မြန်မာ - တရုတ် နယ်စပ်တင်ပို့မှု ကွန်တိန်နာ လဲလှယ်စနစ်ကြောင့် တစ်ကြိမ်ကျပ်နှစ်သိန်း ကုန်ကျ


27 November, 2021

 ခြောက်လနီးပါးကြာ ပိတ်ထားသော မူဆယ်မြို့အနီးရှိ ကျင်စမ်းကျော့ ဂိတ်နှင့် ချင်းရွှေဟော်ဂိတ်များကို အစမ်းကာလအဖြစ် ပြန်လည်ဖွင့်လှစ်လိုက်ရာတွင် ကုန်ပစ္စည်းများကို ကွန်တိန်နာဖြင့် ထည့်သွင်းတင်ဆောင်ပြီး ကွန်တိန်နာ လဲလှယ်စနစ်ဖြင့် ကုန်သွယ်ရမည်ဖြစ်ရာ ယင်းအတွက် ကုန်ကျစရိတ် ကျပ် ၂ သိန်းဝန်းကျင် ကုန်ကျကြောင်း သိရသည်။
စမ်းသပ်ကာ စတင်သည့်ရက်တွင် တစ်နေ့လျှင် ကွန်တိန်နာ ၅ လုံးကိုသာ ကိုင်တွယ်ပေးကြောင်း သိရသည်။

တရုတ်သို့ ကုန်ပစ္စည်း တင်ပို့ရာတွင် ပထမဆုံးအဆင့်အနေဖြင့် ကျင်းစမ်းကျော့ဂိတ်ရှိ ကွန်တိန်နာ ဝင်းသို့ ဝင်ရောက်၍ ကားပေါ်ပါ ကုန်ပစ္စည်းများကို ကွန်တိန်နာအတွင်းသို့ ပြောင်းလဲ ထည့်သွင်းရမည် ဖြစ်သည်။ 

ကွန်တိန်နာအတွင်း ထည့်သွင်း၍ တရုတ်ပြည်သို့ ပို့ဆောင်ရန်အတွက်
ကွင်းဝင်ကြေး ကျပ် (၂၀,၀၀၀)၊
 ပိုးသတ်ခ ကျပ်(၂၀,၀၀၀)၊ 
ရှန်တိန်ခ ကျပ် (၁၀,၀၀၀)၊ 
ဆေးစစ်ခ ကျပ်(၁၀,၀၀၀)၊ 
စုစုပေါင်း ကျပ် (၆၀,၀၀၀) ကုန်ကျမည် ဖြစ်သည်။  
ကွန်တိန်နာ ငှားရမ်းခ တစ်ရက်လျှင် ယွမ်(၂၀၀)၊ 
ကွန်တိန်နာ အတင်အချ ယွမ်(၂၀၀)နှင့် 
ကွန်တိန်နာကို ကျင်စမ်းကျော့ဂိတ်အထိ သယ်ယူစရိတ် ယွမ်(၃၈၀၀) ကုန်ကျမည် ဖြစ်သည်။ 

ကျင်စမ်းကျော့ ခေါက်တိုကုန်ချိန်းများ ကားကွင်းနှင့် ကွန်တိန်နာ ငှားရမ်းမှုများအတွက် လုပ်ပိုင်ခွင့်ကို မန္တလေး အခြေစိုက် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ ပိုင်သော နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္မဏီနှင့် ဥရောပအာရှ ကော်မာရှယ်ကုမ္ပဏီတို့ ပူးပေါင်းသည့်  ရွှေလွယ်အင် ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားပါသည်။

 ကျင်စမ်းကျော့နယ်စပ်ဂိတ် စတင်ဖွင့်လှစ်သည့်နေ့တွင် မြန်မာဘက်က သီဟိုစေ့၊ ရာဘာနှင့် ဆန်ကွဲများကို ကွန်တိန်နာ ငါးလုံးဖြင့် တင်ပို့ခဲ့ပြီး တရုတ်ဘက်က ဆိုင်ကယ်အပိုပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းများ ကွန်တိန်နာ ငါးလုံးဖြင့် တင်ပို့ခဲ့ကြောင်း သိရပါသည်။

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
ကျင့်ဆန်းကျော့ဂိတ် စိုက်ပျိုးထုတ်ကုန် တင်ပို့ရေး အ‌ခြေအနေများနှင့် ကုန်ကျစရိတ်များ

 


 

Export, Import Read 5773 times