပသည်။
အစီရင်ခံစာသည် ဂြိုလ်တုများ၏ အန္တရာယ်ကို ချင့်ချိန်ရာတွင်  မှားယွင်းသော ယူဆချက်များအပေါ် အခြေခံထားသည်ဟု SpaceX က  ပြောကြားသည်။ 

ကုမ္ပဏီ၏ အင်ဂျင်နီယာချုပ် ဒေးဗစ် Goldstein က FAA ထံ အကြောင်းပြန်သည့် စာတစ်စောင်၌ ကုမ္ပဏီ၏ ဂြိုလ်တုများ လေထုထဲသို့ ဝင်ရောက်လာသောအခါ လေထုနှင့် ပွတ်တိုက်ရာမှ အပူရှိန် မြင့်တက်ကာ မီးလောင်ရာ၌ မကြွင်းမကျန် ပြာဖြစ်သွားနိုင်ခြေသည် အစီရင်ခံစာတွင် ယူဆထားသည်ထက် ပိုမိုမြင့်မားသည်ဟု ဆိုသည်။
  


 


နောက်ထပ် ကိစ္စရပ်တစ်ခုမှာ ဂြိုဟ်တုများ လွှတ်တင်ရန် သုံးစွဲသည့် ဒုံးပျံများ၏ အပေါ်ပိုင်းကို အာကာသထဲ စွန့်ပစ်ထားကြခြင်းဖြစ်သည်။
၎င်းတို့၏ အရွယ်အစားသည် ဂြိုဟ်တုတလုံးထက် အရွယ်အစား ပိုကြီးမားသည်။ ကမ္ဘာ့လေထုထဲ ဝင်လာပါက အကုန်လုံး မီးလောင်ပြာကျဖို့ ဖြစ်နိုင်ချေ နည်းသည်။ ပြာမကျသည့် အကြွင်းအကျန် အပိုင်းအစများ မြေပြင်သို့ ကျရောက်လာပြီး လူအများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီး စေနိုင်သည်။ သို့ဖြစ်ရာ ဂြိုဟ်တုထက် အန္တရာယ် ပိုများသည်။ 


ကမ္ဘာပေါ်သို့ ပြုတ်ကျလာသည့် ဂြိုဟ်တု အန္တရာယ် လျော့ပါးစေရေးအတွက် FAA အစီရင်ခံစာတွင် အချက်အချို့ကို အကြံပြုထားသည်။


 ဖြေရှင်းချက်တစ်ခုမှာ ကမ္ဘာ့လေထုထဲ ပြန်လည်ဝင်ရောက်စဉ်အတွင်း အပျက်အစီးများ ထုတ်ပေးသည့် ပမာဏကို လျှော့ချသည့် ဒီဇိုင်းများကို ဂြိုဟ်တုနှင့် ဂြိုဟ်တုလွှတ်တင်သည့် ဒုံးပျံ ၂ မျိုးစလုံးတွင် အသုံးပြုရန်ဖြစ်သည်။
နောက်တစ်နည်းမှာ ဂြိုဟ်တုနှင့် ဂြိုဟ်တုလွှတ်တင်သည့် ဒုံးပျံ ၂ မျိုးစလုံး ကမ္ဘာ့လေထုထဲ ပြန်လည်ဝင်ရောက်စဉ်အတွင်း မီးလောင်ရာ၌ လုံးဝ ပြာကျစေမည့် ဒီဇိုင်းများကို အသုံးပြုရန်ဖြစ်သည်။
ဂြိုဟ်တုအော်ပရေတာများသည် သက်တမ်းကုန်သွားသော ဂြိုဟ်တုကို အာကာသထဲ လက်လွှတ်စပယ် စွန့်ပစ်ခြင်းမပြုဘဲ ပျောက်ပျက်သွားအောင် ဖျက်ဆီးပေးမည့် အစီအစဉ် ထည့်သွင်းရန်အတွက်လည်း အကြံပြုထားသည်။ 

၎င်းနည်းလမ်းများကို လိုက်နာကျင့်သုံးရန်အတွက် FAA က မရှိမဖြစ် လိုအပ်သည့် စံချိန်စံညွှန်းများ ပြဋ္ဌာန်းပေးရမည်။ စည်းမျဉ်းစည်းကမ်းများလည်း ပြဋ္ဌာန်းပေးရမည်ဟု အစီရင်ခံစာတွင် အကြံပြုထားသည်။ 


Source gizmochina 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Global News Read 253 times