ယွန်းဆော့ယောအစိုးရသစ် တောင်ကိုရီးယား E-7 ဗီဇာ မူဝါဒ အပြောင်းအလဲများ


16 June, 2022

ယွန်းဆော့ယောအစိုးရသစ် တောင်ကိုရီးယား E-7 ဗီဇာ မူဝါဒ အပြောင်းအလဲများ

နိုင်ငံခြားမှ ပိုမိုတတ်ကျွမ်းသော ကျွမ်းကျင်သက်‌ေမွးပညာရှင်များကို ဆွဲဆောင်နိုင်ရန် တောင်ကိုရီးယားအစိုးရက ၎င်း၏ ဗီဇာမူဝါဒကို ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ပါသည်။
လူဦးရေ ကျဆင်းမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို ပြန်လည်အားဖြည့်ရန် ရည်ရွယ်သည့် အရွေ့တစ်ခု ဖြစ်ပါသည်။
စီးပွားဘဏ္ဍာဝန်ကြီးဌာနမှ ကြာသပတေးနေ့ (ဇွန်လ ၁၆ ရက်)တွင် ထုတ်ဖော်ပြောကြားခဲ့သည့်  ထိုအ‌ရွေ့သည် သမ္မတ ယွန်းဆော့ယော အစိုးရသစ်၏ မူဝါဒ လမ်းညွှန်ချက်များ၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပါသည်။ 

အဆိုပါဝန်ကြီးဌာန၏ အဆိုအရ ပြည်ပ အထူးပြုတတ်ကျွမ်းသည့် သက်မွေးပညာရှင်များကို ထုတ်ပေးသော E-7 ဗီဇာ(Korea specific activity visa)ကို ခေတ်မီနည်းပညာနှင့် သိပ္ပံကဏ္ဍများမှ တတ်ကျွမ်းမှု မြင့်မားသော နိုင်ငံခြားလုပ်သားများ ပါဝင်အောင် ပြင်ဆင်ပြဋ္ဌာန်းမည် ဖြစ်သည်။

"လက်ရှိမှာ E-7 ဗီဇာက အလုပ်အကိုင် ၈၆ မျိုး အကျုံးဝင်ပါတယ်။ အဲဒီ အမျိုးအစား သတ်မှတ်ပုံကို ဆက်လက်ထိန်းသိမ်းထားပြီး အဆင့်မြင့် နည်းပညာ ကဏ္ဍအမျိူမျိုးတို့မှ သက်မွေးပညာရှင်များကိုပါ  E-7 ဗီဇာ ထုတ်ပေးမယ်" ဟု ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ခံက The Korea Times သတင်းဌာနကို ပြောကြားသည်။ 

ဗီဇာအတွက် သတ်မှတ်ချက်တွင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား ကုမ္ပဏီများတွင် လုပ်ကိုင်နေသော နိုင်ငံခြားသား ဝန်ထမ်းများအတွက် သီးသန့်ထုတ်ပြန် ပြဋ္ဌာန်းပေးထားသည့်  ဝင်ငွေအဆင့်အတန်းကို အစိုးရက လျှော့ချရန် စီစဉ်နေသည်။ သို့ဖြစ်ရာ အငယ်စား ကုမ္ပဏီများသည် အရည်အချင်း ပြည့်မီသော နိုင်ငံခြားအလုပ်သမားများကို ပိုမိုထိရောက်စွာ ငှားရမ်းနိုင်ကြမည်ဖြစ်သည်။

ဝင်ငွေအဆင့်အတန်း သတ်မှတ်ချက်သည် အငယ်စား ကုမ္ပဏီများအတွက် မြင့်မားလွန်းနေသည်။ ကြီးမားသည့် ကော်ပိုရေးရှင်းကြီးများကသာ ပေးနိုင်မည့် လစာအဆင့်အတန်း ဖြစ်နေသည်ဟူ၍ လက်ရှိဗီဇာစနစ်ကို မကြာခဏ ဝေဖန်မှုများ ရှိနေသည်။

ထို့အပြင် အစိုးရက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်နှင့် နိုင်ငံခြား ဝန်ထမ်းများကို ယင်းဒေသများတွင် အခြေချနေထိုင်ရန် တွန်းအားပေးရန် အထူးရည်ရွယ်ချက်များဖြင့် ဗီဇာအသစ်တစ်မျိုး ထုတ်ပေးရန် အစီအစဉ် ရှိသည်။
ဒေသတစ်ခုစီရှိ လုပ်ငန်းများနှင့် ပူးပေါင်း၍ ဒေသတွင်း တက္ကသိုလ်များနှင့် ကောလိပ်များတွင် ပညာသင်ကြားနေသော နိုင်ငံခြားကျောင်းသူကျောင်းသားများအား ဗီဇာထုတ်ပေးမည်ဖြစ်သည်။

အစိုးရသည် ပရော်ဖက်ရှင်နယ် မဟုတ်သော နိုင်ငံခြားအလုပ်သမားများအတွက် ဗီဇာခွဲတမ်း အရေအတွက်ကို ရေရှည်တွင် တိုးချဲ့ရန်လည်း ရည်မှန်းထားသည်။

ဗီဇာစနစ်၏ ပြောင်းလဲမှုများသည် အရည်အချင်းပြည့်မီသော နိုင်ငံခြားနိုင်ငံသား အလုပ်သမားများကို နိုင်ငံ၏ စီးပွားရေး လုပ်ကိုင်နေကြသော လူဦးရေထဲသို့ ရောက်လာအောင် ဆွဲဆောင်ခြင်းဖြင့် နိုင်ငံ၏ တိုးတက်မှု အလားအလာကို တွန်းအားဖြည့်ထည့်ပေးရန်ဖြစ်သည်။

ဗီဇာမူဝါဒအသစ်၏ အသေးစိတ်အချက်အလက်များကို  ဘဏ္ဍာရေးဝန်ကြီးဌာန၏ လူဦးရေဆိုင်ရာလုပ်ငန်းအဖွဲ့မှ ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ထုတ်ပြန်ကြေညာသွားရန် အစီအစဉ် ရှိပါသည်။ အစိုးရ၏ နိုင်ငံခြားနိုင်ငံသားများအတွက် ပြီးပြည့်စုံသောမူဝါဒများ ချမှတ်ခြင်းများနှင့်အတူ ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။
#MyanmarIndustryGuide

Labour Affairs Read 490 times