တရုတ် - မြန်မာ ကုန်သွယ်မှု လုံးဝနီးနီး ရပ်တန့်


06 October, 2021

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ တရုတ်−မြန်မာ နယ်စပ်လမ်းကြောင်းဖြစ်တဲ့ မူဆယ်မြို့ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ချင်းရွှေဟော်၊ ကြူကုတ် (ပန်ဆိုင်း) ဝန်တိန်ပေါက်၊ကျင်စန်းကျော့ အစရှိတဲ့နယ်စပ်ဂိတ်များအားလုံးကို ဒီကနေ့ အောက်တိုဘာလ ၆ ရက်နေ့ကစ ပိတ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။
တရုတ်−မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ ကျင်စန်းကျော့နှင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့မှာ တရုတ်ဖက်မှ တင်သွင်းတဲ့ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးပစ္စည်းများလွဲ၍ အခြား ကုန်ပစ္စည်းတွေကို တင်သွင်းခွင့်မရတော့ကြောင်း သိရပါတယ်။ ကြူကုတ် (ပန်ဆိုင်း) ဝမ်တိန်ပေါက် နှင့် ဆင်ဖြူပေါက်တို့ကို ပိတ်ထားပါတယ်။
မူဆယ်မြို့ မန့်ဝိန်းဂိတ်မှာတော့ ကျယ်ဂေါင်မှာ ပိတ်မိနေတဲ့ မြန်မာဘက် သွင်းမယ့် ကုန်ပစ္စည်းတွေ ကားတွေ ရှင်းထုတ်ဖို့ ညှိနှိုင်းနေတုန်းလို့ သိရပါတယ်။ မူဆယ်မြို့ နန်းတော်ဂိတ်မှာတော့ နှစ်နိုင်ငံ နိုင်ငံသား လွှဲပြောင်းမှုမှအပ တရုတ်မှ မြန်မာဘက်သို့ အထွက်ပဲ ရပြီး အဝင်မရဘူးလို့ သိရပါတယ်။
တရုတ်ပြည်ဘက်မှ မြန်မာဘက်သို့ ထွက်လာတဲ့ ပြည်တော်ပြန်များ နန်းတော်ဂိတ်မှ စက်တင်ဘာ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၄ ရက်နေ့ အထိ အမျိုးသား ၁၂၂၈ ယောက်နဲ့ အမျိုးသမီး ၁၀၀၃ ယောက် စုစုပေါင်း ၂၂၃၁ ယောက် ရှိနေပြီ ဖြစ်ပါတယ်။
မူဆယ်နယ်စပ်မှ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေရဲ့ ကုန်ပစ္စည်းတင်သွင်းမှုကို တရုတ်ဘက်ကနေ ဇူလိုင်လ ၈ ရက်နေ့မှာ စတင် ပိတ်လိုက်တာဖြစ်ပါတယ်။ မြန်မာ့ပို့ကုန်များ တင်ပို့နိုင်ရန် သြဂုတ်လ ၁၇ ရက်နေ့မှာ နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေက တွေ့ဆုံဆွေးနွေးကြပေမယ့် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိပါ။
တရုတ်နိုင်ငံဘက်မှ မြန်မာဘက်သို့ အားလုံး ပိတ်သွားပါပြီဖြစ်ကြောင်း သိရပါတယ်။ တရုတ် - မြန်မာ ကုန်သွယ်မှု လုံးဝနီးနီး ရပ်တန့်သွားနိုင်ကြောင်း သိရပါတယ်။

ရှမ်းသံလွင်

Export, Import Read 12438 times