ထိုင်းနိုင်ငံတွင် EV အပါအဝင် စီမံကိန်း (၆) ခုအတွက် ဘတ် (၄၁) ဘီလီယံ ရင်းနှီးမြှုပ်နှံ


17 October, 2023

ထိုင်းနိုင်ငံ၌ လျှပ်စစ်မော်တော်ယာဉ် (Electric Vehicle- EV) နှင့် စွန့်ပစ်အမှိုက်မှ စွမ်းအင်ထုတ်လုပ်သည့် စက်ရုံအပါအဝင် စီမံကိန်း (၆) ခုအတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် (၄၁) ဘီလီယံကို ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

 

ထိုင်းအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုအပေါ် ပေးအပ်ထားသည့် မက်လုံးများကြောင့် ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ခြင်း ဖြစ်ကြောင်း ဘုတ်အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Narit Therdsteerasukdi က ပြောကြားခဲ့သည်။

 

အဆိုပါ စီမံကိန်း (၆) ခုအနက် တရုတ် EV ထုတ်လုပ်သူ Changan Automobile ၏ EV စက်ရုံ တည်ထောင်မည့် စီမံကိန်းတစ်ခု ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ဘတ် (၈.၈၆) ဘီလီယံ ဖြစ်ကာ ယင်းစက်ရုံမှ နှစ်စဉ် EV ဘတ္တရီ ၅၈,၀၀၀ လုံးနှင့် ပလပ်ထိုး Hybrid EV ၃၆,၅၀၀ ထုတ်လုပ်သွားမည်ဟု ဆိုသည်။ 

 

ထိုင်းနိုင်ငံအစိုးရက ကာဗွန်ထုတ်လွှတ်မှု လျှော့ချပေးနိုင်သည့် ရွေ့လျားလျှပ်စစ်ပုံစံ ဖြစ်သည့် EV နယ်ပယ်ကို ဖွံ့ဖြိုး တိုးတက်စေလိုကြောင်းနှင့် တစ်ချိန်တည်းတွင် နိုင်ငံ၏ စီးပွားရေးကို မောင်းနှင်ရာတွင် အရေးကြီးသော အတွင်းလောင်ကျွမ်းအင်ဂျင် (Internal Combustion Engine-ICE) လုပ်ငန်းများကိုလည်း ဆက်လက် ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ၎င်းက  ပြောသည်။

 

အတွင်းလောင်ကျွမ်းအင်ဂျင် (Internal Combustion Engine-ICE) ကဏ္ဍသည် အာရှနှင့် ကမ္ဘာတွင် ထိုင်းနိုင်ငံကို မော်တော်ယာဉ်ထုတ်လုပ်ရာ ဗဟိုချက် ဖြစ်စေပြီး EV သည် ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းသစ် ဖြစ်ကာ နယ်ပယ် (၂) ခုလုံးတွင် အရေးပါပါကြောင်း သိရသည်။

 

ဘန်ကောက် Nong Khaem နှင့် On Nut တို့ရှိ အမှိုက်စွန့်ပစ်ရာ နေရာများမှ  (၃၅) မီဂါဝဒ် ထွက်ရှိသော စွန့်ပစ်အမှိုက်မှစွမ်းအင် ထုတ်လွှတ်မည့် စက်ရုံများသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် (၄.၈၉) ဘီလီယံ အသီးသီးဖြစ်ပြီး  C&G Environmental Protection (Thailand) Co နှင့် New Sky Energy (Thailand) Co တို့မှ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း Mr. Narit က ဖြည့်စွက် ဆွေးနွေးသည်။

 

True Internet Data Center Co ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် (၃.၅၉) ဘီလီယံဖြင့် ဆောက်လုပ်မည့် အချက်အလက် သိုမှီးရာစင်တာ (Data Center) ၊ Songcheng Holding (Thailand) Co. ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် (၉.၅၄) ဘီလီယံဖြင့် ဆောက်လုပ်မည့် ခရီးသွားအခြေခံ အဆောက်အအုံနှင့် ထိုင်းလေကြောင်းလိုင်း၏ ခရီးသည်ထိုင်ခုံ (၁,၆၇၀) ဝင်ဆံ့သော ခရီးသည်လေယာဉ် ဝယ်ယူမှုအတွက် ဘတ် (၉.၃၁) ဘီလီယံ တို့ကို ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

 

Source : Bangkok Post

Investment/Divestment Global News Read 289 times